သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲလွန် ဖြစ်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်း


Supporters of National League for Democracy gather to celebrate at party headquarters after the general election in Yangon, Myanmar, November 9, 2020.?REUTERS/Shwe Paw Mya Tin
Supporters of National League for Democracy gather to celebrate at party headquarters after the general election in Yangon, Myanmar, November 9, 2020.?REUTERS/Shwe Paw Mya Tin

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့် ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီရွေးကောက်ပွဲနောက်ပိုင်း အသစ်ပေါ်ထွန်းလာမယ့် မြန်မာ့နိုင်ငံရေးအခင်းအကျင်း ဘာဖြစ်လာမလဲဆိုတာကို မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ရှေ့ဦးစွာ ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တစ်ပါတီအစိုးရ ဖွဲ့စည်းနိုင်လောက်တဲ့ အမတ်နေရာ အလုံအလောက် ရရှိခဲ့ပြီလို့ ဒေါက်တာရန်မျိုးသိမ်းက စတင်ပြောဆိုပါတယ်။

ဖြေ ။ ။ အာဏာပါတီရဲ့ လူမှု့ကွန်ရက်စာမျက်နှာတွေပေါ်မှာ ဖော်ပြထားတဲ့ အနိုင်ရစာရင်းအရ ပြောမယ်ဆိုရင်တော့ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၃၇၀) ကျော်လောက်အထိကို အနိုင်ရထားတဲ့ အနေအထားလောက်ကို ဖြစ်တဲ့အခါကြတော့ တစ်ပါတီထဲအနေနဲ့ အစိုးရဖွဲ့နိုင်၊ သမ္မတရွေးကောက်တင်မြှောက်နိုင်တဲ့ အနေအထားမျိုး ရှိနေပြီလို့ ပြောလို့ရပါတယ်။

မေး ။ ။ ဆိုတော့ ကျနော်ဆက်မေးချင်တာက ဒီပေါ်မှာ အခြေခံပြီးတော့ တစ်ပါတီအနေနဲ့ အစိုးရ ပြန်ဖွဲ့စည်းနိုင်မယ်။ ပါတီက အင်အားပိုပြီးတော့ များလာတယ်။ ကောင်းလာတယ်။ အနိုင်ရလာတယ်ဆိုတော့ စိုးရိမ်မှုတချို့လည်း ပေါ်ထွက်နေပါတယ်။ တစ်ပါတီပုံစံမျိုး။ Elected Authoritarianism ရွေးကောက်ခံထားပြီးတော့ အာဏာပိုပြီးတော့ တစ်ဘက်သတ်ကျင့်သုံးတဲ့ အစိုးရမျိုး ဖြစ်လာလေမလားဆိုတဲ့ စိုးရိမ်မှုမျိုး ရှိနေပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး သုံးသပ်ပေးပါ။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တစ်ပါတီထဲ အစိုးရဖွဲ့စည်းနိုင်တဲ့ အနေအထားရှိပေမယ့်လို့ ငြိမ်းချမ်းရေးအကျပ်အတည်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း၊ တရားဥပဒေစိုးမိုးရေးအကျပ်အတည်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကျပ်အတည်းတွေအပြင် ကိုဗစ်ဆက်ကူးအလွန် စီးပွားရေးပြန်လည်ထူထောင်ရေးအကျပ်အတည်းဆိုတဲ့ ဒီအကျပ်အတည်းကြီးတွေကို ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ အစိုးရအနေနဲ့ အင်မတန်ကိုမှ အားကောင်းတဲ့၊ လုပ်ရည်ကိုင်ရည်ကောင်းတဲ့ အစိုးရမျိုး ဖြစ်လာဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကျနော့်အမြင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားပါတီတွေ၊ အခြားပါတီတွေက ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ကမ်းလှမ်းပြီးတော့ အားလုံးပါဝင်တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ National Unity Or National Solidarity Government ကို ဖွဲ့စည်းနိုင်ဖို့ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ ကျနော်တို့ ပြောပြောနေတဲ့ ညွှန့်ပေါင်းအစိုးရဆိုတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။

