သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ် ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုဖြစ်လာနိုင် ကုလအတွင်းရေးမှူးချုပ်သတိပေး


ကုလသမဂ္ဂအတွင််းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင််းရေးမှူးချုပ် Antonio Guterres

အစ္စရေး-ဟားမတ်စ် စစ်ပွဲက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်လာကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လုံခြုံရေးကောင်စီကို ဒီဇင်ဘာ ၆ ရက်က တရားဝင်သတိပေးလိုက်ပါတယ်။

လုံခြုံရေးကောင်စီကိုပေးပို့တဲ့ ဂူတာရက်စ်ရဲ့စာထဲမှာ “ဂါဇာစစ်ပွဲက နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် လက်ရှိခြိမ်းခြောက်မှုတွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း” ရေးထားပါတယ်။ ကုလသမဂ္ဂပဋိညာဉ် ပုဒ်မ ၉၉ အရ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရာမှာ ခြိမ်းခြောက်နိုင်တဲ့ကိစ္စမှန်သမျှကို လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်စေဖို့ အတွင်းရေးမှူးချုပ်အနေနဲ့ လုပ်ပိုင်ခွင့်ပြုထားကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီပြဌာန်းချက်ကို အသုံးမပြုခဲ့တာက ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်ကြောင်းလည်း ဒီပေးစာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အာရပ်နိုင်ငံတွေက အပစ်အခတ်ရပ်စဲရေးအတွက် လုံခြုံရေးကောင်စီကို တွန်းအားပေးဖို့ ကြိုးပမ်းနေချိန်မှာ ကုလ အကြီးအကဲက အခုလို ပြောလိုက်တာပါ။

အပစ်အခတ်ရပ်စဲရေးတောင်းဆိုထားတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို အာရပ်သံတမန်တွေက ပြင်ဆင်နေကြောင်း ပါလက်စတိုင်းဆိုင်ရာ ကုလသမဂ္ဂသံအမတ် Riyad Mansour က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဆုံးဖြတ်ချက်တခုအတွက် အနည်းဆုံး ထောက်ခံမဲ (၉) မဲ လိုအပ်သလို အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေက ဗီတိုအာဏာနဲ့ မကန့်ကွက်ဖို့လည်း လိုပါတယ်။ ဒီနေ့ ဒီဇင်ဘာ (၇)ရက်၊ ကြာသပတေးနေ့ မှာ အာရပ်ဝန်ကြီးတွေဟာ ဝါရှင်တန်ကို လာပြီး ဒီကိစ္စ အမေရိကန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်လို့လည်း Mansour က ပြောပါတယ်။ “ထိပ်တန်းဦးစားပေး အစီအစဥ်ကတော့ ဒီစစ်ပွဲကို ရပ်ဖို့ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေး ချက်ချင်းလုပ်ရမယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

အပစ်ရပ်လိုက်ရင် ဟားမတ်စ် စစ်သွေးကြွတွေဘက်က အလေးသာသွားမယ်လို့ ယုံကြည်ထားလို့ လုံခြုံကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ ဗီတိုအာဏာရှိတဲ့ အမေရိကန်ကတော့ အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်ထားတာပါ။ ဒါပေမယ့် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ရဲ့ အစ္စရေးကို တိုက်ခိုက်မှုအတွင်း ဟားမတ်စ်ဘက်က ဖမ်းခေါ်သွားခဲ့တဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးနိုင်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်နိုင်ရေး လူသားချင်းစာနာထောက်ထားမှု ယာယီအပစ်ရပ်ဖို့ကိုတော့ အမေရိကန်က ထောက်ခံထားပါတယ်။

အရင်လက လုပ်ခဲ့တဲ့ စစ်ပွဲ ခေတ္တရပ်ရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်မှာတော့ အမေရိကန်က မဲမပေးခဲ့ပါဘူး။ ဟားမတ်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

အပစ်ရပ်ရေး တောင်းဆိုနေချိန်မှာပဲ ဂါဇာရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Khan Younis ကို ထိန်းချုပ်ဖို့အတွက် အစ္စရေးတပ်တွေနဲ့ ဟားမတ်စ်စစ်သွေးကြွတွေဟာ ဗုဒ္ဓဟူးနေ့မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေပြီး တဘက်မှာလည်း ပါလက်စတိုင်းအရပ်သားတွေဟာ နေစရာရှာဖွေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိဖို့ အခက်အခဲတွေ ပိုများလာနေပါတယ်။ ပြီးခဲ့တဲ့ တရက်အတွင်း ဂါဇာကမ်းမြောင်က ပစ်မှတ် ၂၅၀ လောက်ကို လေကြောင်းကတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဟားမတ်စ်ဘက်က ထုတ်ပြန်ချက်မှာတော့ Khan Younis မှာ အစ္စရေး စစ်သား ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြောပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

အစ္စရေးဘက်က လူပေါင်း ၁,၂၀၀ သေဆုံးပြီး ဓားစာခံ ၂၄၀ အဖမ်းခံခဲ့ရတဲ့ အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှု ကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာမှာ ဟားမတ်စ်ချေမှုန်းရေး စစ်ဆင်နေတာပါ။ ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူဦးရေက ၁၆,၀၁၅ ဦးရှိနေပြီလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG