သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်လို့ ကုလပြောကြား


ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကုလလူ့အခွင့်အရေးကောင်စီမှာ မိန့်ခွန်းပြောကြားစဉ်။ (၂၀၁၈၊ ဖေဖေါ်ဝါရီ ၂၆)
ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကုလလူ့အခွင့်အရေးကောင်စီမှာ မိန့်ခွန်းပြောကြားစဉ်။ (၂၀၁၈၊ ဖေဖေါ်ဝါရီ ၂၆)

ကမ္ဘာတဝှမ်း လက်နက်ကိုင်ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုကျုးလွန်သူတွေရဲ့ အမည်မည်းစာရင်းထဲ ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်တပ်ကို ကုလသမဂ္ဂက ထည့်သွင်းလိုက်ပါတယ်။ မြန်မာစစ်တပ် အကြီးအကဲတွေအနေနဲ့ အခုလို ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အလေးအနက်ထားစုံစမ်းစစ်ဆေးဖို့ နိုင်ငံရေးအကဲခတ်တွေက တိုက်တွန်းပါတယ်။ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားခံခဲ့ရသူတွေနဲ့မိသားစုတွေ နစ်နာမှုတွေအတွက်လည်း ကျေနပ်လောက်အောင် ဆောင်ရွက် ပေးဖို့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ဒုက္ခသည်တွေကလည်း တောင်းဆိုပါတယ်။ အသေးစိတ် မဆုမွန်က ဆက်ပြောပြပါမယ်။

လက်နက်ကိုင်ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ ကျုးလွန်သူတွေရဲ့ အမည်မည်းစာရင်းထဲ ပထမဆုံး အကြိမ်အဖြစ်နဲ့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂက ထည့်သွင်းလိုက်ပါတယ်။ အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် သူတို့နေရပ်ရင်းတွေ ကနေ ထွက်ပြေးသွားကြအောင် ထိတ်လန့်တုန်လှုပ်အောင် ဒဏ်ခတ်တဲ့အနေနဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကားတဲ့ မဟာဗျုဟာကို ကျင့်သုံးခဲ့ကြောင်း ကုလ သမဂ္ဂ လုံခြုံရေးကောင်စီကို တင်သွင်းခဲ့တဲ့ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

၂၀၁၆ အောက်တိုဘာလနဲ့ ၂၀၁၇ သြဂုတ်လတွေတုန်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ အတွင်း မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေမှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် ရက်စက်ကြမ်းကြုတ် လှတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ မတရား ပြုကျင့်မှုတွေလုပ်ဆောင်ခဲ့သလို ရိုဟင်ဂျာတွေ နေရပ်ကနေ ထွက်ပြေးအောင် လုပ်ခဲ့သလို နေရပ်ပြန်မလာရဲအောင်ပါ စနစ်တကျ တွက်ချက် လုပ်ဆောင်ခဲ့ ကြောင်းလည်း ကုလအတွင်းရေးမှူးချုပ်က စွပ်စွဲပြောဆိုထားပါတယ်။

အခုလိုမျိုး မြန်မာ့တပ်မတော်အပေါ် ကုလသမဂ္ဂက ပထမဆုံးအကြိမ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်အနိုင်ကျင့်စော်ကားတဲ့စာရင်းထဲ ထည့်သွင်းလိုက်တဲ့ အပေါ် မြန်မာ့စစ်တပ်အကြီးအကဲတွေအပါအဝင် မြန်မာအစိုးရတာဝန်ရှိသူတွေအနေနဲ့ ဒီအဖြစ်အပျက်အပေါ် အလေးအနက်ထား စုံစမ်းစစ်ဆေးသင့်ပြီ လို့မြန်မာ့နိုင်ငံရေးအကဲခတ်ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပါတယ်။

