သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် နဲ့ နော်ဝေး သူတို့နိုင်ငံသားတွေ မြန်မာနိုင်ငံက ထွက်ခွာဖို့ ညွှန်ကြား


Twitter မှ ရန်ကုန် ဗြိတိန်သံရုံး ကြေညာချက်
Twitter မှ ရန်ကုန် ဗြိတိန်သံရုံး ကြေညာချက်

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေတိုးလာနေတာကြောင့် ဗြိတိန်နိုင်ငံသားတွေ မြန်မာနိုင်ငံတွင်းကနေ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ထွက်သွားသင့်တယ်လို့ ရန်ကုန် ဗြိတိန်သံရုံးက တနင်္ဂနွေနေ့မှာ သူ့နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်သွားအောင်နဲ့ ဒီမိုကရေစီပြန်ရအောင် ဗြိတိန်သံရုံးက ဆက်ပြီး အကူအညီပေးနေမှာ ဖြစ်ကြောင်းလည်း သံရုံးက ပြောပါတယ်။

ဒါဟာ စနေနေ့ က တော်လှန်ရေးနေ့အဖြစ် မြန်မာပြည်သူတွေက အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နင်းမှုကြောင့် ၁ ရက်ထဲမှာ လူပေါင်း ၁၁၄ ယောက် ထက်မနည်း သေဆုံးခဲ့ရတဲ့နောက် အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကလည်း မြန်မာစစ်တပ်ရဲ့ ကလေးငယ်တွေ အပါအဝင် လက်နက်မဲ့ ပြည်သူတွေကို စနေနေ့က သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ဟာ အာဏာသိမ်းထားသူတွေရဲ့ အောက်တန်းကျမှုကို ထပ်မံပြသရာရောက်ကြောင်း ပြောဆိုခဲ့သလို စစ်တပ်နဲ့ရဲတွေရဲ့ လက်နက်မဲ့ပြည်သူကို ပစ်ခတ်နှိမ်နင်းမှုဟာ သူတို့အတွက် အရှက်ရစရာ ဖြစ်ကြောင်း ရန်ကုန် ဗြိတိန်သံရုံးက သံအမတ်ကြီး Dan Chugg ကလည်း ပြောကြားခဲ့ပါတယ်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာတာကြောင့် သူ့နိုင်ငံသား အားလုံးကို မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာဖို့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ Telenor ဆက်သွယ်ရေးကုမ္ပဏီ မှာ အလုပ်လုပ်နေသူ နော်ဝေနိုင်ငံသား ၂ ဦးရှိနေပြီး သူတို့ကို နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနက ခရီးသွားသတိပေးချက်အတွက် အကြောင်းကြားထားကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)





XS
SM
MD
LG