သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့နဲ့ရပ်ရွာအသိုက်အဝန်းငြိမ်းချမ်းရေး ၂၀၂၄ ကုလ ဦးစားပေးသတ်မှတ်


ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ် ဦးစားပေးအကြောင်းအရာများ
please wait

No media source currently available

0:00 0:05:10 0:00

ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ် ဦးစားပေးအကြောင်းအရာများ

ကမ္ဘာမှာ ငြိမ်းချမ်းရေးကင်းမဲ့နေပြီး အာဏာပိုင်ဝါဒ ခေါင်းထောင်လာသလို ရပ်ရွာ အသိုက်အဝန်းတွေအတွင်းမှာလည်း အမုန်းတွေတိုးများလာနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အထွေထွေညီလာခံမှာ ပြောလိုက်ပါတယ်။ အေပီသတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

၂၀၂၄ ကုလသမဂ္ဂရဲ့ ဦးစားပေး အကြောင်းအရာတွေကို အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူသရက်စ်က အထွေထွေ ညီလာခံမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြောကြားသွားပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးသာမက၊ ရပ်ရွာအသိုက်အဝန်းအတွင်း ငြိမ်းချမ်းရေးနဲ့ သဘာဝနဲ့ ငြိမ်းချမ်းရေးတို့ကို ၂၀၂၄ လုပ်ငန်းစဥ်ရဲ့ ဦးစားပေးအကြောင်းအရာတွေအဖြစ် တင်ပြသွားခဲ့ပါတယ်။ မစ္စတာ ဂူသရက်စ်က မိန့်ခွန်းကို ခုလို စဖွင့်ခဲ့ပါတယ်။

“ငြိမ်းချမ်းရေးဟာ ကျနော်တို့အတွက် အရေးအကြီးဆုံးပါ။ ကမ္ဘာကြီးကို ကြည့်လိုက်တဲ့အခါ အကြီးအကျယ် ပျောက်ဆုံးနေတာကလည်း ငြိမ်းချမ်းရေးပါပဲ။ ပဋိပက္ခတွေပြင်းထန်နေပြီး ပထဝီနိုင်ငံရေး ကွဲပြားသထက်ကွဲပြားနေချိန်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးက အခြိမ်းခြောက်ခံရပါတယ်။ နှစ်ခြမ်းအကွဲက နက်ရှိုင်းလာပြီး လူ့အခွင့်အရေးကို တက်ခြေနင်းလိုက်တဲ့အခါ ရပ်ရွာအသိုက်အဝန်းအတွင်း ငြိမ်းချမ်းရေးက ပျက်စီးသွားပါတယ်။ မညီမျှမှုပေါက်ကွဲလာတဲ့အခါ တရားမျှတမှုရှိရှိ ငြိမ်းချမ်းရေးက ကြေမွသွားပါတယ်။ ရုပ်ကြွင်းလောင်စာကို အစွဲကြီးစွဲနေတဲ့အခါ သဘာဝနဲ့ ငြိမ်းချမ်းရေးအကြောင်းပြောတာကိုက လှောင်ပြောင်စရာဖြစ်လာပါတယ်။ ကမ္ဘာတဝှမ်းကိစ္စမျိုးစုံထဲမှာ ငြိမ်းချမ်းရေးက ပျောက်ဆုံးနေတဲ့အပိုင်းအစပါ။ လူတွေက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လိုလားကြပါတယ်။”

အဲဒီလို ငြိမ်းချမ်းရေးမရှိတဲ့ကမ္ဘာကြီးကို ပိုပြီးထိရောက်၊ အားလုံးပါဝင် ပြန်လည်ဆန်းသစ်တဲ့ ဗဟုဝါဒဖြစ်ပေါ်လာအောင် အပြန်အလှန်သက်ရောက်အားတွေနဲ့ အားထုတ်လုပ်ဆောင်နေတာကို သူတွေ့ရတယ်လို့လည်း မစ္စတာဂူသရက်စ်က ဆိုပါတယ်။

“ကိုယ်စားလှယ်တော်ကြီများခင်ဗျား .. ကမ္ဘာတဝှမ်း ပဋိပက္ခထဲမိနေကြတဲ့ လူသန်းပေါင်းများစွာအတွက် ဘဝက သေလုလု၊ နိစ္စဓူဝ၊ ဆာလောင်မွတ်သိပ်နေရတဲ့ ငရဲခန်းဖြစ်နေပါတယ်။ လုံခြုံရာကိုရှာဖို့အတွက် စံချိန်ဖြစ်သွားတဲ့ လူဦးရေပမာဏဟာ သူတို့အိမ်တွေက ထွက်ပြေးနေကြရပါတယ်။ ငြိမ်းချမ်းရေးကို သူတို့ ငိုကြွေးတောင်းဆိုနေကြပါတယ်။ သူတို့ ကို ကျနော်တို့ နားထောင်ကြပြီး လုပ်ကိုင်ကြရပါမယ်။”

ဟာမတ်စ်က အစ္စရေးကို အောက်တိုဘာ ၇ ရက်တိုက်ခိုက်တာ‌ရော ပါလက်စတိုင်း ပြည်သူတွေအပေါ် ပြစ်ဒဏ်ခတ်သလို တိုက်ခိုက်နေတာကိုပါ မှန်ကန်မျှတကြောင်း ဘာဆင်ခြေမှ ပေးလို့ မရပါဘူးလို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။

