သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲများ ဆင်းရဲငတ်မွတ်မှုများနဲ့ ကုလအကျပ်အတည်း


SWITZERLAND-UN-POLITICS-DIPLOMACY
SWITZERLAND-UN-POLITICS-DIPLOMACY

ပိုမိုပူနွေးလာနေ တဲ့ဒီကနေ့ ကမ္ဘာမြေကြီးပေါ်မှာ စစ်ပွဲသစ်တွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ဆင်ရဲမွဲတေမှုတွေလည်း တိုးလာနေပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းဘက်ကလည်း ဒီပြဿနာ အနည်းအကျဥ်းလောက်သာဖြေရှင်းနိုင်ပါတယ်။ စွမ်းဆောင်ရည်ကျဆင်းလာတဲ့ ကုသမဂ္ဂအဖွဲ့ကြီးရဲ့ အနာဂတ်နဲ့ပတ်သက်လို့ VOA သတင်းထောက် Margaret Besheer ကသတင်းပေးပို့ထားပါတယ်။ နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

၂၀၂၃ ခုနှစ်ဆိုရင် ဒုတိယနှစ်ထဲရောက်လာတဲ့ယူကရိန်းစစ်ပွဲမှာ ငြိမ်းချမ်းရေးရောင်ခြည်တွေ မမြင်ရသေးသလို အာဖရိကတိုက်တချို့နေရာမှာ စစ်အာဏာသိမ်းမှုတွေကြောင့် မတည်မငြိမ်ဖြစ်နေပြီး ဆူဒန်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းမှာလည်း စစ်ပွဲသစ်တွေကြောင့် လူတွေ ထိခိုက်သေဆုံးနေကြရပါတယ်။ ကုလသမဂ္ဂအဖွဲ့ကလည်း အဲဒီ သွေးထွက်သံယိုမှုတွေ အဆုံးသတ်သွားအောင် အနည်းအကျဥ်းသာဆောင်ရွက်နိုင်ပါတယ်။ နယူးယောက်မြို့က Fordham တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနက Anjali Dayal ကခုလိုသုံးသပ်ပါတယ်။

“ကုလသမဂ္ဂအတွက်တော့ တကယ့် စိန်ခေါ်ချက်တွေဖြစ်ပါတယ်။ ​ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်အတွင်း ပေါ်ပေါက်လာတဲ့ ပဋိပက္ခမျိုးတွေဟာ ကုလသမဂ္ဂအဖွဲ့ကြီးက စီမံခန့်ခွဲဖို့ အဆင်သင့်ဖြစ်မနေတဲ့ ကိစ္စရပ်တွေဖြစ်နေတာကြောင့်လည်းပါပါတယ်။ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံကြီးတွေကြားမှာ ပဋိပက္ခတွေဖြစ်နေပါတယ်။ နောက်ပြီးတော့ အဲဒီနိုင်ငံတွေ ပါဝင်ပတ်သက်လာတဲ့အခါ ကုလသမဂ္ဂမှာ အဲဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အတိုင်းအတာ အနည်းအကျဥ်းလောက်သာ ရှိပါတယ်။”

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို ဟန့်တားနိုင်တဲ့ ဗီတိုအာဏာတွေဟာ အဖွဲ့ဝင် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာရှိနေကြတာကြောင့်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ယူကရိန်းနိုင်ငံကို ရုရုားတို့ ကျူးကျော်တိုက်ခိုက်တဲ့ကိစ္စမှာ ပထဝီနိုင်ငံရေးအရ ကွဲပြားမှုတွေ နက်ရှိုင်းလာခဲ့ပါတယ်။ တခါ အောက်တိုဘာလမှာစတင်ခဲ့တဲ့ ဟာမတ်စ်နဲ့ အစ္စရေးလ်စစ်ပွဲမှာလည်း အစ္စရေးဘက်က အမေရိကန်ရပ်တည်ခဲ့ပါတယ်။ ကုသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခရေးရာအဖွဲ့ ညွှန်ကြားရေးမှူး Richard Gowan ကလည်း လုံခြုံရေးကောင်စီရဲ့ လက်ရှိ စိတ်အခြေအေနတွေ အဆိပ်အတောက်မကင်း (poisonous) ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။

ဒီဇင်ဘာလ လုံခြုံရေးကောင်စီအစည်းအဝေးမှာတော့ လူသားချင်းစာနာထောက်ထားမှုအရ အစ္စရေး-ဟာမတ်စ်စစ်ပွဲအပစ်ရပ်ဖို့ ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၉၉ အရ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က ဖိအားပေးတောင်းဆိုခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ အတွင်းရေးမှူးချုပ်ရဲ့အဆိုပြုချက်ကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးပယ်ချခဲ့ပြီး အစ္စရေးနိုင်ငံကလည်း မစ္စတာ ဂူတာရက်စ်ကို နုတ်ထွက်ပေးဖို့အထိ တောင်းဆိုခဲ့တာပါ။

ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်မြေပြင်မှာအခြေအနေတွေလည်း သိပ်ပြီးတိုးတက်မှုမရှိပါဘူး။ ၂၀၂၃ ခုနှစ်ဟာ blue helmets ဆိုတဲ့ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ တည်ထောင်မှု ၇၅ နှစ်ပြည့်လည်းဖြစ်ပြီး မာလီနဲ့ကွန်ဂိုနိုင်ငံတို့က သူတို့နိုင်ငံထဲမှာတပ်စွဲထားတဲ့ ကုလငြိမ်းချမ်းရေးတပ်တွေ ထွက်ခွါပေးဖို့ တောင်းဆိုခဲ့ကြတဲ့နှစ်လည်းဖြစ်ပါတယ်။ ဟေတီနိုင်ငံကတော့ သူ့နိုင်ငံတည်ငြိမ်ရေးအတွက် ကုလသမဂ္ဂတပ်ဖွဲ့ မဟုတ်တဲ့ အခြားနိုင်ငံတကာတပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ တောင်းဆိုပါတယ်။

အာဖရိကခေါင်းဆောင်တွေကတော့ ဆာဟာရတောင်ပိုင်းဒေသက အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒေသဆိုင်ရာအစုအဖွဲ့တွေဘက်ကို ပိုပြီးအာရုံစိုက်လာပါတယ်။ နှစ်စဉ်ဘဏ္ဍာငွေဒေါ်လာ ၆ ဘီလီယံကျော်ရှိတဲ့ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ရဲ့ ထိရောက်မှု၊ သူ့ရဲ့တန်ဖိုး၊ လက်ရှိနဲ့ အနာဂတ်လုပ်ငန်းစဥ်တွေအေပါ်မှာလည်း ငြိမ်းချမ်းရေးတပ်ဖွဲ့ လိုမလို ..စတဲ့ မေးခွန်းတွေလည်း ထွက်လာပါတယ်။

ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းဌာနအကြီးအကဲ Jean Pierre Lacroix ကခုလိုပြောပါတယ်။

“ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုလဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို စေလွှတ်တဲ့အခါ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှုရှိအောင် အဖွဲ့ဝင်နိုင်ငံတွေ အားလုံး ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့မဟုတ်ဘူးဆိုရင်တော့ အဲဒါက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ရဲ့ လုပ်ငန်းမဟုတ်တော့ပါဘူး။ အခြားစစ်ဆင်ရေးအတွက်ပဲ ဖြစ်မှာပါ။”

အာရပ်စော်ဘွားများပြည်ထောင်စု၊ UAE မှာကျင်းပခဲ့တဲ့ COP28 ဥတုရာသီညီလာခံမှာ ရခဲ့တဲ့အားတက်စရာဖြစ်ရပ်တခုက ကမ္ဘာ့ပူနွေးမှုဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေထုတ်နေတဲ့ ရုပ်ကြွင်းလောင်စာအသုံးပြုမှုတွေကို ရပ်ပစ်ဖို့ ညီလာခံကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် သဘောတူညီခဲ့ကြတာပါ။ ရာသီဥတုဖောက်ပြန်မှု ပိုဆိုးရွားလာတာနဲ့အမျှ သဘာဝဘေးအန္တရာယ်တွေ၊ ပဋိပက္ခတွေနဲ့ ကမ္ဘာအရပ်ရပ်မှာ သက်ရောက်မှုတွေ ပိုပြီးပြင်းထန်လာတဲ့အတွက် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလည်း ပိုပြီး လိုအပ်လာနေတာပါ။

“နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေ ဒါမှမဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ သိပ်မလွယ်ကူတဲ့အချိန်မှာတောင် လူသားချင်း စာနာထောက်ထားမှု အတိုင်းအတာနဲ့ အရေးကြီးတဲ့အလုပ်တွေ လုပ်ကိုင်နိုင်တဲ့အလားအလာတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ကိုင်နိုင်ဖို့ ရန်ပုံငွေတွေတော့ လိုပါတယ်။ အကျိုးသက်ရောက်မှုကောင်းတွေရဖို့ ပံ့ပိုးပေးရမှာပါ။”

လက်တွေ့ဖြစ်ပျက်နေတဲ့အခြေအနေတွေအရ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို တိုးချဲ့ဖို့ဆိုတဲ့အချက်အပါအဝင် ကုလသမဂ္ဂအဖွဲ့မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆယ်စုနှစ်နဲ့ချီတောင်းဆိုမှုအတော်များများရှိခဲ့ပါတယ်။

“စစ်အေးကာလတုန်းက ကုလသမဂ္ဂအဖွဲ့ က အချိန်အတော်ကြာ မလုပ်နိုင်မကိုင်နိုင် ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် အကျပ်အတည်းကာလကို နောက်တကြိမ် ထပ်ပြီး ဖြတ်သန်းနေရတာနဲ့ ကုလအဖွဲ့ကြီး အသုံးမဝင်တော့ဘူးလို့ ပြောလို့မဖြစ်ပါဘူး။ ကုလသမဂ္ဂရဲ့ဖွဲ့စည်းပုံတွေကို ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကို စဉ်းစားဖို့ အမှန်တကယ် လိုအပ်တယ်လို့ ကျနော် ထင်ပါတယ်။”

ကုလသမဂ္ဂအဖွဲ့ကြီး ဒီထက်ထိရောက်မှုရှိအောင် ဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတာနဲ့ ပတ်သက်ပြီးသဘောတူညီမှု အနည်းငယ်သာရှိနေတဲ့အချက်က တကယ့်ပြဿနာဖြစ်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG