သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် တက္ကသိုလ်တချို့မှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်ဖြစ်ပေါ်နေ


 မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများကို တွေ့ရစဉ်
မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများကို တွေ့ရစဉ်

(Zawgyi/Unicode)

အမေရိကန် ပြည်ထောင်စုမှာ တက္ကသိုလ်တွေ ပြန်လည် ဖွင့်လှစ်လာချိန်မှာဘဲ တက္ကသိုလ်တွေ အတွင်း COVID 19 ကူးစက်သူတွေ များလာတဲ့ အကြောင်း မ သိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Chapel Hill က မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ဟာ နိုင်ငံတွင်း အကြီးဆုံး တက္ကသိုလ်တွေထဲက တခုပါ။ တက္ကသိုလ် အတန်းတွေ ပြန်စဖွင့်တဲ့ သြဂုတ်လ ၁၀ ရက်နေ့ကနေ သြဂုတ်လ ၁၆ ရက်နေ့ အတွင်း ပထမဆုံး သီတင်းပတ် အတွင်းမှာဘဲ တက္ကသိုလ်တွင်း COVID-19 ကူးစက်ခံရသူ ၁၃၅ ယောက် တွေ့ရှိခဲ့တာမှာ ကျောင်းသားက ၁၃၀ နဲ့ ဝန်ထမ်း ၅ ဦး ပါဝင်ပါတယ်။ အခုတော့ စာသင်ကြားမှု ပုံစံကို ချက်ချင်းဘဲ ပြောင်းလိုက်ပြီး သြဂုတ်လ ၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က စလို့ ဘွဲ့ကြို ကျောင်းသားတွေ အားလုံးကို အဝေးသင်အဖြစ် ပို့ချတော့မှာ ဖြစ်ပါတယ်။

Chapel Hill က မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ် ပြန်ဖွင့်ပေမယ့် ကျောင်းသားတွေ အပါအဝင် အားလုံးကတော့ နှာခေါင်းစည်းတွေ မဖြစ်မနေ ဝတ်ကြရပြီး ဗိုင်းရပ်စ် ကာကွယ်ရေး အတွက် အထူး ပြင်ဆင်ဆောင်ရွက်ထားကြောင်း တက္ကသိုလ် Canteen ဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဝန်ထမ်း အင်အားက လူပိုများလာတယ်။ လူအသစ်တွေ ခေါ်တယ်လေ။ အစစ အရာရာ အကုန်လုံးက လူအင်အားသုံးပြီး ကိုယ်ကိုယ်တိုင် ပေးနေရတာကိုး။ ကျောင်းသားက လူပေါင်းစုံ နယ်ပေါင်းစုံက လာတဲ့ အခါကျတော့ သူတို့ကို ဘာမှ မထိတွေ့ မကိုင်တွယ် ခိုင်းတော့ဘူး။ နောက် အွန်လိုင်း အော်ဒါ ရှိတယ် အဆောင်တွေကို ပို့ပေးတာ ရှိတယ်။ ၂ ခု ထပ်တိုးလာတယ်။”

တက္ကသိုလ် Canteen မှာလည်း စာပွဲ တလုံးကို ကျောင်းသား တဦးစီဘဲ ထိုင်ဖို့ သတ်မှတ်ထားပြီး တယောက်နဲ့ တယောက် အကွာအဝေး တခုခြားဖို့ အသေအချာ စီစဉ်ထားတယ်လို့ လည်းသူက ပြောပါတယ်။ ကျောင်းသားတွေ အတွင်း ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်မှု အပေါ်မှာတော့ သူတွေ့ရတာကို အခုလို ပြောပါတယ်။

“ ဒါကတော့လေ ကလေးတွေကတော့ ကလေးတွေဘဲပေါ့။ တချို့ကျတော့လည်း ခပ်ခွာခွာ နေကြတာဘဲ။ တချို့ကြတော့လည်း သူ့အဖွဲ့နဲ့သူဘဲ။ သိတဲ့ အတိုင်းဘဲ ဂရုစိုက်တဲ့သူ စိုက်တယ်၊ မစိုက်တဲ့သူ မစိုက်ဘူးပေါ့။”

တက္ကသိုလ် ဝင်း အတွင်း COVID-19 ဖြစ်ပွားမှုနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းကနေ ၁၃ ဒသမ ၆ ရာခိုင်နှုန်း အထိ တိုးလာတာတွေ့ရကြောင်း မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ် ဝက်ဘ်ဆိုက်မှာ တနလာၤနေ့ က ဖော်ပြခဲ့ပါတယ်။ ကျောင်းသား ၁၀၀၀ လောက်ကို စစ်ဆေးခဲ့ကြောင်း၊ ၁၇၇ ဦးကို သီးသန့်စောင့်ကြည့်နေပြီး ၃၄၉ ဦးကိုတော့ Quarantine လုပ် သီးခြား ခွဲထားကြောင်းလည်း ဖော်ပြပါတယ်။

အိုကလာဟိုးမား ပြည်နယ် တက္ကသိုလ်မှာတော့ တက္ကသိုလ် ပြင်ပဆောင် တခုမှာ COVID ကူးစက်သူ ၂၃ ဦး တွေ့ရကြောင်း သြဂုတ်လ ၁၅ ရက်နေ့က ကြေညာပါတယ်။ ပြင်ပ ဆောင် တခုလုံးကို သီးခြားခွဲထားပြီး အပြင်ထွက်ခွင့်လည်း တားမြစ်မှာ ဖြစ်ပါတယ်။ Wyoming တက္ကသိုလ်မှာလည်း ကျောင်းသားနဲ့ ဝန်ထမ်း ၃၈ ဦးမှာ ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိကြောင်း တနလာၤနေ့က ထုတ်ပြန်ပါတယ်။ ဘော့စတွန် တက္ကသိုလ်မှာတော့ COVID-19 ကူးစက်ခံရသူ ၈ ဦး တွေ့ရှိထားပါတယ်။ အင်ဒီးယားနား ပြည်နယ် Notre Dame တက္ကသိုလ်မှာတော့ သြဂုတ်လ ၃ ရက်နောက်ပိုင်း COVID -19 စစ်ဆေးသူ ၆၅၄ ဦးထဲမှာ ၅၉ ဦး ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ပါတယ်။

New York Times သတင်းစာကြီးက လုပ်တဲ့ စစ်တမ်း တခုအရတော့ အဆင့်မြင့် ပညာရေးသင် တက္ကသိုလ် ကောလိပ် ၂၇၀ မှာ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကြား COVID-19 ကူးစက်သူ ၆,၆၀၀ တွေ့ရှိထားပြီး ကပ်ဘေးကာလအတွင်း ဗိုင်းရပ်စ် ကူးစက်မှုနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၁၄ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။ ဒီစာရင်းထဲမှာတော့ Austin က တက္ကဆက် တက္ကသိုလ်မှာ မတ်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၈ ရက်နေ့ အတွင်း ဗိုင်းရပ်စ် ကူးစက်ခံ ၄၄၉ ဦးနဲ့ အများဆုံး ဖြစ်ပါတယ်။ Central Florida တက္ကသိုလ်က ကူးစက်ခံ အတည်ပြု ၄၃၈ ဦးနဲ့ ဒုတိယ ဖြစ်ပြီး Georgia တက္ကသိုလ်ကတော့ ကူးစက်ခံ ၃၉၀ နဲ့ တတိယ နေရာမှာ ရှိပါတယ်။

တက္ကသိုလ်တွေနဲ့ ကောလိပ်တွေမှာ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ဖို့၊ နောက် တဦးနဲ့ တဦးကြား အကွာအဝေး တခုခြားပြီး နေထိုင်ရေး ညွှန်ကြားချက်တွေနဲ့ ကျောင်းတွေ ပြန်ဖွင့်ရေး စီစဉ်ဆောင်ရွက်ထားပေမယ်လို့လည်း ကျောင်းဝင်း အတွင်းမှာ ဗိုင်းရပ်စ် ပျံ့နှံ့ ရှိနေနိုင်ပြီး ကူးစက်နိုင်တယ်ဆိုတာကို စစ်တမ်းက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


.......


(Unicode)











XS
SM
MD
LG