သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump လူဝင်မှု မူဝါဒနဲ့ မြန်မာကျောင်းသားတွေအမြင်


Green Card
Green Card

လာမယ့်နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကပြည်ထောင်စုမှာ ကျောင်းပြီးသွားသူတွေကို အမြဲတမ်း နေထိုင်ခွင့် (Green Card) ထုတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲအကြို မဲဆွယ်မှုအဖြစ် ဇွန်လထဲမှာ လုပ်ခဲ့တဲ့ Podcast အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။ ဒါက လက်တွေ့မှာ ဘယ်လောက်ဖြစ်လာနိုင်ခြေရှိပါသလဲ။ မြန်မာကျောင်းသားတွေရဲ့ အမြင်တွေကို မခင်လေးက မေးမြန်းစုစည်းထားပါတယ်။

အရင်က ဒေါ်နယ်ထရမ့်ရဲ့မူဝါဒတွေကိုကြည့်ရင် 'ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအပေါ် တင်းကျပ်လေ့ရှိပြီး သူသာ ရွေးကောက်ပွဲပြန်နိုင်ရင် အထောက်အထားမဲ့နေထိုင်သူတွေကို စံချိန်တင်ပြန်ပို့မယ်'ဆိုပြီး အမြဲတမ်း ပြောနေတာပါ။ ဒါကြောင့် နိုင်ငံတကာက ကျောင်းသားတွေကို ဘွဲ့ရပြီးချိန်မှာ နေထိုင်ခွင့်ပေးဖို့ဆိုတာက ထူးခြားနေပြီး သူ့ရဲ့ မူဝါဒ အပြောင်းအလဲအဖြစ် သုံးသပ်ပြောဆိုလာကြတာပါ။ ထရမ့်ရဲ့ပြောဆိုချက် လက်တွေ့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ဝါရှင်တန် ဒီစီ၊ ဂျော့ချ်တောင်း တက္ကသိုလ် မဟာတန်းတက်နေတဲ့ မြန်မာကျောင်းသားတဦးကတော့ အခုလို မှတ်ချက်ပေးပါတယ်။

"တကယ်လို့ သူ သမ္မတဖြစ်ခဲ့မယ်ဆိုရင်တောင်မှ ဒီဟာကို သူအကောင်အထည်ဖော်ဖို့က လက်တွေ့မကျဘူးလို့ မြင်တယ်ပေါ့နော်။ ဖြစ်လာမယ်ပဲ စဥ်းစားကြည့်မယ်ဆိုရင်တောင်မှ ဒါက သူ တကယ့်ကိုတော်တဲ့၊ တတ်တဲ့ ကျောင်းသားတွေ၊ STEM မေဂျာ (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ) မှာ ရှိနေတဲ့ ကျောင်းသားတွေ၊ အဲ့ထဲကမှ တကယ့် တက္ကသိုလ်ကောင်းကောင်းမှာ Grade (အဆင့်) ကောင်းကောင်းရနေတဲ့သူတွေအတွက်ပဲ ဖြစ်မယ်လို့ ကျနော်ထင်တယ်။ ဒီနိုင်ငံမှာ ကျောင်းတက်ပြီး ဘွဲ့ရတဲ့ လူတိုင်းအတွက်တော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။"

တကယ်တမ်းမှာလည်း အမေရိကန်ပြည်ထောင်စုတဝန်းမှာ နိုင်ငံတကာ ကျောင်းသားအရေအတွက်က ၂၀၂၂ ခုနှစ် မှတ်တမ်းအရ တသန်းဝန်းကျင်အထိရှိနေလို့ ဒါဟာ များပြားလှတဲ့ပမာဏလို့ ထောက်ပြကြတာတွေ ရှိပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍဟာ ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ဆက်ပြီးရှိနေနိုင်ဖို့ နိုင်ငံတကာက နည်းပညာကျွမ်းကျင်သူ လုပ်သားလိုအပ်ချက်ရှိနေတာကို သမ္မတဟောင်းထရမ့်က သိနားလည်ထားတယ်လို့ ဂျော်ဂျီယာ နည်းပညာ အင်စတီကျု (Georgia Institute of Technology) မှာ ပါရဂူတန်းတက်နေတဲ့ ကိုမိုးကျော်သူက ထောက်ပြပါတယ်။

“ဒီ H-1B သမားတွေက ကြည့်တဲ့အခါမှာ အများစုက Master (မဟာဘွဲ့) တို့၊ Ph.D. (ပါရဂူဘွဲ့) တို့ရှိတယ်။ Master တို့၊ Ph.D. တို့က အမေရိကန်ကျောင်းသားတွေ ဘယ်လိုမှ အများစုက မရှိဘူး။ ဆိုတော့ ဒါကို အမေရိကန်ရဲ့ အလုပ်ရှင်တွေက သဘောကျတယ်။ ထရမ့်ကလည်း သိတာက Ph.D. တို့ Master ကျောင်းသားတွေ လိုအပ်တယ်။ အမေရိကန်ရဲ့ Scient & Technology (သိပ္ပံနဲ့ နည်းပညာ) အပိုင်းကို ကြည့်တဲ့အခါမှာ PhD နဲ့ Master ကျောင်းသား တွေမှာ အမေရိကန်က အားနည်းချက်ရှိတယ်ဆိုတာ လူတိုင်းသိတယ်။ ကျနော် ကိုယ်တိုင်လည်း အတန်းတတန်းယူဖူးတယ်။ အဲဒီမှာ ဆွေးနွေးရတယ်။”

အမေရိကန် လူဝင်မှုကြီးကြပ်ရေးကောင်စီ ကထုတ်ပြန်တဲ့ သုတေသန စာတမ်းအရ ဆိုရင် ကျွမ်းကျင်လုပ်သားတွေကို ခေါ်ယူတဲ့ H1B ဗီဇာက အမေရိကန်နိုင်ငံရဲ့ နည်းပညာကဏ္ဍ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်သလို၊ တဖက်မှာလည်း နိုင်ငံအတွင်းမှာ အလုပ်အကိုင်အခွင့် အလမ်းသစ် တွေကို ဖော်ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

PEW သုတေသန အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် ဧပြီလက အစီရင်ခံစာ တခုမှာ ဆိုရင်လည်း ဖွံ့ဖြိုးပြီး ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံအများစုပါတဲ့ OECD ၃၇ နိုင်ငံက အထက်တန်းကျောင်းသားတွေကြား နှိုင်းလေ့လာချက်မှာ အမေရိကန်ကျောင်းသားတွေဟာ သင်္ချာဘာသာရပ်မှာ အဆင့် ၂၈ မှာပဲ ရပ်တည်နေနိုင်ပြီး သိပ္ပံမှာဆိုရင် အဆင့် ၁၂ မှာပဲ ရပ်တည်နိုင်တာကိုတွေ့ရပါတယ်။

ဒီလို လိုအပ်ချက်တွေရှိနေလို့ ပညာတတ်ဘွဲ့ရတွေကို ဆွဲဆောင်နိုင်မယ့် လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေ ပြောဖို့လိုတဲ့အပြင် ရွေးကောက်ပွဲ နည်းဗျူဟာအရ ထရမ့်အနေနဲ့ နိုင်ငံတကာကျောင်းသားတွေကိစ္စ ထည့်သွင်း ပြောဆိုလာတာရှိပေမယ့် လက်တွေ့မှာတော့ အမြဲတမ်းနေထိုင်ခွင့် Green Card ထုတ်ပေးတဲ့အထိ ဖြစ်ဖို့ဆိုတာဟာ ခက်ခဲနိုင်တယ်လို့ ကိုမိုးကျော်သူက ရှုမြင်ပါတယ်။

“ထရမ့်အနေနဲ့ကျတော့ တဘက်မှာ သူ့ကို အားပေးတဲ့သူတွေနဲ့ Constituents (မဲဆန္ဒရှင်) တွေကို Please (ကျေနပ်အောင်) လုပ်ရမယ်၊ တဘက်မှာကျတော့ သူသမ္မတဖြစ်လာရင် realistically (လက်တွေ့ကျကျ) သူလုပ်ကို လုပ်ရမယ်။ အခု လက်ရှိမှာတော့ သူက ပြောမှာပဲ။ တကယ်တမ်း သူရွေးကောက်ပွဲနိုင်ပြီ ဖြစ်ခဲ့သည်ရှိသော် သူ ဘယ်လိုမှ လုပ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ကို ဒုက္ခပေးလိမ့်မယ်။ သူ့ရဲ့ Anti-immigrant (လူဝင်မှု ဆန့်ကျင်ကြတဲ့) ရီပတ်ဘလစ်ကန်တွေက ဒုက္ခ ပေးလိမ့်မယ်။”

သမ္မတဟောင်းထရမ့် အဲဒီလိုပြောပြီး မကြာခင်မှာ ရွှေ့ပြောင်းအခြေချသူတွေကို ဆန့်ကျင့်ရေး လှုပ်ရှားကြတဲ့အဖွဲ့တချို့က အမေရိကန် မီဒီယာတွေမှာ ဝေဖန်လာကြတာတွေလည်း တွေ့ခဲ့ရပါတယ်။

ဂျော့ချ်တောင်းတက္ကသိုလ် Environmental Sustainability Policy ပညာရပ်နဲ့ မဟာတန်းတက်နေတဲ့ မြန်မာကျောင်းသား ကိုရွှေရဲဟန်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံအတွင်းမှာ ကျောင်းလာတက်တဲ့ ကျောင်းသားတွေကို Green Card ထုတ်ပေးမယ့် လမ်းကြောင်း တခု ပိုတိုးလာမယ်ဆိုရင် မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် အကျိုးရှိတယ်လို့ ပြောပါတယ်။

“နိုင်ငံတကာ ကျောင်းသားတွေကို Green Card ထုတ်ပေးမယ်ဆိုရင်တော့ အကျိုးကျေးဇူးတွေ၊ အခွင့်အလမ်းတွေ အများကြီး ပိုရလာမှာပေါ့။ အမြင်သာဆုံးပြောရမယ်ဆိုရင်တော့ ကျနော်တို့ ကျောင်းပြီးတဲ့ အခါမှာ အလုပ်ဗီဇာ ထပ်လျှောက်စရာမလိုတော့ဘဲနဲ့ Green Card နဲ့ပဲ အလုပ် လုပ်ကိုင်ခွင့်ရလာမယ်ပေါ့နော်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုရလာမှာပေါ့။ တချို့အလုပ်တွေက အမေရိကန်နိုင်ငံသားဖြစ်မှတို့ Green Card ရှိမှဆိုတော့လေ။”

ဒီအချက်ကို ပြည်သူ့ရေးရာ မူဝါဒ Public Policy ဘာသာရပ် အထူးပြု ပါရဂူဘွဲ့လေ့လာနေသူ ကိုမိုးကျော်သူကလည်း သဘောတူပါတယ်။ တကယ်လုပ်နိုင်ရင် အမေရိကန်လူထုအတွက်ရော၊ နိုင်ငံတကာ ကျောင်းသားတွေအတွက်ပါ နှစ်ဦးနှစ်ဘက်အကျိုးရှိတဲ့ကိစ္စလို့ သူက ထောက်ပြပါတယ်။

“အမေရိကားရဲ့အားသာချက်က လူမျိုးစုံလာပြီး နေထိုင်လို့ ရတာပေါ့။ ဘယ်လောက် ရာခိုင်နှုန်း Contribute (ထောက်ပံ့) လုပ်နိုင်လဲဆိုရင် ကျနော် report (အစီရင်ခံစာ) တခုဖတ်နေတာမှာ ၂၀၁၉ နှစ်အတွက်ဒေတာပေါ့။ သူက အခွန်ရရှိမှုဟာ ၂ ဘီလီယံကနေ ၃ ဘီလီယံအထိ H1B ဗီဇာ သမားတွေဆီက ရတယ်။ အဲ့ဒီအားသာချက်ရှိတာပေါ့။”

အမေရိကန်အစိုးရကထုတ်ပြန်တဲ့စာရင်းမှာဆိုရင်လည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ နိုင်ငံတကာ ကျောင်းသားတွေဆီကတဆင့် ရတဲ့ဝင်ငွေဟာ ဒေါ်လာ ဘီလီယံ ၄၀ ကျော်ရရှိခဲ့တာပါ။ ဒါဟာ ၂၀၂၁-၂၀၂၂ ကထက် ၁၉ ရာခိုင်နှုန်းနီးပါး တိုးရလာတာဖြစ်သလို အလုပ်အကိုင်ပေါင်း ၄ သိန်းနီးပါးကိုလည်း ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တဘက်မှာလည်း သမ္မတဟောင်းထရမ့်ဟာ သူသမ္မတအဖြစ်တာဝန်ယူစဉ်ကတောင် ကျွမ်းကျင်လုပ်သားတွေအတွက် ထုတ်ပေးခဲ့တဲ့ H1B Visa ကို ၂၀၁၈ ခုနှစ်က ၂၄ ရာခိုင်နှုန်း ခေါ်ယူခဲ့ရာကနေ ၂၀၁၉ ခုနှစ်မှာ ၂၁ ရာခိုင်နှုန်း အထိသာ ခေါ်ယူခဲ့တာပါ။

ထရမ့်မှာ ဒီလို မှတ်တမ်းတွေရှိနေလို့ ဒုတိယအကြိမ် သမ္မတအဖြစ် ရွေးချယ်ခံရဖို့အတွက် ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ ပြောလာတဲ့ သဘောထားတာတွေက လက်တွေ့မှာ တကယ်ရော ဖြစ်နိုင်ပါ့မလားဆိုတဲ့အပေါ် မဟာဘွဲ့ကျောင်းသားဖြစ်တဲ့ ကိုရွှေရဲဟန်ကလည်း သံသယ ရှိနေပါတယ်။

“ဖြစ်လာနိုင်ခြေတော်တော့ကိုနည်းတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲဝင်တဲ့အစိုးရတွေက သူတို့ရွေးကောက်ပွဲကတိကဝတ်ကို မတည်တာမျိုးတွေက အများကြီး ရှိခဲ့တာပဲလေ။ ဒါက US တင်မဟုတ်ပါဘူး တခြားနိုင်ငံတွေမှာရောပေါ့။ အဲ့တော့ ဒါက ရွေးကောက်ပွဲ ကတိကဝတ်လို့တောင်ပြောလို့ မရသေးပါဘူး။ အဲ့ဒါအပြင် သူက ရှေ့မှာ Green Card ထုတ်ပေးမယ်လို့ ပြောခဲ့ပေမဲ့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကနေပြီး ပြန်ပြီးတော့ Process တွေကို ပြင်းပြင်းထန်ထန် လုပ်မယ်၊ ဟာမတ်စ်ထောက်ခံသူတွေ၊ ကွန်မြူနစ်တွေကို ပေးမှာမဟုတ်ဘူး။ တကယ့်ကို အမေရိကန် အကျိုးရှိတဲ့ တကယ့်ကို The most high skills labors (ကျွမ်းကျင်မှု အမြင့်ဆုံးရှိ လုပ်သား) တွေကိုပဲ ပေးမှာပါ ဆိုတာမျိုး၊ သူတို့ ပြန်ထုတ်ပြန်တာ ရှိတယ်လေ။ အဲ့တော့ သူတို့ တကယ်လို့ Green Card ထုတ်ပေးမယ် ဆိုရင်တောင်မှ တော်တော်လေးကို နည်းပါးတဲ့ ပမာဏပဲဖြစ်လိမ့်မယ်လို့ ကျတော်ကတော့ ယူဆပါတယ်။”

တဘက်မှာလည်း စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာနေတဲ့ မြန်မာနိုင်ငံက လူငယ် ပညာတတ်လေးတွေ အတွက် အမေရိကန်ပြည်ထောင်စုမှာ နေထိုင် အလုပ် လုပ်ကိုင်ခွင့်ရမယ့် အခွင့်အရေးက မျှော်လင့်စရာ ဖြစ်နေလို့ အမေရိကန် ရွေးကောက်ပွဲနဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေက သူတို့ဘဝ ရှေ့ရည်မှန်းချက် ပန်းတိုင်တွေနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ မြန်မာ ကျောင်းသား အသိုင်းအဝန်းက ယူဆထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG