သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အထူးကိုယ်စားလှယ် မြန်မာခရီးစဉ်မှာ သက်ဆိုင်သူတွေနဲ့တွေ့ဖို့ NUG တိုက်တွန်း


တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Sun Guoxiang.
တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Sun Guoxiang.

(Zawgyi / Unicode)

တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Sun Guoxiang ရဲ့ အခုတခေါက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်တွေသာမက တခြား နိုင်ငံရေးအင်အားစုတွေနဲ့ပါ တွေ့ဆုံဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ် ရောက်လာမယ့် တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမယ့်အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုထားတာပါ။ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ တရုတ်နိုင်ငံတို့ မကြာခင် ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိနေချိန်မှာ ရောက်နေတဲ့ တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးကို ကိုဝင်းမင်းက မေးရာမှာ အခုလို စရှင်းပြပါတယ်။

ဦးမိုးဇော်ဦး - “ဒီလအကုန်လောက်မှာ အာဆီယံနဲ့ တရုတ်နဲ့ Summit ရှိတယ်။ ဒီ Summit မှာ မြန်မာပြည်ကတက်မယ့် ကိုယ်စားလှယ်ကိစ္စလည်း ပါတယ်လို့ သိရတယ်။ နောက်တခုက နယ်စပ်ကုန်သွယ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမယ်ဆိုတဲ့ အကြောင်းလည်း ကျနော်တို့ ကြားရပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်က အထူးကိုယ်စားလှယ် လာရောက်ပြီးတော့ ဆွေးနွေးတဲ့အခါမှာ မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ လိုမယ်လို့ ထင်ပါတယ်။ နောက်တခုက တကယ့် မြန်မာပြည်ရဲ့ ကိုယ်စားပြုမှုပေါ့၊ ကျနော်တို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။ မြန်မာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားတယ်ဆိုရင် သက်ဆိုင်သူ အားလုံးနဲ့လည်း ထိတွေ့ ဆက်ဆံ ပြောဆိုဖို့ လိုမယ်လို့ ယူဆပါတယ်။”

ကိုဝင်းမင်း - အခုလောလောဆယ်မှာ တရုတ်ဘက်ကနေပြီးတော့ ဆွေးနွေးလာမှုတွေ ဘယ်လောက်အထိ ရှိထားလဲ။

ဦးမိုးဇော်ဦး - “ကျနော်တို့အစိုးရကို တိုက်ရိုက်ဆွေးနွေး တွေ့ဆုံတာမျိုးတော့ အခုထိတော့ မရှိပါဘူး။ တဆင့်ကြားတာ၊ တဆင့် သတင်းစကားတွေ ရတာတွေတော့ ရှိပါတယ်။”

ကိုဝင်းမင်း - အခုခရီးစဉ်ကရော ဘာတွေဖြစ်လာမယ်လို့ မျှော်လင့်နိုင်မလဲ။

ဦးမိုးဇော်ဦး - “မစ္စတာ Sun Guoxiang ပြီးခဲ့တဲ့တခေါက် သြဂုတ်လတုန်းက လာရောက်ခဲ့တာကိုလည်း ကျနော်တို့သိတယ်။ အဲဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ တရုတ်ဘက်က သတင်းထုတ်ပြန်တော့မှပဲ ကျနော်တို့က သိရတယ်။ ဒါပေမယ့် ဒီဘက် စစ်ကောင်စီဘက်က ဒါနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာကို ကျနော်တို့ မကြားမိဘူးပေါ့။ ကျနော်တို့ကြားတဲ့ သတင်းတွေအရ ဆိုရင်တော့ ဆွေးနွေးပွဲက သိပ်ပြီးတော့ အဆင်မပြေခဲ့ဘူးပေါ့။ တရုတ်အနေနဲ့လည်း သူတို့လိုချင်တဲ့ ရလဒ်တွေကို မရခဲ့ဘူး ဆိုပြီးတော့ ကြားရတယ်။ ဒီတခေါက် ထပ်လာတဲ့အခါမှာ ဘာတွေထူးခြားမလဲ၊ ဘာတွေထပ်ပြီးတော့ သဘောတူညီမှုတွေ ရမလဲပေါ့၊ ကျနော်တို့ စောင့်ကြည့်နေပါတယ်။ အခု ဒီခရီးစဉ်က ဘာပဲဖြစ်ဖြစ် မြန်မာပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် ရည်ရွယ်တယ်ဆိုရင်တော့ သက်ဆိုင်သူတွေ အားလုံးနဲ့ ထိတွေ့ပြီး တွေ့ဆုံနိုင်ခွင့်ရဖို့ ကြိုးစားသင့်တယ်။”

ကိုဝင်းမင်း - မကြာခင်မှာလည်း ထိုင်းဒုဝန်ကြီးချုပ် လာဖို့ရှိတယ်လို့ ကြားပါတယ်။

ဦးမိုးဇော်ဦး - “ဟုတ်ကဲ့၊ ထိုင်းဒုဝန်ကြီးချုပ် လာမယ်ဆိုတဲ့သတင်းလည်း ကျနော်တို့ ကြားမိပါတယ်။ နောက်တခါ ဂျပန်ရဲ့ မစ္စတာ ဆာဆာကာဝါလည်း လာရောက်တယ်ပေါ့။ အခုရက်ပိုင်းအတွင်းမှာ အခုလိုပဲ တရုတ်ရော၊ ဂျပန်ရော၊ ထိုင်းရော ကိုယ်စားလှယ်တွေ လာရောက်တယ်ဆိုတာ ထူးခြားမှုတခုခုတော့ ရှိမယ်။”

ကိုဝင်းမင်း - ထိုင်းဒုဝန်ကြီးချုပ် အဓိက ဘာပြောမယ်လို့ ကြားထားလဲ။

ဦးမိုးဇော်ဦး - “လာတဲ့အခါမှာ AstraZeneca ကာကွယ်ဆေးတွေ လှူဒါန်းမယ်ဆိုတဲ့ ကိစ္စတော့ ကြားမိပါတယ်။ တခြားကိစ္စတော့ ဘာအကြောင်းရှိလဲဆိုတာ သေချာ မကြားမိသေးပါဘူး။”

ကိုဝင်းမင်း - အခု တရုတ်-အာဆီယံ အစည်းမဝေး မတိုင်ခင် ဖြစ်လာတဲ့အတွက် အာဆီယံအနေနဲ့ သတင်းစကားပါးဖို့ရော ဖြစ်ဖို့အလားအလာရှိလား။

ဦးမိုးဇော်ဦး - အာဆီယံအနေနဲ့ကတော့ အခုက ကမ္ဘောဒီးယားက ခေါင်းဆောင်မှုကို လွှဲပြောင်း ရယူလိုက်ပြီ။ အခု ဒီအစည်းအဝေးဆိုရင်လည်း ကမ္ဘောဒီးယားရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်တယ်လို့ သိရပါတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ ပြောချင်တာက ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာလည်း စကစခေါင်းဆောင်ကို ဖိတ်ကြားမှု မရှိခဲ့ဘူး။ အဓိက အကြောင်းရင်းကတော့ အာဆီယံရဲ့ အချက် ၅ ချက်ပါတဲ့ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်းခဲ့တာ ရှိတယ်။ နောက်တခါ ကျနော်တို့ကိုယ်တိုင်ကလည်း NUG အနေနဲ့က အာဆီယံအစည်းအဝေး ဆိုတဲ့ဟာက တကယ့် နိုင်ငံကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေပဲ တက်ခွင့်ရတာ ဖြစ်တဲ့အတွက် ကျနော်တို့အစိုးရရဲ့ ခေါင်းဆောင်ပဲ တက်ခွင့်ရှိတယ် ဆိုပြီးတော့ စာပေးပို့ပြီး တောင်းဆိုခဲ့တာ ရှိပါတယ်။ အခုလည်း ကျနော် ထပ်ပြီးတော့ ဒါကို ပြောချင်ပါတယ်။ အခု လက်ရှိ လာမယ့် အာဆီယံရဲ့ အစည်းအဝေးတွေ၊ တရုတ်နဲ့ပဲဖြစ်ဖြစ် တခြား ဘယ်နိုင်ငံနဲ့ပဲဖြစ်ဖြစ်ပေါ့၊ တိုင်းပြည်ကို တကယ်ကိုယ်စားပြုတဲ့ ကျနော်တို့ NUG အစိုးရရဲ့ ခေါင်းဆောင်တွေကိုပဲ ဖိတ်ကြားသင့်ပါတယ်။ ဒီလိုဖိတ်ကြားမှလည်း တကယ့် တိုင်းပြည်ကို ကိုယ်စားပြုမှု အပြင်ကို တကယ့် တိုင်းပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် ဆွေးနွေးနိုင်မယ်လို့ ယုံကြည်ပါတယ်။”

ကိုဝင်းမင်း - ဒီနေရာမှာ ကိုဗစ်ဆေး AstraZeneca ကာကွယ်ဆေး ကူညီမယ့်အပိုင်း၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စကို အခု အမေရိကန် ဝါရင့်သံတမန်ဟောင်း Bill Richardson လာကတည်းက စလိုက်တာ အခု ဂျပန် ငြိမ်းချမ်းရေးဆိုင်ရာ အထူးသံတမန်ပေါ့ မြန်မာနိုင်ငံအတွက်၊ ဆာဆာကာဝါကလည်း ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့ ကြားတဲ့အခါကြတော့ အဲဒီအပေါ်မှာရော ဘယ်လိုသုံးသပ်မိလဲ။

ဦးမိုးဇော်ဦး - “နိုင်ငံတကာ အနေနဲ့ကတော့ မြန်မာပြည်သူပြည်သားတွေရဲ့ လူသားချင်းစာနာမှု အကူအညီနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ နည်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်နေတာ ရှိပါတယ်။ ကျနော်တို့အစိုးရနဲ့လည်း ညှိနှိုင်း ဆွေးနွေးမှုတွေ တိုင်ပင်မှုတွေလည်း တဖက်က ရှိနေပါတယ်။ ကျနော်တို့အနေနဲ့ကတော့ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု ကိစ္စတွေ ဆိုတာက အားလုံးဝိုင်းဝန်းပြီးတော့မှ ဆောင်ရွက်မှ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာရဲ့ ဆောင်ရွက်မှုတွေကို ကျနော်တို့က အများကြီး လိုက်လျောပြီး သဘောတူခဲ့တာတွေ ရှိပါတယ်။ အဲဒီတော့ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းကို တတိုင်းပြည်လုံးကို ဖြစ်စေချင်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စကစဘက်ကလည်း ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဦးမိုးဇော်ဦးခင်ဗျ။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)











ဦးမိုးဇောျဦး - “လာတဲ့အခါမှာ AstraZeneca ကာကှယျဆေးတှေ လှူဒါနျးမယျဆိုတဲ့ ကိစ်စတော့ ကွားမိပါတယျ။ တခွားကိစ်စတော့ ဘာအကွောငျးရှိလဲဆိုတာ သခြော မကွားမိသေးပါဘူး။”






XS
SM
MD
LG