သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေထဲက ပလပ်စတစ်စတွေ ဖယ်ပစ်ဖို့ ကြိုးစားသူ ၂၀၁၉ Google သိပ္ပံဆုရ


2019 Google Science Award Winner Fionn Ferreira (Credit Fionn Ferreira Facebook)
2019 Google Science Award Winner Fionn Ferreira (Credit Fionn Ferreira Facebook)

အိုင်ယာလန် ကျောင်းသားလေး Fionn Ferreira ရေထဲက ပလပ်စတစ် အပိုင်းအစေ တွေ ဖယ်ထုတ်စင်ဖို့ ကြိုးစားမှုအတွက် ၂၀၁၉ Google သိပ္ပံဆု ရသွားတဲ့ အကြောင်း ပြောပြ ပေးမှာပါ။

2019 Google Science Award Winner Fionn Ferreira
please wait

No media source currently available

0:00 0:07:10 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ်တော့ အိုင်ယာလန်နိုင်ငံက အသက် ၁၈ နှစ်အရွယ် ကျောင်းသားလေး Fionn Ferreira ရဲ့ ရေထဲက ပလပ်စတစ် အပိုင်းအစလေးတွေကို သံလိုက်နဲ့ ဖယ်ထုတ်သန့်စင်ဖို့ တီထွင်တဲ့ ကြိုးစားမှုအတွက် Google က ၂၀၁၉ ခုနှစ် Google သိပ္ပံဆုချီးမြှင့်လိုက်တဲ့ အကြောင်းကို ပြောပြပေးမှာပါ။

Google က Science Fair တွေ ကျင်းပပီး အသက် ၁၃ နှစ်ကနေ ၁၈ အရွယ် ကျောင်းသားတွေကို သိပ္ပံဆုအတွက် ဝင်ပြိုင်ခွင့်ပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင်မယ့် သူတွေဟာ သူတို့ရဲ့ စမ်းသပ်ချက် ပရိုဂျက်တွေ နဲ့ ရလဒ်တွေကို ပြိုင်ပွဲကြီးကြပ်သူ ဒိုင်တွေဆီ တင်သွင်းရပါတယ်။ အနိုင်ရသူကို ဒေါ်လာငွေ ၅ သောင်း ဆုချီးမြှင့်တာပါ။ ဒီပြိုင်ပွဲကို Lego, Virgin Galactic, National Geographic နဲ့ Scientific American အဖွဲ့တွေက အထောက်အပံ့ အကူအညီ တွေ ပေးပါတယ်။ နိုင်ငံတကာက ပြိုင်ပွဲဝင်သူတွေထဲက တရာကို ကနဦး ရွေးချယ်ခဲ့ကြပြီး အဲဒီထဲကမှ ဇကာတင် ၂၄ ယောက်ကို ပြန်လည် ရွေးချယ်ခဲ့ကြတာပါ။

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် Mountain View က Google နိုင်ငံတကာ ဌာနချုပ်မှာ ဇူလိုင်လ ၂၉ ရက်နေ့က ဆုချီးမြှင့်ပွဲမှာ ၂၀၁၉ အတွက် Google ရဲ့ ဒေါ်လာ ၅ သောင်းဆုကြီးကို ရသွားသူကတော့ အိုင်ယာလန်ကျောင်းသား Fionn Ferreira ဖြစ်ပါတယ်။

ရေထဲက ပလပ်စတစ် အစအနလေးတွေကို သံလိုက်တွေသုံးပြီး ဖယ်ထုတ်လို့ရတဲ့နည်းကို သူကထွင်ခဲ့တာပါ။ Fionn ဟာ စူးစမ်းဖော်ထုတ်တတ် တဲ့ စရိုက်သဘာဝကို လက်တွေ့ အကောင်အထည် ဖော်ခဲ့တယ်လို့ ဆုချီးမြှင့်ခဲ့တဲ့ ဒိုင်တွေကပြောပါတယ်။ သူကတော့ သူ့ရဲ့ စမ်းသပ်မှုတွေဟာ ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ရမို့ စိတ်ချမ်းသာတယ်လို့ ပြောပါတယ်။

Fionn Ferreira။ ။“ကျနော်က သိပ်ခေါင်လွန်းတဲ့နေရာမှာ နေတာမို့ အားလုံးကို ကိုယ့်ဖာသာ လုပ်ယူရ ပါတယ်။ ကျနော်တီထွင်ထားတာကို စမ်းသပ်ချင်ရင် ရောင်ချည်တိုင်းကိရိယာတို့ အနုကြည့်မှန်ပြောင်းတို့လို စမ်းသပ်တဲ့ ပစ္စည်းကရိယာတွေကို ကိုယ့်ဖာသာ လုပ်ရပါတယ်။ ကျနော်နေတဲ့နေရမှာ ရနိုင်တာတွေနဲ့ အကုန်လုံးကို လုပ်ယူရတာက ပျော်စရာကောင်းပါတယ်။”

Fionn Ferreira ဟာ အိုင်ယာလန် West Cork ဒေသက Ballydehob ကမ်းရိုးတန်းမြို့ကလေးမှာ နေထိုင်သူ ဖြစ်ပါတယ်။ အိုင်ယာလန်က The Journal.ie စာစောင်မှာ သူဆုရရှိတဲ့ အကြောင်း သတင်းဆောင်းပါးနဲ့အတူ သူဆုရခဲ့တဲ့ ပရောဂျက်နဲ့ ပတ်သက်တဲ့ ဗီဒီယိုကိုပါ ဖေါ်ပြထားပါတယ်။

Fionn Ferreir။ ။ “အတ္တလန်တစ်သမုဒ္ဒရာ အစွန်းမှာ ရှိတဲ့ သိပ်လှပတဲ့ West Cork ကျွန်းတွေရှိတဲ့နေရာက ကျနော်နေတဲ့ နေရာပါ။ အဲဒီက ကမ်းခြေတွေမှာ တွေ့ရတဲ့ အကြီးဆုံး ပြဿနာက ပလပ်စတစ် အပိုင်းအစတွေ တော်တော်များများ သောင်တင်လာတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီအထဲက အဆိုးဆုံးက အချင်း ၂ စင်တီမီတာ အောက် ငယ်တဲ့ သိပ်သေးတဲ့ ပလပ်စတစ် အစအနလေးတွေရဲ့ ပြဿနာပါ။ ကျနော့်ရဲ့ ပရောဂျက်က ဒီပလပ်စတစ် အစအနလေးတွေကို ထုတ်လုပ်တဲ့ နေရာကစပြီး ရေမြောင်းတွေထဲနဲ့ သဘာဝဝန်းကျင်ထဲ ရောက်သွားချိန်အထိ သူတို့ကို ဘယ်လို ဖယ်ထုတ်ပစ်နိုင်မလဲ ဆိုတာ စူးစမ်းဖို့ဖြစ်ပါတယ်။”

သူဟာ ပထမဆုံး သိပ္ပံပညာရှင်တွေ ဘယ်လို စဉ်းစားလုပ်ကိုင်ကြတယ် ဆိုတာကို လိုက်ပြီးရှာဖွေပါတယ်။ အဲဒီထဲမှာ ပင်လယ်ပြင်ထဲ ရေနံယိုဖိတ်မှု ပြဿနာကို ဖြေရှင်းဖို့ သံလိုက်မှုန်ကလေးတွေ အသုံးပြုတဲ့နည်းကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဒီနည်းနဲ့ ရေထဲက ပလပ်စတစ် အစနလေးတွေကို ဖယ်ပစ်ဖို့ စိတ်ကူးခဲ့ပါတယ်တဲ့။ ဒါကြောင့် သံလိုက်မှုန်တွေကို ဆီနဲ့ရောပြီး ferrofluid လို့ခေါ်တဲ့ သံဓါတ်ပါတဲ့အရည် အဖြစ်ဖျော်ပြီး ရေထဲမှာရှိနေတဲ့ ပလပ်စတစ် အစနလေးတွေကို ဖယ်ပစ်ဖို့ ကြိုးစားခဲ့တာပါတဲ့။