“ဒီ report က တော်တော်လေးကို ပြင်းထန်တယ်။ တခါမှ ဒါမျိုး အရင်က မလုပ်ဖူးဘူး။ နောက်ပြီးတော့ အဲဒါအပြင် အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ပြောတဲ့ဝေါဟာရ၊ စကားအသုံးအနှုန်းတွေက တော်တော်ကို ပြင်းထန်တယ်။ အာရှမှာ ဆိုရင် တို့တနိုင်ငံတည်းပဲ။ ကျန်တဲ့ နိုင်ငံတွေ အားလုံးဟာ အာဖရိက ဆိုးဆိုးဝါးဝါးနေရာတွေ၊ ပြီးတော့လည်း အရှေ့အလယ်ပိုင်း နေရာတွေ၊ အဆိုးဆုံးကတော့ ဘာပြောတယ် မှတ်တုံး။ ဘိုကိုဟာရမ်၊ နိုင်ဂျီးရီးယားက အကြမ်းဖက်အဖွဲ့လေ။ ကဲ- အဲဒါနဲ့ တန်းတူ ဖြစ်သွားပြီ။ တော်ရုံတန်ရုံလူဆိုလို့ရှိရင် ရှက်လို့ သေမယ်လေကွာ။ ဆိုတဲ့အခါကျတော့ မြန်မာပြည်ရဲ့ တပ်မတော်ဆိုတဲ့ဟာက ဘယ်လောက်အထိ အခြေအနေဆိုးနေလဲဆိုတာ ကွင်းကွင်းပြနေတာပဲ။ ဒါက NGOs တွေ၊ Human Rights အဖွဲ့တွေက ပြောတာ မဟုတ်ဘူး။ ကုလသမဂ္ဂက ထုတ်တဲ့ report ဖြစ်နေတယ်။ တော်တော်လေးကို ပြင်းထန်တယ်။ ဒါကို သူတို့အနေနဲ့ ကိုင်တွယ်မယ်၊ Atonement ပေါ့ကွာ၊ ဒီဥစ္စာကို ပြေပြစ်အောင်လုပ်မယ်ဆိုရင်တော့ တကယ်ကို အောက်ခြေကနေ စပြီးတော့ လုပ်ရလိမ့်မယ်။ အခု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောနေသလို ‘ မဟုတ်ပါဘူး၊ ဒါတွေက အမှားတွေပါ၊ ဘာ..ညာ’ လျှောက်ပြီးတော့ ဝေ့လည်ကြောင်ပတ်လုပ်နေလို့ အလကားပဲ။ ကာယကံရှင် ဖြစ်တဲ့ စစ်တပ်ရဲ့ဦးစီးချုပ်ကလည်း ဒီဥစ္စာတွေကို သူ့အနေနဲ့က ဘယ်လို လုပ်မလဲဆိုတာ ကြေညာရတော့မယ်။ ဘာလို့လဲဆို ဒီဥစ္စာက မြန်မာပြည်နဲ့ မြန်မာပြည်စစ်တပ်ရဲ့ အနာဂါတ်ကို ညွှန်း နေပြီ။ တော်တော်လေးကို ဒီဥစ္စာက ပြင်းထန်တယ်။”

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်သွားသူတွေထဲ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် စော် ကား ခံရသူတွေ မတရား ပြုကျင့်ခံရတဲ့ မူဆလင်အမျိုးသမီးတွေ မိန်းကလေးငယ်တွေ မြောက်မြားစွာပါဝင်ပြီး အခုချိန်အထိ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့အတူ မလုံခြုံမှုတွေကို ခံစားနေရဆဲဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်တွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားအနီးက ဘာလုခါလီ ဒုက္ခသည် စခန်းနေ ဦးအီစလံက သူကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အဖြစ် အပျက်တွေနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။

“အများကြီးပဲ၊ အဲဒီလို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်ခင်ဗျာ။ ဒီ ဘာလုခါလီ ဒုက္ခသည် စခန်း နဲ့ ကူတူ ပလောင် စခန်းမှာလည်း ရှိသေးတယ်။ ကျနော်ကိုယ်တိုင် မြင်တွေ့ခဲ့တာပါ။ သူတို့က ရွာတရွာကို ဝိုင်းလိုက်တယ်၊ ဝိုင်းပြီးတော့ အမျိုးသမီးနဲ့ ယောက်ကျား လေးတွေကို သီးသန့်ခွဲလိုက်တယ်။ အုပ်စုလိုက် ခွဲထားတယ်။ အဲဒီကရွေးပြီးတော့ အဓမ္မ ပြုကျင့်တာ၊ အဲလို လိင်ပိုင်းဆိုင်ရာ စော်ကားတာ။ နောက် မဖွယ်မရာလုပ်တာ။ တချို့အမျိုးသမီးတွေဆို ထမိန်ချွတ်တယ်။ နောက် ခန္ဓာတကိုယ်လုံးကို လက်နဲ့ ပိုက်ဆံရှာသလို၊ ရွှေငွေရှာသလို လက်နဲ့ ညှစ်တာရှိတယ်။ နောက် အများကြီးပဲ အဓမ္မကျင့်ခံရတယ်။ ကျနော်တို့ရဲ့ ဘာလုခါလီ-ဝမ်းမှာလည်း အများကြီးပဲ။ ကျနော်နေခဲ့တဲ့နေရာမှာလည်း အများကြီး ရှိတယ်။ နောက် တခြားနေရာ မှာလည်း အများအပြား ရှိသေးပါတယ်ခင်ဗျ။”

မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်းနဲ့ ကျုးလွန်သူတွေကိုလည်း ဖော်ထုတ် အရေးယူ တာတွေ ရှိကြောင်း ပြောဆိုထားသလို၊ ဒီသီတင်းပတ်ထဲမှာပဲ မြန်မာစစ်တပ်က အရာရှိနဲ့စစ်သည် ၇ ဦးကို စစ်တပ်က ထုတ်ပယ်ပြီး ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အခုလို ကုလအတွင်းရေးမှူးချုပ် ကိုယ်တိုင်က သတင်းအတိအကျပြောဆိုလာတဲ့ အပေါ်မှာ တော့ မြန်မာ စစ်တပ်တာဝန်ရှိသူတွေဘက်က ဖြစ်ရပ်တွေကို စုံစမ်း စစ်ဆေးသင့်သလို တရားဥပဒေပိုင်းအရ စီရင်ဆုံးဖြတ်ပေးသင့်တယ်လို့လည်း ဒေါက်တာခင်ဇော်ဝင်းကပြောပါတယ်။

“တိုင်းပြည်အတွက်ကော၊ စစ်တပ်အတွက်ကောရဲ့အနာဂါတ်ကိုကော လူကြီးဆန်ဆန်ကြည့်မယ်ဆိုရင် ဒီဥစ္စာတွေက လုပ်ရတော့ မှာပဲ။ ငြင်းဆန်နေလို့၊ ဘူးခံနေလို့ဆိုရင်တော့ မှားပြီးရင်း မှားအုံးမှာပဲ။ ဒီဥစ္စာကိုပြောချင်တာ နံပါတ်တစ်က ရင်ဆိုင်ပါ။ နောက်ပြီး တော့ ခံစားခဲ့ရတဲ့လူတွေက သူတို့ဘက်က ကြည့်ပြီးတော့ သူတို့ကျေနပ်အောင် လုပ်ပေးပါ။ ဒီနှစ်ခုပဲ၊ စစ်သား စစ်ဗိုလ်ဆိုလို့ရှိရင် ဒီဥစ္စာကို ရင်ဆိုင်ပြီးတော့ ကိုင်တွယ်ပါ။ ဒီတခုပဲ ကိုယ်ပြောချင် ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက တကျော့ပြန် ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည် ၇ သိန်း လောက်အနက် အများစုဟာ ပြင်းထန်တဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ဝေဒနာတွေ ခံစားနေကြရဆဲ ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေကို ကူညီနေတဲ့ နိုင်ငံတကာ ဆေးဖက်ဆိုင်ရာ ဝန်ထမ်း တွေနဲ့ အကူအညီပေးရေး ဝန်ထမ်းတွေရဲ့ မှတ်တမ်းတွေကို လည်း အစီရင်ခံစာမှာ ကိုးကား ဖော်ပြထားပါတယ်။

မြန်မာစစ်တပ် အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ ကျုးလွန်တယ်လို့ စာရင်း သွင်းခံထားရတဲ့ အစိုးရတွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ အစွန်းရောက်အုပ်စု စုစုပေါင်း ၅၁ ခုနဲ့ ပတ်သက်လို့ တနင်္လာနေ့ လုံခြုံရေး ကောင်စီမှာ အာရုံစိုက် ဆွေးနွေး လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

သိန်းချီတဲ့ ရိုဟင်ဂျာမူဆလင်တွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် မောင်းထုတ်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ပြစ်မှု ဆိုင်ရာခုံရုံး ICC က စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ရှေ့နေချုပ် က တောင်းဆိုထားသလို အခုလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်လို့ အစီ ရင်ခံစာထုတ်ပြန်ပြောဆိုချက်ခဲ့တဲ့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအရေး မြန်မာအစိုးရအနေနဲ့ လက်တွေ့ကျတဲ့ ဖြေရှင်းဆောင်ရွက်မှုတွေဆောင်ရွက်သင့်ပြီလို့လည်း အကဲခတ်တွေက တိုက်တွန်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG