သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတထရမ့် ဒုတိယအကြိမ် တရားစွဲခံရတဲ့အပေါ် ကန် ရောက် မြန်မာတွေရဲ့အမြင်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ဇန်နဝါရီလ ၁၂ ရက်နေ့ ၂၀၂၁)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ဇန်နဝါရီလ ၁၂ ရက်နေ့ ၂၀၂၁)

(Zawgyi/Unicode)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အောက်လွှတ်တော်က တရားစွဲဆိုလိုက်တဲ့ကိစ္စအပေါ် အမေရိကန်နိုင်ငံသား မြန်မာတွေကြားမှာ သဘောထားအမြင်အမျိုးမျိုးနဲ့ သုံးသပ် ရှုမြင်ကြတဲ့အကြောင်းကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

လူ(၅)ဦး သေဆုံးခဲ့ရတဲ့ အမေရိကန်လွှတ်တော် အဆောက်အဦးကို သမ္မတ ထရမ့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ဖြစ်ရပ်မှာ သမ္မတထရမ့်က လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က သမ္မတကို တရားစွဲဆိုခဲ့တာပါ။

သမ္မတ ထရမ့်ကို တရားစွဲသင့်တယ်လို့ မြင်သူကတော့ အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသားအရေး ကူညီလှုပ်ရှားသူ ဒေါက်တာ ရိုဒင်းငါ ဖြစ်ပါတယ်။

“ကျနော့် ကိုယ်ပိုင်သုံးသပ်ချက်ကတော့ တရားစွဲသင့်တယ်။ နိုင်ငံတော်တခုလုံးရဲ့ အဓိကကျတဲ့ နေရာဖြစ်တဲ့ လွှတ်တော်အဆောက်အဦကြီးကိုပေါ့နော် လူထုကနေ သွားပြီးတော့ အုံကြွပြီး သိမ်းပိုက်တဲ့ သဘောမျိုးမှာ အဓိက လှုံ့ဆော်တာက ဒီသမ္မတဖြစ်တယ်။ ဒါကြောင့် ဆူပူအုံကြွမှုကို အားပေးအားမြှောက်ပြုတဲ့အမှုကို သမ္မတ ကျူးလွန်တယ်လို့ ကျနော်သုံးသပ်တယ်။ အဲဒါကြောင့် အခု Impeachment ပေါ့ ၊ တရားစွဲဆိုတဲ့ကိစ္စက မှန်ကန်တယ်လို့ ကျနော်သုံးသပ်ပါတယ်။”

Nevada ပြည်နယ် Las Vegas မြို့က ဆူရှီလုပ်ငန်းရှင် ဦးဆန်နီကတော့ သမ္မတထရမ့်ကို တရားစွဲဆိုကြတဲ့ကိစ္စအပေါ် သဘောမတူပါဘူး။

“သမ္မတထရမ့်ကတော့ အမေရိကား နံပတ်တစ် ဖြစ်ရေးဆိုပြီးတော့ အဓိကဦးတည်ပြီး သူလုပ်ခဲ့တာကိုး။ လွှတ်တော်ကို အကုန်လုံးက ဝင်စီးတာတွေ ဘာတွေက .. ဒါတွေက အားပေးတာပါချင်ပါနိုင်ပေမယ့် သူနဲ့လည်း တိုက်ရိုက်တော့ မပတ်သက်ဘူး ထင်ပါတယ်။ နောက်တခုက အမေရိကားကို ယှဉ်လာတဲ့ တရုတ်နဲ့ကိစ္စမှာ သူက အမေရိကန်ဘက်က ရပ်တည်ပြီး ပြန်ပြီးခုခံပေးတာ ဘာညာရှိတော့ ကျနော့်အနေနဲ့ အဲဒီအချက်ကို တအား သဘောကျပါတယ်။ နောက်တခုက နယ်စပ်မှာ တံတိုင်းဆောက်တဲ့ကိစ္စ ဘာညာက တော်တော်ကောင်းတဲ့ကိစ္စပါ။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ဦးမော့လာတာ ဘာညာကတော့ လက်တွေ့ပါပဲ။ ဒီလို ကောင်းတာတွေကို သူအများကြီးလုပ်ခဲ့တာ ဖြစ်တဲ့အတွက် သမ္မတအပေါ် တရားစွဲတာကိုတော့ ကျနော့်အနေနဲ့ သိပ်သဘောမကျပါဘူးခင်ဗျ။”

