၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အန်ဒမန်ပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ထွက်ပြေးဖို့ ကြိုးစားရင်းနဲ့ သေဆုံးသွားတဲ့ ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာအရေအတွက်က ၂၀၁၄ ကတည်းကဆိုရင် အမြင့်မားဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အင်္ဂါနေ့က ပြောပါတယ်။
အဲဒီလို ပျော်ဆုံးနေတဲ့ရိုဟင်ဂျာ ၅၆၉ ယောက်အနက် အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကြပြီး ပင်လယ်ပြင်ဖြတ်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်က ၄,၅၀၀ နီးနီးရှိနေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ အခြားသတင်းမှာတော့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ ရပ်ရွာအသိုက်အဝန်းအတွက် ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာသန်း ၇၀၀ ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း တူရကီနိုင်ငံတော်ပိုင် အနာဒိုလု သတင်းဌာနက ဆိုပါတယ်။
၃၁၅ သန်းက ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ဖြစ်ပြီး ၃၈၅ သန်းက ကော့က်စ်ဘဇား ရပ်ရွာအသိုက်အဝန်းအတွက် မပြောပလောက်တဲ့ အတိုးနှုန်းနဲ့ချေးငွေအဖြစ် ပေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ပြောပါတယ်။ ကမ္ဘာ့ဘဏ် ဘင်္ဂလားဒေ့ရှ်ရုံး အကြီးအကဲနဲ့အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောခဲ့တာပါ။