သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားထိန်းချုပ်နယ်တချို့ကို ပြန်သိမ်းပိုက်နိုင်တယ်လို့ ယူကရိန်းကြေညာ


ရုရှားသိမ်းပိုက်ထားတဲ့ Urozhaine မြို့ကို ပြန်လည်သိမ်းပိုက်ပြီး ယူကရိန်းအလံကိုင်ပြီး ရပ်နေကြတဲ့ ယူကရိန်းစစ်သည်များ။
ရုရှားသိမ်းပိုက်ထားတဲ့ Urozhaine မြို့ကို ပြန်လည်သိမ်းပိုက်ပြီး ယူကရိန်းအလံကိုင်ပြီး ရပ်နေကြတဲ့ ယူကရိန်းစစ်သည်များ။


ရုရှားကို တန်ပြန်ထိုးစစ်ဆင်နေတဲ့တိုက်ပွဲမှာ ယူကရိန်းအရှေ့တောင်ပိုင်းက ရုရှားထိန်းချုပ်ထားတဲ့နယ်မြေတချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ယူကရိန်းက ကြာသပတေးနေ့မှာ ပြောပါတယ်။

ယူကရိန်းတပ်တွေက ပြန်လည်သိမ်းယူနိုင်ခဲ့တဲ့ Urozhaine မြို့ကလေးရဲ့ တောင်ဘက်ကိုဦးတည်ပြီး ဆက်လက်တန်ပြန် ထိုးစစ်ဆင်နေတာဖြစ်ပြီး ရုရှားတပ်တွေကို ၂ ပိုင်းကွဲသွားစေဖို့ Azov ပင်လယ်ဘက်ဦးတည တိုက်ထုတ်ရာမှာ အောင်မြင်မှု ရှိနေတယ်လို့ ယူကရိန်းစစ်တပ်ပြောခွင့်ရ Andriy Kovaliov က နိုင်ငံတော် ရုပ်သံကနေ ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

Urozhaine ဟာ Donetsk ဒေသ အရှေ့ပိုင်းမှာရှိပြီး ဇူလိုင်လ ၂၇ ရက်ကစလို့ ရုရှားတွေသိမ်းပိုက်တာခံခဲ့ရတဲ့ ဒီမြို့ကလေးမှာ ထောင်ထားတဲ့မိုင်းတွေ အများအပြားရှိနေတာပါ။ ဒီမြို့ဟာ Azov ပင်လယ်ကနေ ၅၅ မိုင်လောက်အကွာမှာရှိပြီး ရုရှားသိမ်းပိုက်ထားတဲ့ Donetsk မြို့နဲ့ဆို မိုင် ၆၀ ကျော်ပဲ ကွာဝေးပါတယ်။

ရုရှားတွေဟာ ယူကရိန်းနိုင်ငံရဲ့ ၅ ပုံ ၁ ပုံလောက်ကို ထိန်းချုပ်ထားတာဖြစ်ပြီး ဒီအထဲမှာ ၂၀၁၄ က သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ပါဝင်သလို Luhansk ဒေသတခုလုံးနီးပါးနဲ့ Donetsk, Zaporizhzhia နဲ့ Kherson က တချို့အပိုင်းတွေ ပါဝင်ပါတယ်။ ရုရှားကို တန်ပြန်ထိုးစစ်ဆင်မှုဟာ ရုရှားရဲ့ မြေမြှုပ်မိုင်းတွေကြောင့်ရော ရှေ့တန်းမှာ တပ်တွေ တိုးချထားတာကြောင့်ပါ နှေးကွေးနေတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းတောင်ပိုင်း Odesa ဒေသ ဆိပ်ကမ်းကိုပစ်မှတ်ထားပြီး ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ကောက်နှံတင်ပို့ရာ အခြေခံ အဆောက်အအုံပျက်စီးခဲ့ရတယ်လို့ ယူကရိန်းက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့မှာပဲ Odessa ဆိပ်ကမ်းမှာ မနှစ်က ဖေဖေါ်ဝါရီကတည်းက သောင်တင်နေတဲ့ ကုန်သင်္ဘော Joseph Schulte ဟာ ကုန် မက်ထရစ်တန်ချိန် ၃ သောင်းကို တင်ဆောင်ပြီး ပင်လယ်နက်ကို စပြီး ဖြတ်သန်းမောင်းနှင်ခဲ့တယ်လို့ ယူကရိန်း ဒုဝန်ကြီးချုပ် Oleksandr Kubrakov ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG