သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြန်လက်ခံရေးအပေါ် သဘောထားအမြင်


ရိုဟင်ဂျာ ဒုက္ခသည်များ

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးမှာ ဒုက္ခသည်တွေရဲ့ ဆန္ဒအလျောက်ပဲဖြစ်ရမယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီး Volker Turk က အင်္ဂါနေ့က သတိပေး ပြောကြားလိုက်သလို အခြေအနေတွေ လုံခြုံ စိတ်ချရမှုမရှိသေးပဲ ပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နိုဝင်ဘာလ (၁၅)ရက် ကြာသပတေးနေ့မှာ မြန်မာနိုင်ငံပြန်ပို့ရေး အစီအစဉ် စတင်တော့မယ့်အပေါ် သဘောထားအမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

အင်္ဂါနေ့က ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီး Volker Turk က ကမ္ဘာပေါ်မှာ နေရပ်ရင်းနိုင်ငံကနေ အတင်းအကျပ်မောင်းထုတ်ခံရမှုနဲ့ နိုင်ငံမဲ့ဖြစ်နေတဲ့ကိစ္စ ဆက်စပ်မှုမှာ ရိုဟင်ဂျာဒုက္ခသည်ပြဿနာဟာ အထင်ရှားဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ပြုမူဆက်ဆံပုံကိုကြည့်ရင် ဒီအချက်နှစ်ချက် ဆက်စပ်နေတယ်ဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးမှာ လွတ်လပ်မှုနဲ့ မှန်ကန်တဲ့သတင်းအချက်အလက်အပေါ်မှာ ရွေးချယ်ပိုင်ခွင့် စတဲ့ အချက်တွေပေါ်မှာ မူတည်ရမှာဖြစ်ကြောင်း Volker Turk ကပြောပါတယ်။

"ကျနော်တို့ ရပ်တည်ချက်က အရင်အတိုင်း မပြောင်းလဲပါဘူး။ ဒါကတော့ ဒုက္ခသည်တွေအနေနဲ့ သူတို့နေရပ်ရင်း မြန်မာနိုင်ငံကို ပြန်နိုင်ရေး သေချာတဲ့ အခါမှ ဌာနေပြန်ပို့ရေး အချိန်ရောက်လာပြီလို့ ဆိုရမှာပါ။ ဒီနေရာမှာ လွတ်လွတ်လပ်လပ်ပြန်နိုင်ခွင့်ရရမယ်၊ နောက် ရွေးချယ်ခွင့်ရှိရမယ်။ နေရပ်ပြန်ပို့တဲ့ ကိစ္စမှာ ဒုက္ခသည်တွေရဲ့ ဆန္ဒအလျောက်ဖြစ်ဖို့ အဓိကပါ။ ဒီလို ဆန္ဒနဲ့အညီ ပြန်နိုင်ဖို့ ကျနော်တို့ သေချာအောင် ဆောင်ရွက်ပေးရမှာပါ။"

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရ နိုဝင်ဘာလ (၁၅) ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်ပို့မယ့်အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေရဲ့ ဆန္ဒသဘောမပါပဲ အတင်းအကျပ်ပြန်ပို့မယ်ဆိုရင် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်တဲ့အတွက် နေရပ်ပြန်ရေး ကိစ္စကို နှစ်နိုင်ငံအစိုးရအနေနဲ့ ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet ကလည်း အင်္ဂါနေ့က သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ထင်ရှားတဲ့နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်တဲ့ AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲကြီးအနေနဲ့လည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာဘက်ခြမ်းမှာ အဆင်သင့်ဖြစ်နေတာ မတွေ့ရဘူးလို့ AI ရဲ့ အာရှပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme က အခုလို ဗွီအိုအေကို ပြောပါတယ်။

"ရိုဟင် ဒုက္ခသည်အတွက်နေရပ်ပြန်ရေး သင့်တော်တဲ့ အခြေအနေတွေ ဖြစ်မလာသေးပါဘူး။ မကြာသေးခင်ကပဲ ကုလသမဂ္ဂက ပြောထားတာရှိပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အခြေအနေဖြစ်ဖို့ဆိုရင် လုံခြုံမှုရှိရှိ ဂုဏ်သိက္ခာနဲ့အညီ ဆန္ဒအလျောက်ဖြစ်ရမယ်၊ နောက် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရမယ် ဆိုပြီး ကုလသမဂ္ဂပြောထားတာပါ။ ကျနော်တို့လည်း ဒီအချက်တွေအတိုင်းပဲ ထပ်ပြီးပြောချင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဒီလိုအခြေအနေတွေဖြစ်မလာသေးပါဘူး။"