မေး ။ ။ အဲဒီတော့ ကျနော်မေးချင်တာက အဲဒီလိုဖြစ်နိုင်တဲ့ အလားအလာကော ရှိပါသလား။ NLD ဘက်က တိုင်းရင်းသားတွေကို အဲဒီလို ငါတို့ပေါင်းစည်းညီညွှတ်ရေးအစိုးရမျိုး ဖွဲ့ကြမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုး လုပ်နိုင်မယ်လို့ ထင်ပါသလား။ တိုင်းရင်းသားဒေသတချို့မှာတော့ တိုင်းရင်းသားပါတီတွေဘက်က အားကောင်းတာလည်း တွေ့ရပါတယ်။

ဖြေ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလို သောင်ပြိုကမ်းပြို အနိုင်ရထားတဲ့ အခြေအနေမျိုးမှာ ဒီလိုကမ်းလှမ်းမှုမျိုးကို လုပ်နိုင်မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီးတော့ အားကောင်းနိုင်တယ်လို့ မြင်ပါတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ အဲဒီလို လုပ်လာလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေအရ ပြောလို့ရှိရင် နိုင်ငံတော်သမ္မတကနေ ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် အားလုံးကို ခန့်အပ်တာဝန်ပေးတာ ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံတော်သမ္မတကနေပဲ တာဝန်ကနေ ရပ်စဲပိုင်ခွင့် သူ့မှာ ရှိပါတယ်။ ရာထူးကနေ အနားပေးပိုင်ခွင့်လည်း သူ့မှာရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့ အချို့အချို စိုးရိမ်ကြသလို အမျိုးသားညီညွှတ်ရေးအစိုးရ ပုံစံမျိုး ဖွဲ့စည်းလိုက်ရင် တစ်ပါတီတည်းဖွဲ့တဲ့ အစိုးရလောက် စွမ်းဆောင်ရေး ရှိပါ့မလား။ လုပ်နိုင်ကိုင်နိုင် အခွင့်အလမ်း ရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကို ကျနော်ကတော့ ကျော်လွှာနိုင်လိမ့်မယ်လို့ မြင်ပါတယ်။

မေး ။ ။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခြေအနေကို တချို့ကပြောကြတယ် ပိုပြီးတော့ ဆိုးလာနိုင်တယ်။ NLD က ဒီအတိုင်းဆက်သွားမယ်။ အင်အားပိုကြီးလာမယ်ဆိုရင်ဆိုပြီး တွက်ကြပါတယ်။ ဒေါက်တာရန်မျိုးသိန်း ဘယ်လိုခန့်မှန်းတွက်ချက်လိုပါသလဲ။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခြေအနေ၊ ရှေ့အလားအလာ။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ လာမယ့်အစိုးရနဲ့ လွှတ်တော်သက်တမ်းအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဖြစ်မနေ ရင်ဆိုင်ကျော်လွှားရမယ့် အကျပ်အတည်းကတော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အကျပ်အတည်းပါ။ အဲဒီအကျပ်အတည်းကို ညှိနိုင်းဆွေးနွေးပြီးတော့ ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ပြီးတော့ ကျော်လွှာနိုင်မှုကလဲ မဖြစ်မနေ လိုအပ်ပါတယ်။ အခုအချိန်မှာတော့ ရွေးကောက်ပွဲမတိုင်မီ အခြေအနေတွေနဲ့ သုံးသပ်မယ်ဆိုရင်တော့ အစိုးရနဲ့ တပ်မတော်ကြားမှာ တင်းမာမှုလေးတွေ၊ ထိပ်တိုက်တွေ့မှုလေးတွေ ရှိခဲ့သော်လဲပဲ၊ လာမယ့်အစိုးရသက်တမ်းနဲ့ လွှတ်တော်သက်တမ်းအတွင်းမှာတော့ ဒါတွေကို အကောင်းဆုံး ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာနိုင်လိမ့်မယ်၊ ယုံကြည်မှု၊ နားလည်မှု တည်ဆောက်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။

မေး ။ ။ တပ်မတော်ဘက်ကနေ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကော်မတီတစ်ခု ဖွဲ့စည်းခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒါအစစ်အမှန်လား မသိဘူး။ တကယ်လို့သာ အစစ်အမှန်ဆိုရင်တော့ အဲဒီအပေါ်မှာ တချို့ကလဲ အကောင်းမြင်တယ်။ တချို့ကလဲ သူတို့တစ်ဘက်သတ် လုပ်ချင်တယ်။ သူတို့သာ လုပ်ပြချင်တယ်ဆိုတဲ့ သဘောမျိုးလို့လဲ သုံးသပ်ကြပါတယ်။ အဲဒီကြေညာချက်ကို တွေးမိပါသလား။ ဆရာ့အနေနဲ့ ဘယ်လိုယူဆပါသလဲ။

ဖြေ ။ ။ ဒီကော်မတီက အခုမှဖွဲ့တာတော့ မဟုတ်ပါဘူး။ အရင် NLD အစိုးရလက်ထက် အစောပိုင်းကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ တပ်မတော်ကနေ ညှိနှိုင်းဆွေးနွေးဖို့ဆိုပြီးတော့ ဖွဲ့စည်းထားတဲ့ ကော်မတီပါ။ ဒီကော်မတီကို အခုအချိန်မှာ ကျနော် နားလည်တာကတော့ အစိုးရသစ်၊ လွှတ်တော်သစ်တွေ မပေါ်ခင်မှာ ကြိုပြီးတော့ ပြင်ဆင်ဖွဲ့စည်းထားတာလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ အဲဒီလို ဖွဲ့စည်းတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်လည်း ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ အဲဒီလို ဖွဲ့စည်းယုံတင်မကဘူး၊ တကယ်လဲပဲ မြေပြင်မှာ ကျနော်တို့ ဖြစ်နေတဲ့ အပစ်အခတ်တွေ၊ အတိုက်အခိုက်တွေ၊ တိုက်ပွဲတွေကို လျှော့ချနိုင်အောင် အစိုးရ-တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ လိုအပ်နေတယ်လို့ မြင်ပါတယ်။

မေး ။ ။ အထူးသဖြင့် တိုက်ပွဲပြင်းထန်နေတဲ့ AA နဲ့ ဖြစ်နေတဲ့ကိစ္စမျိုးမှာ တပ်မတော်ဘက်က အစတုန်းကတော့ လုံးဝအလျှော့မပေးဘူး၊ အသိအမှတ်မပြုဘူးလို့ လုပ်နေတာ ဒီအခြေအနေကော ပြန်ပြင်နိုင်တဲ့အထိ ပြောင်းလဲပါ့မလား။

ဖြေ ။ ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်စစ်စစ်မှန်မှန် ဖော်ဆောင်နိုင်ဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ နိုင်ငံရေးအရလည်း၊ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ အပစ်အခတ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေးမှာ အခုနပြောသလို အဖွဲ့အချို့ကို ချန်လှပ်ပြီးတော့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ် မဖြစ်နိုင်ပါဘူး။ အဲဒီလို အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ် မဖြစ်နိုင်ဘူးဆိုရင်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ခရီးပေါက်ဖို့ ခက်ပါလိမ့်မယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ ကိုယ့်ရပ်နေရပ်ရင်းကို အမြန်ဆုံး ပြန်ပြီးတော့ ပုံမှန်အခြေချနေထိုင် အလုပ်အကိုင်တွေ လုပ်ကိုင်နိုင်ရေး ရည်မှန်းချက်တွေကို ဖော်ဆောင်နိုင်ဖို့ဆိုတာ ပိုပြီးတော့ နှောင့်နှေးသွားနိုင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ကျနော့်အမြင်ကတော့ အစိုးရတပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့၊ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

မေး ။ ။ အဓိကတစ်ခုဖြစ်နေတာကတော့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေက အများစု အနိုင်ရရင် ပါတီက ရွေးချယ်ခဲ့တဲ့ ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက အသိအမှတ်ပြုပေးလာနိုင်တဲ့အထိ လိုက်လျောမှု ဖြစ်လာနိုင်သလား။ အဲဒီကိစ္စလဲ အတော်လေး အခက်အခဲ ဖြစ်တယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ပြေလည်ရေးမှာ။ ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ လတ်တလော ကျနော်တို့ တွေ့နေရတဲ့ အနေအထားတွေအရ ပြောမယ်ဆိုရင်တော့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေကနေ အဆိုပြုတဲ့ ပုဂ္ဂိုလ်က ဝန်ကြီးချုပ် ဖြစ်လာဖို့တော့ အလားအလာနည်းတယ်လို့တော့ ကျနော်မြင်ပါတယ်။ သို့သော်လဲပဲ ပြည်နယ်အစိုးရတွေမှာ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီးတော့ တာဝန်ပေးတာမျိုး။ လက်ရှိ NLD အစိုးရနဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေကြားမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်တာမျိုးတွေတော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီးတော့ အစိုးရအဖွဲ့ထဲမှာ ပူးပေါင်းပါဝင်စေချင်တယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ ဒီမိုကရေစီ-ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေအတွက်လည်း အများကြီးအထောက်အကူ ပြုလိမ့်မယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။

မေး ။ ။ နောက်တစ်ခုက တပ်မတော်နဲ့ တဆက်တည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နောက်လာမယ့် အစိုးရဖွဲ့တဲ့အခါမှာ သမ္မတ ဖြစ်လာနိုင်တဲ့ အလားအလာကိုလည်း သုံးသပ်ပေးပါ။

ဖြေ ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ လာမယ့်လွှတ်တော်မှာ ဒုတိယသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းတဲ့အထဲမှာ ပါလိမ့်မယ်လို့ ကျနော့်အနေနဲ့ မမြင်ပါဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီချုပ်အနေနဲ့ပဲ ဆက်ပြီးတော့ ရှိနေလိမ့်မယ်လို့ ကျနော့်အနေနဲ့ အဲဒီလိုသုံးသပ်ပါတယ်။

မေး ။ ။ ဆိုတော့ ဆက်ပြီးတော့ သက်တမ်းတိုးမှာပေါ့။

ဖြေ ။ ။ သက်တမ်းတိုးတာမျိုးဖြစ်ဖို့ အလားအလာ ရှိတယ်လို့ သုံးသပ်ပါတယ်။ အရင့်အရင်ကလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တုန်းကလဲ အသက် (၇၀) ကျော်လောက်အထိ တပ်မတော်ကာကွယ်ရေးဦးစီချုပ် တာဝန်ကို ထမ်းဆောင်ခဲ့တာမျိုး တွေ့ရပါတယ်။ နောက်တစ်ချက် ကျနော်စဉ်းစားတာကတော့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် နောက်တစ်ယောက် အပြောင်းအလဲဟာ နိုင်ငံရေးအရ တည်ငြိမ်ပြီးတော့ အရပ်ဘက်-စစ်ဘက် နှစ်ဘက်ကြားမှာ ဆက်ဆံရေးအားကောင်းတဲ့ အခြေအနေမျိုးမှာပဲ အပြောင်းအလဲကို လုပ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်

မေး ။ ။ NLD ပါတီအတွင်းမှာလဲ အစတုန်းကတော့ ပုဂ္ဂိုလ်ရေးအရ ကြီးစိုးနေတယ်။ ပါတီအတွင်း ဒီမိုကရေစီ မရှိဘူး။ ညှိနှိုင်းဆောင်ရွက်တာထက် လူတစ်ဦးတစ်ယောက်တည်း သဘောဆန္ဒအတိုင်း လုပ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ပါတီအတွင်း ဒီမိုကရေစီ ပိုမိုရှင်သန်ပြီးတော့ ဒီမိုကရေစီပါတီတစ်ခုအနေနဲ့ ပိုပြီးရှင်သန်ကြီးထွားလာလိမ့်မယ်လို့ ယူဆမိပါသလား။ ပါတီတွင်း တစ်စုံတစ်ရာ ပြောင်းလဲလာနိုင်ပါသလား။

ဖြေ ။ ။ မဖြစ်မနေ ပါတီအတွင်း အပြောင်းအလဲကို ဖော်ဆောင်ဖို့ကတော့ လုပ်ရမှာပါ။ လူ ပုဂ္ဂိုလ်အခြေခံတဲ့ နိုင်ငံရေးကနေ Institution တွေကို အခြေခံတဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးပါတီတွေဖြစ်အောင် မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။


==Unicode==






















==Unicode==























XS
SM
MD
LG