သမ္မတထရမ့်ကို တရားစွဲဆိုဖို့ အမေရိကန် အောက်လွှတ်တော်က ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ်လို့ မြင်သူကတော့ နယူးယောက်မြို့မှာ နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သူ ကိုမောင်မောင်ကျော်ပါ။

“ လွှတ်တော်ဘက်ကိုသွားမယ့် ဒီလူအုပ်ကြီးပေါ်မှာ သူပြောတဲ့စကားတွေကတော့ မီးလောင်ရာလေပင့်တဲ့ သဘောမျိုး ၊ သွေးထိုးပေးတဲ့ သဘောမျိုး ပါတယ်လို့တော့ ကျနော်က သတ်မှတ်တယ်။ အခုလို သူ့ကို တရားစွဲတဲ့ကိစ္စက ဥပဒေအရ ဒီမိုကရက်တွေဘက်က တုန့်ပြန်တာ မှန်ပါတယ်။ ဒို့အမေရိကန် ဒီမိုကရေစီကို ဒီလိုခြိမ်းခြောက်လို့ မရဘူးဆိုတာ တကမ္ဘာလုံးကိုပြချင်တဲ့ သဘောမျိုးလို့ ကျနော်ထင်တယ်။ ဒါကြောင့်မို့ အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်ဘက်ကပါ ထောက်ခံတာမျိုး ရှိတယ်လေ။ ဒီမိုကရက်တွေ တွက်ထားသလို ၁-၂-၃ အဲလို တခုပြီးတခု လွယ်လွယ်ကူကူ ပြီးမယ်လို့တော့ ကျနော် မထင်ဘူးဗျ ။ သမ္မတကို လုံးလုံး ဖယ်ရှားဖို့ အောင်မြင်မယ်လို့တော့ မထင်ပါဘူး။ အမေရိကန်ပြည်ထောင်စုကြီး ရုပ်ပျက်ဆင်းပျက် မဖြစ်ရအောင် နောက်ပိုင်းမှာ ညှိမှာပေါ့ ဒါသူတို့ဒီလိုပဲ ထိန်းညှိနေတာပဲလေ။ အဲဒီတော့ ဒီကိစ္စကြီး အကြီးကျယ်ဖြစ်လာတဲ့အခါမှာ တချို့နိုင်ငံရေးကိစ္စတွေ အပေးအယူ လုပ်လာနိုင်တယ်။ ဥပမာ နောက်အစိုးရတက်လာတဲ့အခါမှာ ဘတ်ဂျက်ကိစ္စ အပေးယူလုပ်လာတာမျိုးလည်း ဖြစ်နိုင်သလို၊ နောက်တခါ ထရမ့်ရဲ့ နိုင်ငံရေးဂိုဏ်းကြီးကို အမေရိကန်ပြည်ထောင်စုသမိုင်းထဲမှာ နိုင်ငံရေးကိစ္စတွေ ဝင်မရှုပ်နိုင်အောင် တားမြစ်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။”

လုပ်ထုံးလုပ်နည်းအရ အောက်လွှတ်တော်ရဲ့ တရားစွဲဆိုမှုကို အထက်လွှတ်တော်က ဆက်လက်ကြားနာ စစ်ဆေးပြီး အပြစ်ရှိမရှိ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ဟာ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးပြီးချိန်မှာမှ အထက်လွှတ်တော် ကြားနာမှုတွေ ဖြစ်လာနိုင်တာမို့ သမ္မတ ထရမ့်ကို ထိရောက်တဲ့ အရေးယူမှုမျိုး လုပ်နိုင်ပါ့မလားဆိုတာ အမေရိကန်နိုင်ငံရေး သုံးသပ်သူတွေကြား မေးခွန်းထုတ်နေကြပါတယ်။

၂၀၁၉ ဒီဇင်ဘာလ ၁၈ ရက်နေ့တုန်းကလည်း သမ္မတထရမ့်ကို အောက်လွှတ်တော်က တရားစွဲခဲ့ကြပြီး သမ္မတရာထူးကနေ ဖယ်ရှားဖို့ မအောင်မြင်ခဲ့ကြပါဘူး။ အခုတခါ ၂၀၂၁ ခု ဇန်နဝါရီလ ၁၃ ရက်နေ့မှာ သမ္မတထရမ့်ကို ဒုတိယအကြိမ် တရားစွဲဆိုတာကြောင့် အမေရိကန်သမ္မတ သမိုင်းမှာ သူဟာ ၂ ကြိမ် တရားစွဲဆိုခံရတဲ့ ပထမဦးဆုံးသော သမ္မတ ဖြစ်လာပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)











XS
SM
MD
LG