Fionn Ferreir ။ ။“ပထမဆုံး စမ်းသပ်ကြည့်တဲ့အခါ ဒါဟာဖြစ်နိုင်တယ် ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် ဆက်ပြီး ရေထဲမှာ ရှိနေတဲ့ ပလပ်စတစ်အစနတွေကို ဖယ်ထုတ်နိုင်ဖို့ ဒီဇိုင်းဆွဲခဲ့တာပါ။ ဒါကို စမ်းသပ်ဖို့အတွက် ပလပ်စတစ် အမျိုးအစား ဆယ်မျိုးကို ရွေးပါတယ်။ ဒီပလပ်စတစ်တွေကို စမ်းသပ်မှု တထောင်ကျော် လုပ်ခဲ့ပြီး ဖယ်ထုတ်မှု အကြိမ် ၂၀၀ ကျော် လုပ်ခဲ့ပါတယ်။ ဒီရေထဲမှာမျောနေတဲ့ ပလပ်စတစ်အမှုန်ကလေးတွေ၊ ပမာဏ ဘယ်လောက် ပါနေတယ် ဆိုတာကို တိုင်းဖို့ အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ မြင်နိုင်တဲ့ ရောင်စဉ်တိုင်းကရိယာကို သုံးတဲ့အပြင် ဒစ်ဂျစ်တယ် အနုကြည့်မှန်ပြောင်းတွေ၊ ကွန်ပြူတာ နည်းစံနစ်တွေကိုပါ သုံးပါတယ်။ စမ်းသပ်မှုတွေ အတော်များများလုပ်တဲ့အခါ အချက်အလက်တွေ တလှေကြီး ရလာတာပါ။ ပရောဂျက် အစမှာပဲ ဒီနည်းဟာ ရေထဲက ပလပ်စတစ် အစအန ၈၅ % လောက်ကို ဖယ်ပစ်နိုင်မယ်ဆိုတဲ့ သီအိုရီကို ရပါတယ်။

ဒီ တွက်ဆချက် အတိုင်း ဆက်စမ်းသပ်တဲ့အခါ သံလိုက်မှုန်ကို ဆီနဲ့ ရောသုံးတာဟာ ပိုထိရောက်မှု ရှိတာ တွေ့ရတဲ့အတွက် နောင်မှာ ဆီနဲ့ ရောသုံးတဲ့ စမ်းသပ်မှုတွေကို တိုးပြီးလုပ်မှာ ဖြစ်ပါတယ်။ နိဂုံးချုပ် ရရင် ဒီနည်းဟာ ပလစ်စတစ် အစအနလေးတွေကို ရေထဲကနေ ဖယ်ရှားဖို့ အထိရောက်ဆုံး နည်းဖြစ်နိုင်တယ် ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် ဒါကို ဓါတ်ခွဲခန်း စမ်းသပ်မှုကနေ စက်မှု လုပ်ငန်းတွေမှာ အထိ ဘယ်လိုသုံးနိုင်မယ်ဆိုတာကို စဉ်းစားပြီး စမ်းသပ်မှုတွေ လုပ်သွားမှာပါ။”

သူဟာ ferrofluid လို့ခေါ်တဲ့ ဆီနဲ့ရောထားတဲ့ သံလိုက်မှုန်တွေကို သုံးပြီး ပလပ်စတစ်တွေကို စုယူသလို အဲဒီလို စုထားတာကို သံလိုက်နဲ့ဆွဲယူ ဖယ်ထုတ်ပြီး ရေကို သန့်စင်တာ ဖြစ်ပါတယ်။

Microplastic မိုက်ခိရိုပလပ်စတစ် လို့ခေါ်တဲ့ ပလပ်စတစ် အစအနလေးတွေဟာ အရွယ်အစားအားဖြင့် အရှည် ၅ မီလီ်မီတာ ဒါမှမဟုတ် ဒီ့ထက် သေးငယ်တဲ့ အရွယ်ရှိပါတယ်။ ဒီ မိုက်ခရို ပလပ်စတစ် အပိုင်းအစ ဒါမှမဟုတ် ပလပ်စတစ်လုံးလေးတွေဟာ သိပ်သေးငယ်တဲ့အတွက် ရေစစ်တဲ့အခါ ဒါမှမဟုတ် ရေဆိုးသန့်စင်တဲ့ အဆင့်တွေမှာ စစ်လို့ မရပဲပါသွားတတ်ပါတယ်။

သူတို့ကို ဆပ်ပြာအတုံးတွေ၊ အရည်တွေထဲမှာ ထည့်လေ့ရှိသလို မျက်နှာသန့်စင်တဲ့ ဆေးတွေ လက်ဆေးရည်တွေမှာလည်း ထည့်သွင်းလေ့ရှိပါတယ်။ ပလစ်စတစ်ပါတဲ့ အမျှင်တွေနဲ့ ယက်ထားတဲ့ အဝတ်အထည်တွေကို လျှော်ဖွတ်တဲ့ အခါမှာလည်း မိုက်ခရိုပလပ်စတစ်တွေ ထွက်လာတတ်ပါတယ်။ ဒါကြောင့် သူတို့ပါနေတဲ့ ပစ္စည်းတွေကို လူတွေသုံးစွဲတဲ့ အခါ စွန့်ပစ် ရေမြောင်းတွေ ကနေ တဆင့် မြစ်ချောင်း အင်းအိုင်နဲ့ ပင်လယ် သမုဒ္ဒရာတွေထဲ ရောက်သွားလေ့ ရှိတာပါ။

ဒီအခါမှာ ငါးနဲ့ တခြား ရေသတ္တဝါငယ်လေးတွေဟာ အစားအစားနဲ့ မှားပြီး စားပစ်ရာကနေ တဆင့် သူတို့ကို စားသုံးတဲ့ ငါးကြီးတွေ ဆီရောက်သွားတတ်သလို ငါးကို စားတဲ့ လူအပါအဝင် သတ္တဝါတွေမှာပါ သက်ရောက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

သူ့ရဲ့ နည်းဟာ အဝတ်လျှော်စက်ကနေ ထွက်လာတဲ့ ရေဆိုးထဲမှာ ပါနေတဲ့ မိုက်ခရို ပလပ်စတစ်တွေနဲ့ polypropylene ပလပ်စတစ်တွေကို ဖယ်ထုတ်ရာမှာ ထိရောက်မှု ရှိတယ်လို့လည်း Fionn Ferreira က ပြောပါတယ်။ သူရဲ့ နည်းကို စက်မှုလုပ်ငန်းသုံး အဖြစ် တဆင့်တိုးပြီး လုပ်ဖို့လည်း သူစဉ်းစား နေတာ ဖြစ်ပါတယ်။

Ferreira က Schull ဒေသကောလိပ်မှာ မကြသေးခင်ကပဲ စာမေးပွဲ ဖြေဆိုခဲ့တာ ဖြစ်ပြီး Netherlands မှာ တက္ကသိုလ် ဆက်တက်ဖို့လုပ်နေပါတယ်။ ဆယ်ကျော်သက်တဦး ဖြစ်တဲ့ Ferreira ဟာ Schull ရှောင်းလ် နက္ခတ္တဗေဒ ပြတိုက်မှာ ပြတိုက်မှုးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး သူဟာ သိပ္ပံပြိုင်ပွဲ ပေါင်း ၁၂ ခုမှာ ဆုရထားသူဖြစ်သလို trumpet (လေမှုတ်တူရိယာ) နဲ့ တီးဝိုင်းကြီးတွေမှာ ပါဝင် ဖျော်ဖြေနိုင်သူလည်း ဖြစ်ပါတယ်။ သူဟာ ဘာသာစကား ၃ မျိုးကို လည်း ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သလို အမေရိကန်ကာကွယ်ရေးဌာနရဲ့ သုတေသန စမ်းသပ်မှုဌာန တခုဖြစ်တဲ့ MIT Massachusetts စက်မှုတက္ကသိုလ် Lincoln ဓါတ်ခွဲခန်းကလည်း ဂြိုဟ်သေးလေး တလုံးကို သူ့နံမယ် ပေးထားတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG