သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုကြောင့် မြန်မာနယ်စပ် လုံခြုံရေးတင်းကျပ်ဖို့ ထိုင်းဝန်ကြီးချုပ် ညွှန်ကြား


ကန်ချနဘူရီပြည်နယ်ထဲမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)
ကန်ချနဘူရီပြည်နယ်ထဲမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)

(Zawgyi / Unicode)

ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံဘက်ကနေ အလုံးအရင်းနဲ့ တရားမဝင် ဝင်ရောက်လာသူ နိုဝင်ဘာလဝက်အတွင်း လူ ၇,၀၀၀ ကျော်ရှိလာပြီး လူကုန်ကူးမှုတွေလည်း ရှိလာတဲ့အတွက် ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာ ၅ ခုလောက်နဲ့ ဆွေးနွေးညှိနှိုင်းပြီး နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ဖို့အတွက် ညွှန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။

ထိုင်းနယ်စပ်တွေက နေ့စဉ်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့တွေ နိုဝင်ဘာလဝက်အတွင်း ၇,၀၀၀ ကျော် ဖမ်းဆီးမိခဲ့ပါတယ်။ ဒီထဲမှာ အများစုက မြန်မာနိုင်ငံသားတွေပါ။ ဒီနောက် ထိုင်း-မြန်မာနယ်စပ်တွေက နောက်ထပ် ဝင်ရောက်လာသူတွေကိုလည်း နေ့စဉ် ဖမ်းဆီးမိနေတာကြောင့် လူကုန်ကူးမှုတွေ၊ လက်နက်မှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ နောက်ဆက်တွဲ ဖြစ်လာနေတဲ့အတွက် လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ဖို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ဒီရက်ပိုင်းမှာပဲ ညွှန်ကြားခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။

“ဝင်လာမယ့် ရွှေ့ပြောင်းအလုပ်သမား တရားမဝင်လုပ်သား အပါအဝင် မူးယစ်ဆေးဝါးကိစ္စတွေ၊ လက်နက်မှောင်ခို ပြဿနာတွေလည်း ပါတယ်။ တရားမဝင် ခိုးဝင်တဲ့အထဲမှာ ပါခဲ့တဲ့သူတွေထဲမှာ လူကုန်ကူးခံရတဲ့ အဖြစ်တွေ ရောက်လာတယ်ဆိုရင် ထိုင်းမှာ Tire 2 စောင့်ကြည့်အဆင့်ထဲကနေ ထပ်ပြီး အဆင့်ထပ်ကျလို့ မရဘူးပေါ့။”

ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုနဲ့ ပတ်သက်လို့ Tire 2 စောင့်ကြည့်အဆင့်ထဲမှာ ရှိတာပါ။ နယ်စပ်ကနေ အထောက်အထားမဲ့ မြန်မာတွေ အလုံးအရင်းနဲ့ ဝင်ရောက်နေတာတွေ တရားမဝင် လူကုန်ကူးမှုတွေကြောင့် နောက်ထပ် လူကုန်ကူးမှု အဆိုးဆုံးနိုင်ငံအဖြစ် စာရင်းဝင်သွားမှာကို ထိုင်းအစိုးရက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ချင်းမိုင်ပြည်နယ် ဖန်မြို့နယ်ထဲမှာ ကား ၃ စီးနဲ့ ဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာတွေကိုလည်း ဖမ်းမိခဲ့သလို ကန်ချနဘူရီပြည်နယ်ထဲမှာလည်း ရာနဲ့ချီရှိတဲ့ အထောက်အထားမဲ့တွေ ဒီရက်ပိုင်းအတွင်းမှာပဲ ထပ်ပြီး ဖမ်းမိခဲ့ပါတယ်။

နိုဝင်ဘာလအတွင်းမှာလည်း အောက်တိုဘာလထက် တရားမဝင် မြန်မာတွေ ဖမ်းမိတာ ပိုများလာတယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

“ဒီကာလအတောအတွင်းမှာ နှုန်းက ပိုများတယ်။ စက်တင်ဘာလမှာ လူဦးရေ ၄,၀၀၀ လောက်ရှိတယ်။ အောက်တိုဘာလမှာ ၂ ဆကျော်ကျော်ကို တိုးလာတယ်။ တိုးလာတဲ့အပြင် အခု နိုဝင်ဘာလထဲမှာ အဆုံးတော့ မသတ်ရသေးဘူး၊ နိုဝင်ဘာလကလည်း အောက်တိုဘာလထက် ပိုများတဲ့သဘော ဖြစ်နေတယ်။”

ထိုင်းဝန်ကြီးချုပ်ကတော့ ထိုင်းနိုင်ငံရဲ့ အတွင်းပိုင်း နယ်မြေတွေမှာ ဆက်တိုက် ပိတ်ဆို့တားဆီးဖို့၊ တရားမဝင် ဝင်ရောက်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အတူပါလာတဲ့ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ဖို့နဲ့ မူူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေကိုလည်း တားဆီးနိုင်ဖို့အတွက်ကိုလည်း ညွှန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)










XS
SM
MD
LG