ပါရှန်ပင်လယ်ကွေ့က Hormuz ရေလက်ကြားကိုဖြတ်မယ့် ကုန်တင်သင်္ဘောတွေမှာ အမေရိကန်တပ်ဖွဲ့ လိုက်ပါစောင့်ရှောက်ပေးဖို့ အမေရိကန်စစ်တပ်ကစဉ်းစားနေပြီး ဒါဟာ အရပ်ဘက်သင်္ဘောတွေကို အီရန်ကဖမ်းဆီးနေတာရပ်အောင်လုပ်ဆောင်တဲ့ မကြုံစဖူးလုပ်ရပ်ဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။
ပါရှန်ပင်လယ်ကွေ့မှာရှိတဲ့ ကျဉ်းမြောင်းတဲ့ဒီရေလက်ကြားမှာ ၂၀၁၉ ခုနှစ်ကတည်းက အီရန်က သင်္ဘောတွေကို ဆက်တိုက်ဖမ်းဆီးလာနေခဲ့ပြီး ဒါဟာ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ပျက်သွားတဲ့ နျူကလီယားသဘောတူညီချက် ပြန်ညှိနှိုင်းရေးအတွက် ဖိအားပေးဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
အမေရိကန်တပ်သားတွေကို ကုန်သင်္ဘောတွေမှာလိုက်ပါဖို့ တာဝန်ချတာဟာ ဒီသင်္ဘောတွေကို အီရန်ဖမ်းဆီးမယ့်ရန်ကတားဆီးနိုင်သလို တင်းမာမှုတွေလည်း တိုးလာနိုင်တာပါ။ ဒါဟာ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ရုရှားနဲ့တရုတ်ဆိုင်ရာကို ဦးစားပေးလုပ်ဆောင်ဖို့ကြိုးစားနေချိန်မှာ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်တပ်တွေရဲ့ ထူးထူးခြားခြား အရေးယူဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။
အခုလို လုပ်ဆောင်ဖို့အတွက် ထောင်နဲ့ချီတဲ့ မရိန်းတပ်သားတွေနဲ့ စစ်သားတွေနဲ့အတူ ကုန်းရေမောင်းနှင်နိုင်တဲ့ USS Bataan တိုက်ရေယာဉ်နဲ့ USS Carter Hall ရေယာဉ် ၂ စင်းကိုသုံးဖို့ စီစဉ်ထားကြောင်းလည်း အမေရိကန်အရာရှိတွေက AP သတင်းဌာနကို ပြောပါတယ်။
ကမ္ဘာ့ရေနံထွက်ကုန်အားလုံးရဲ့ ၂၀ % ကို သယ်ဆောင်တင်ပို့ရာ ဒီရေလက်ကြားကို စောင့်ကြပ်မယ့် ဘယ်လက်နက်ကိုင်တပ်ဖွဲ့အတွက်မဆို ဒီအမေရိကန်တပ်သားတွေက ထောက်ပံ့ကူညီမှာလည်း ဖြစ်ပါတယ်။ အခုလို အမေရိကန်ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အီရန်အဖွဲ့ကတော့ တစုံတရာ တုံ့ပြန်တာမရှိသေးပါဘူး။
ဒီရေလက်ကြားမှာ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ၁၉၈၈ မှာ Tanker War လို့ခေါ်တဲ့ အမေရိကန်နဲ့ အီရန်ကြား အကြီးမားဆုံး တရက်ကြာ ရေကြောင်းတိုက်ပွဲဖြစ်ပွါးခဲ့တာပါ။