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေအနေနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာ၊ သူတို့ ရွာတွေမီးရှို့ခံရတာ၊ အုပ်စုလိုက် အတင်းအဓမ္မကျင့်တာ စတဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတဲ့အတွက် လုံခြုံမှု အာမခံချက်မရှိပဲ နေရပ်ပြန်ဖို့ တွန့်ဆုတ်နေမှာဖြစ်တယ်လို့ ANU သြစတြေးလျ တက္ကသိုလ်ရဲ့ အာရှနဲ့ ပစိဖိတ်ဌာန လက်ထောက်ဌာနမှူး Nicolas Farrelly ကလည်း ဆိုပါတယ်။ ဒီအတွက် မြန်မာအစိုးရဘက်က အကာအကွယ်ပေးဖို့ လိုအပ်နေတယ်လို့ သူက ဗွီအိုအေကိုပြောပါတယ်။

"မြန်မာအစိုးရက အဲဒီဒေသမှာ ရိုဟင်ဂျာတွေအတွက် လုပ်ပေးနေတာတွေထဲက ရေတိုအတွက်ကြည့်မယ်ဆိုရင် လုံခြုံရေးနဲက ရေရှည်အတွက် ဘ၀တိုးတက်ကောင်းမွန်ရေးနဲ့ လူမှုခံစားခွင့်တွေကို ကြည့်ရင် အားနည်းချက်တွေရှိနေတယ်ဆိုတာကို သူတို့ မြင်နေကြတာကြောင့်ပါ။"

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အရင်က ဖိအားပေးခံခဲ့ရတဲ့ မြန်မာအစိုးရအနေနဲ့ အခု ဒုက္ခသည်တွေ ပြန်ပြီးလက်ခံတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာရဲ့ ဝေဖန်ထောက်ပြမှု၊ ကန့်ကွက်မှုအသစ်တွေ ထပ်ပြီးကြုံတွေ့လာရတဲ့ အနေအထားရှိနေတာတွေ့ရတယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

" မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေကိစ္စကို ဒီအပေါ်မှာ မြင်တဲ့အမြင်တွေက တော်တော်ကို ကွဲပြားတယ်။ မြန်မာနိုင်ငံအစိုးရက တမျိုး ဘင်္ဂလားဒေ့ရှ်က တမျိုး၊ နိုင်ငံတကာက တမျိုး နောက်တခါ မြန်မာနိုင်ငံပြည်သူတွေက တမျိုး မြင်နေကြပြီး မတူကြဘူးခင်ဗျ။ အဓိကတော့ မြန်မာနိုင်ငံအစိုးရပေါ့။ မြန်မာနိုင်ငံအစိုးရလည်း ဖိအားတွေကြောင့် လက်ခံဖို့ တစုံတရာအတိုင်းအတာအထိ လုပ်ရလိမ့်မယ်။ လုပ်တော့လည်း ဝေဖန်မှုတွေ ဆက်ရှိနေမှာပဲ။ မလုပ်လည်း၊ လုပ်လည်း ဆက်ရှိနေမှာပဲ။ ရောက်လာရင်လည်း ဒီကိစ္စအပေါ်မှာ တကမ္ဘာလုံးက အနုတ်သဘောပဲကြည့်ပြီး ဝေဖန်နေတော့ နောက်ထပ်အနုတ်သဘောအသစ်တွေဖြစ်လာဦးမှာပဲ။ ဒီအပေါ်မှာ လက်ရှိအစိုးရက အကြောင်းဆုံးအနေအထားတရပ်ကို ကြိုးစားပြီးတော့ ဆောင်ရွက်ရမှာလည်း ဖြစ်တယ်။ အဲဒီတော့ လက်ခံဖို့ကလည်း လက်ခံရလိမ့်မယ်။ လက်ခံပြီး ဖြစ်လာတဲ့ အသစ်ဝေဖန်မှုတွေကလည်း အစိုးရက ဆက်ပြီးတော့ ကိုင်တွယ်ရလိမ့်မယ်လို့ မြင်ပါတယ်။ "

စီစစ်ပြီးသား ရိုဟင်ဂျာဒုက္ခသည် နှစ်ထောင်ကျော် ပြန်ပို့ရေးအစီအစဉ်မှာ ပထမဆုံးအသုတ်အဖြစ် ဒုက္ခသည် ၂၀၀ နီးပါးကို ကြာသာပတေးနေ့မှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ မြန်မာဘက်ပြန်ပို့မှာဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ အသက်လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိနေသလို၊ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေနဲ့အညီ ပြန်ပြီး နေထိုင်ခွင့်ရဖို့ အတွက်လည်း နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ဒုက္ခသည်တွေက တောင်းဆိုထားပါတယ်။

တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ကြေညာချက်မှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ သဘောတူပေမယ့် ဒုက္ခသည်တွေကိုယ်တိုင် လိုလိုလားလား ဆန္ဒအလျောက် သူတို့ရဲ့ နေရပ်ရင်း၊ ဒါမှမဟုတ် သူတို့ သွားလိုတဲ့ နေရာကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာနဲ့ သူတို့ရဲ့ သဘောဆန္ဒနဲ့အညီ ပြန်ပို့နိုင်ရေး မရှိမဖြစ် လိုအပ်ကြောင်းနဲ့ အဲဒီအတွက်လည်း သက်ဆိုင်သူတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာပြန်လက်ခံရေးအပေါ် သဘောထားအမြင်
please wait

No media source currently available

0:00 0:05:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG