သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဆီးရီးယားဆိုက်ရောက်


ဆီးရီးယားသမ္မတ Bashar al-Assad (ယာ) က ဧည့်သည်တော် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan ကို ဆီးရီးယားနိုင်ငံ၊ မြို့တော်ဒမတ်စကတ်မှာ တွေ့ဆုံနှုတ်ဆက်စဉ်။ (ဧပြီ ၁၈၊ ၂၀၂၃)
ဆီးရီးယားသမ္မတ Bashar al-Assad (ယာ) က ဧည့်သည်တော် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan ကို ဆီးရီးယားနိုင်ငံ၊ မြို့တော်ဒမတ်စကတ်မှာ တွေ့ဆုံနှုတ်ဆက်စဉ်။ (ဧပြီ ၁၈၊ ၂၀၂၃)


ဧပြီ ၁၈၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ဆော်ဒီအာရေဗျနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ် ဘင် ဖာရန် ဟာ အင်္ဂါနေ့က ဆီးရီးယားနိုင်ငံမြို့တော်ကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်တခုကျော်အတွင်းမှာ ဆော်ဒီအစိုးရအရာရှိတဦး ဆီးရီးယားနိုင်ငံကို ပထမဆုံးသွားတဲ့ တရားဝင်ခရီးစဉ် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် စတင်ပြီးကတည်းက ဆော်ဒီက ဆီးရီးယားနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ထားတာပါ။

ဆော်ဒီဝန်ကြီး မင်းသားဖိုင်ဆယ်ရဲ့ အခုခရီးစဉ်အတွင်း ဒမတ်စကတ်မှာ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေပြုလုပ်မှာဖြစ်ပြီး အဲဒါမတိုင်မီ ဆီးရီးယားသမ္မတ ဘာရှာအာဆတ်နဲ့လည်း တွေ့ဆုံ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ အရင်အပတ်က ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်မက်ဒက်ရဲ့ ဆော်ဒီခရီးစဉ်အပြီးမှာ အခုလို ဆော်ဒီမင်းသားဖိုင်ဆယ်ရဲ့ ဆီးရီးယားခရီး ဖြစ်လာခဲ့တာပါ။ နှစ်နိုင်ငံ ကောင်စစ်ဝန်ရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့နဲ့ လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ဖို့ ဦးတည်လုပ်ဆောင်နေကြောင်း အရင်အပတ်က ထုတ်ဖော် ပြောဆိုထားပါတယ်။

နောက်ပိုင်းမှာ ပြည်တွင်းစစ်အထိဖြစ်လာခဲ့တဲ့ ၂၀၁၁ ခုနှစ် ဆီးရီးယားလူထုအုံကြွမှုမှာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့ ဆီးရီးယားရဲ့ အာဆတ်အစိုးရကို အာရပ်နိုင်ငံတွေက အဲဒီကတည်းက အဆက်အဆံမလုပ်ဘဲ ဖယ်ကျဉ်ထားတာပါ။ အာရပ်နိုင်ငံများအဖွဲ့ချုပ်ကနေ ဆီးရီးယားကို ထုတ်ပယ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အာရပ်နိုင်ငံတွေနဲ့ ဆီးရီးယား ကြား ဆက်ဆံရေးက အဆုံးစွန်အထိ ပျက်ပြားသွားခဲ့ပါတယ်။

ဒါပေမယ့် အခုနှစ်ပိုင်းတွေထဲမှာ အာဆတ်အစိုးရက ဆီးရီးယားရဲ့ နေရာအများစုကို စုစည်းထိန်းချုပ်ထားနိုင်နေလို့ အိမ်နီးချင်းနိုင်ငံတွေဟာ အာဆတ်အစိုးရနဲ့ ပြန်ပေါင်းထုပ်မယ့် ခြေလှမ်းတွေ စတင်လာပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က တူရကီနဲ့ဆီးရီးယားမှာ လှုပ်ခတ်ခဲ့တဲ့ ဧရာမငလျင်ကြီးကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လိုလာတာကလည်း အာဆတ်အစိုးရနဲ့ ပြန်လည်ဆက်ဆံဖို့အတွက် တွန်းအားတွေဖြစ်စေခဲ့ပါတယ်။ ဒါ့ပြင် ဆီးရီးယားပဋိပက္ခမှာ ဆန့်ကျင်ဘက်အင်အားစုတွေကို ကျောထောက်နောက်ခံပြုပေးထားတဲ့ ဆော်ဒီအာရေးဗီးယားနဲ့ အီရန်နိုင်ငံတွေကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့လို့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့ပြီးနောက်ပိုင်းမှာလည်း အာဆတ်အစိုးရနဲ့ ပြန်လည် ဆက်ဆံရေးက အရှိန်အဟုန်မြင့်လာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG