သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း တရားဝင် အထောက်အထားလုပ်ဖို့ သတ်မှတ်ရက် ကုန်ဆုံးတော့မည်


ထိုင်းနိုင်ငံတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့။
ထိုင်းနိုင်ငံတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့။

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး တရားဝင် အထောက်အထား လက်မှတ်တွေလုပ်ဖို့ စာရင်းပေးသွင်းကြဖို့ နှိုးဆော်နေသလို ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဖမ်းမိတဲ့ အထောက်အထားမဲ့တွေကို နေရပ်ပြန်ပို့တော့မှာဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင် အထောက်အထားမဲ့ နေထိုင်သူတွေကို တရားဝင် အထောက်အထားလက်မှတ်လုပ်ဖို့ စာရင်းပေးသွင်းရမယ့် ရက်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီရက်မကုန်ဆုံးခင် အထောက်အထား လက်မှတ်တွေလုပ်ဖို့ ထိုင်းအစိုးရကလည်း နှိုးဆော်နေသလို အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကလည်း တိုက်တွန်း နှိုးဆော်နေပါတယ်။

နိုဝင်ဘာလ ၃၀ ရက် ပြီးတာနဲ့ ဖမ်းမိသူ ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ရင်းကို ပြန်ပို့တာတွေ၊ အရေးယူတာတွေ လုပ်မှာဖြစ်တယ်လို့ ထိုင်းအစိုးရက သတိပေးထားကြောင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“ဒီ နိုဝင်ဘာလ ၃၀ ရက်နေ့ကုန်တာနဲ့ နောက်ပိုင်းမှာ တရားမဝင်တဲ့သူတွေကို တွေ့ရှိရင် အရေးယူမယ်၊ လုပ်ငန်းခွင်မှာ တွေ့တယ်ဆိုရင် တရားမဝင် အလုပ်လုပ်နေတဲ့ အမှုပေါ့၊ အလုပ်လုပ်ခွင့်မရှိဘဲ လုပ်နေတဲ့အမှုပေါ့။ အဲဒီလိုမဟုတ်ရင် ကိုဗစ်ဥပဒေကို ချိုးဖောက်တဲ့အမှု အဲဒါနဲ့လည်း အရေးယူနိုင်တယ်။ လဝကနဲ့ ပတ်သက်ရင်လည်း မိတဲ့သူတွေက ဘာမှမရှိဘူး ဆိုရင်လည်း တရားမဝင်ပုံစံနဲ့ မိရင်လည်း တမျိုးပေါ့။ ဒါမှမဟုတ် အရင်က ကိုင်ထားတဲ့ အထောက်အထားတွေ သက်တမ်းကုန်နေတာတွေ ရှိရင် အဲဒါတွေနဲ့ ပေါင်းပြီး အရေးယူခံရမယ်လေ။”

ထိုင်နိုင်ငံထဲက အထောက်အထားမဲ့တွေကို ကိုဗစ်ကပ်ဘေးကာလမှာ တရားဝင် အထောက်အထား လက်မှတ်တွေကို ထိုင်းအစိုးရက ၂ ကြိမ် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး တရားဝင် အလုပ်လုပ်ကြဖို့ တိုက်တွန်းနေတာပါ။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံအနေနဲ့ နိုဝင်ဘာလအတွင်းမှာ ထိုင်း-မြန်မာနယ်စပ်တွေ အပါအဝင် နယ်စပ်တွေကနေ အထောက်အထားမဲ့တွေ ၉,၀၀၀ ထက်မနည်း ဝင်ရောက်လာတဲ့အတွက် နယ်စပ်ကင်းလှည့်တာတွေ စစ်ဆေးရေးဂိတ် ချထားတာတွေကို လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ အချိန်တိုးမြှင့် သတ်မှတ်ထားပါတယ်။

တရားဝင်စာရင်းအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလထိ ၁၀ လအတွင်း လူဦးရေ ၃ သောင်းခွဲကျော် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ နိုဝင်ဘာလထဲမှာလည်း အထောက်အထားမဲ့ ၉,၀၀၀ ထက်မနည်း ဖမ်းမိခဲ့ပြီး ဒီထဲမှာလည်း အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ အထောက်အထားမဲ့တွေကို တရားဝင် အလုပ်လုပ်ခွင့်ကတ် လုပ်ပေးဖို့ စာရင်းပိတ်မယ့်ရက် နီးလာတာနဲ့အမျှ မြန်မာပြည် နယ်စပ်တွေကနေ တရားမဝင် လာတဲ့သူတွေ အလုံးအရင်းနဲ့ ဆက်တိုက် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)










XS
SM
MD
LG