ယူကရိန်းကိုတိုက်ခိုက်ဖို့ ရုရှားအတွက် လက်နက်နဲ့အစိတ်အပိုင်းတွေပံ့ပိုးခဲ့တယ်လို့စွပ်စွဲပြီး အီရန် ဒရုန်းထုတ်လုပ်ရေးနဲ့ တခြားလုပ်ငန်းတွေအပေါ် ဗြိတိန်နိုင်ငံ က အင်္ဂါနေ့က ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ရုရှားက အထူးစစ်ဆင်ရေးလို့ခေါ် ဆိုပြီး ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ဟာ ရုရှားအပေါ်အပြစ်ပေးတဲ့အနေနဲ့ ပိတ်ဆို့အရေးယူခဲ့ကြတာပါ။
အီရန်၊ တူရကီ၊ ဘယ်လာရု၊ စလိုဗားကီးယား၊ ဆွစ်ဇာလန်၊ ယူအေအီးနဲ့ ရုရှားက လူနဲ့လုပ်ငန်းပေါင်း ၂၅ ခု ကို ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီအထဲမှာ အီရန်ဒရုန်းထုတ်လုပ်တဲ့ Paravar Pars နဲ့ လုပ်ငန်းရဲ့အလုပ်အမှုဆောင်အရာရှိ ၇ ယောက်လည်း ပါဝင်သလို တူရကီနိုင်ငံအခြေစိုက် မိုက်ခရို အီလက်ထရောနစ် ပစ္စည်းတင်ပို့သူ ၂ ဦးလည်း ပါဝင်ပါတယ်။ DuLac Capital Ltd ဟာ ဆွစ်ဇာလန်အခြေစိုက် ခရစ်ပ်တို ငွေကြေးကုမ္ပဏီတခုဖြစ်ပြီး ရုရှားနိုင်ငံ မော်စကိုမြို့တော်က ရုံးခွဲရဲ့ အကြီးအကဲ ဆွစ်ဇာလန်နိုင်ငံသား Anselm Oskar Schmucki လည်း ပိတ်ဆို့အရေးယူလိုက်တဲ့အထဲမှာ ပါဝင်ပါတယ်။
မဟာဗျူဟာအရ အရေးပါတဲ့ ရုရှားဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍမှာ ပါဝင်ဆောင်ရွက်ပြီး ရုရှားအစိုးရကို ထောက်ခံတာ ဒါမှမဟုတ် ရုရှားအစိုးရဆီက အကျိုးကျေးဇူးရရှိတာကြောင့် အရေးယူတာဖြစ်တယ်လို့ ဗြိတိန်အစိုးရက ဆိုပါတယ်။ အရေးယူလိုက်တဲ့လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ယူကေရှိ ပိုင်ဆိုင်မှုတွေ ကို ထိန်းချုပ်လိုက်ပြီး အဲဒီလူတွေအတွက် ဝန်ဆောင်မှုမပေးဖို့ ယူကေလုပ်ငန်းတွေ အားလုံးကို တားမြစ်လိုက်ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့ကတည်းကဆိုရင် လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းပေါင်း ၁,၆၀၀ ကျော်ကို ပိတ်ဆို့အရေးယူခဲ့ပြီး ခု နောက်ဆုံး အရေးယူလိုက်တာမှာတော့ ရုရှားကို ထောက်ပံ့မှုကွင်းဆက်မှာပါတဲ့ တတိယတိုင်းပြည်က လူတွေနဲ့ လုပ်ငန်းတွေပါတင်လာပါတယ်။