“တကယ်လို့ တိုင်းပြည်တွေက ကုလသမဂ္ဂပဋိညာဥ်မှာပါတဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာကြမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာဆိုင်ရာ လူတိုင်းရဲ့အခွင့်အရေးက အာမခံချက်ရှိမှာပါ။ ဒါပေမဲ့ အစိုးရတွေက လျစ်လျူပြုနေကြပါတယ်။ ဘက်စုံဗဟုဝါဒကို တာဝန်ခံမှုမရှိ ဖျက်ဆီးနေကြပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စတွေကို မူလဘူတ ဖြေရှင်းရာနေရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ပထဝီနိုင်ငံရေးအကွဲအဟတွေနဲ့ ဘာမှလုပ်မရတဲ့နေရာ ဖြစ်နေပါတယ်။ ကောင်စီမှာကွဲနေတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ အဆိုးဆုံးတော့ ဟုတ်ပါတယ်။ ဒီကနေ့ အလုပ်မဖြစ်တာက ပိုလို့နက်ရှိုင်းလာပြီး ပို အန္တရာယ်ကြီးမားလာပါတယ်။”

ငြိမ်းချမ်းရေးက ရပ်ရွာအသိုက်အဝန်းတွေအတွင်းမှာပါ လိုအပ်နေတာကိုလည်း အတွင်းရေးမှူးချုပ် က မေ့မထားခဲ့ပါဘူး။

“ရပ်ရွာ အသိုက်အဝန်းတွေထဲမှာလည်း ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ အမုန်းစကားတွေ၊ ခွဲခြားမှုတွေ၊ အစွန်းရောက်အယူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးများလာတာကြောင့် ကမ္ဘာတဝှမ်း ရပ်ရွာအသိုက်အဝန်းတွေကြားမှာလည်း ကွဲလာနေကြပါတယ်။ ဂျူးမုန်းတီးရေး၊ မူဆလင်ဆန့်ကျင်ရေး၊ လူနည်းစု ခရစ်ယာန် နှိပ်ကွပ်ရေးနဲ့ မဟာလူမျိုးကြီး အယူအဆတွေက တက်လာနေပါတယ်။ အာဏာပိုင်ဝါဒက ကြီးထွားလာနေတယ်။ နိုင်ငံသားဆိုင်ရာ လုပ်ပိုင်ခွင့်က ကျုံ့လာနေပါတယ်။ မီဒီယာက အတိုက်အခိုက်ခံနေရပါတယ်။ အမျိုးသမီးနဲ့ မိန်းခလေးတွေအပေါ် ခွဲခြားတာ၊ လိင်အယူအခြေခံ အကြမ်းဖက်တာတွေက ကမ္ဘာမှာ အပျံ့နှံ့ဆုံး လူ့အခွင့်အ‌ရေးချိုးဖောက်မှုတွေ ဖြစ်နေပါတယ်။

"လူမျိုးရေးနဲ့ အမုန်းစကားတွေ အားကောင်းလာသလို အာဏာပိုင်ဝါဒ ကြီးထွားလာတာနဲ့အတူ ခွဲခြားဆက်ဆံရေးအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေများလာတာကြောင့် ရပ်ရွာအသိုက်အဝန်းအတွင်း ငြိမ်းချမ်းရေးကင်းမဲ့လာတာကို ကုလအတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။ ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုတာကိုလည်း မစ္စတာဂူသရက်စ်က ပြင်သစ် စကားနဲ့ ခုလို ဆက်ပြောပါတယ်။

“ပထမ .. ဒစ်ဂျစ်တယ်ခေတ်မှာ သတင်းအမှားနဲ့ အမုန်းက ဆတိုး မြန်လာတယ်။ အမြတ်နောက်လိုက်မိတဲ့အဖြစ်က လူတွေစိတ်ဝမ်းကွဲလာအောင်လုပ်ဖို့ အစွန်းရောက်တွေကို ကူညီရာရောက်သွားတယ်။ ဒုတိယ .. တကယ့်မညီမျှမှုတွေ၊ စီးပွါးရေးချို့ငဲ့တာတွေ၊ လူမှု စီးပွါးရေး မြန်မြန်ဆန်ဆန် ပြောင်းလဲလာတာတွေကြောင့် လူတွေ ပို ကြောက်လာကြတယ်။ ကမ္ဘာ့ စားဝတ်နေရေးအဆင့်က မြင့်မားလာတယ်။ ကမ္ဘာမှာ လူ ၇ ယောက်မှာ ၆ ယောက် က သူတို့ အနာဂတ်အတွက် ပူပန်စိုးကြောက်နေကြရပါတယ်။”

ဒါ့အပြင် သဘာဝကို မျက်ကွယ်မပြုဖို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသွားပါသေးတယ်။

“ရှုံးနိုင်တဲ့စစ်ပွဲကို လူသားမျိုးနွယ်က တိုက်နေပါတယ်။ ဒါဟာ မိုက်မဲစွာရွေးချယ်ခဲ့တဲ့ တိုက်ပွဲပါ။”

ကမ္ဘာဆိုတဲ့ဂြိုဟ်နဲ့ ကျနော်တို့ ငြိမ်းချမ်းရေးရှိရပါမယ်။ ဒါပေမဲ့ ဒီ စစ်ပွဲကတော့ လူသားက ရှုံးနိုင်တဲ့ စစ်ပွဲတခုဖြစ်ပြီး မိုက်မဲစွာရွေးချယ်ခဲ့တဲ့ တိုက်ပွဲပဲဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က ဆိုသွားကြောင်းပါခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG