မြန်မာပြည်မှာ ဘဝအခြေအနေ ကောင်းမွန်လာလိမ့်လို့ လူငယ်အများစုက မြင်ကြပါတယ်။ အသက် (၁၈) နှစ်နဲ့ (၃၀) ကြားက လူငယ် (၂၄၇၃) ကို ရန်ကုန်အခြေစိုက် British Council က စစ်တမ်းကောက်ယူတဲ့အခါမှာ (၇၅) ရာခိုင်နှုန်းက လာမယ့် (၅) နှစ်အတွင်း ဘဝအခြေအနေ ကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ သူတို့အထဲမှာ (၂၅) ရာခိုင်နှုန်းဟာ အလုပ်မရှိကြပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းသာယာရေးအတွက် ဒီမိုကရေစီ ပြုပြင်ရေး လုပ်ရမယ်လို့ ယုံကြည်သူက (၉၀) ရာခိုင်နှုန်း ရှိပါတယ်။ ရွေးကောက်တင်မြောက်တဲ့ အစိုးရတွေ လက်ထက်မှာ ကောင်းမွန်လာတယ်လို့ မြင်ကြပါတယ်။
နိုင်ငံရေးလွတ်လပ်မှုကို တန်းဖိုးထားပေမယ့် စိတ်ထင်တိုင်းပြောလို့ မရဘူးဆိုတာကို လူငယ်အများစုက သဘောပေါက်ကြပါတယ်။ စည်းကမ်းကျင့်ဝတ် ကောင်းမွန်အောင် အစိုးရ ထိန်းချုပ်ပေးရမယ်ဆိုတာကို နားလည်သူ (၇၀) ရာခိုင်နှုန်း ရှိပါတယ်။ လာမယ့် (၅) နှစ်အတွင်း ငြိမ်းချမ်းရေး သဘောတူညီချက် ရလိမ့်မယ်လို့ လူငယ် (၅၀) ရာခိုင်နှုန်းက ယုံကြည်ကြပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ စေ့စပ်ဆွေးနွေးရာမှာ ခရီးမရောက်လို့ အရပ်သားအစိုးရကို အားမလိုအားမရ ဖြစ်သူတွေ ရှိကြပါတယ်။
ရေရှည်ငြိမ်းချမ်းရေးရဖို့အတွက် အရေးကြီးဆုံးက ဘာလဲလို့ လူငယ်တွေကို မေးကြည့်တဲ့အခါမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး၊ ဆင်းရဲမှုလျော့နည်းဖို့ အရေးကြီးဆုံးလို့ (၉၀) ရာခိုင်နှုန်းက ဖြေပါတယ်။ ပညာရေးစနစ်ကောင်းရင် ငြိမ်းချမ်းရေးအခြေခံ ခိုင်မာနိုင်တယ်လို့ ယုံကြည်သူက (၇၅) ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဖယ်ဒရယ်စနစ် အရေးပါတယ်လို့ ယုံကြည်သူကတော့ (၃၀) ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ဖယ်ဒရယ်စနစ်ဟာ အဓိကမကျဘူးလို့ ယုံကြည်တဲ့သဘောပါ။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေ ယုံကြည်လာအောင် အစိုးရက ဆွဲဆောင်နိုင်ပါ့မလားလို့ သံသယ ဖြစ်သူတွေလည်း ရှိပါတယ်။ တပ်မတော်ကိုလည်း လူငယ်တွေက အယုံအကြည်ရှိပုံ မရပါဘူး။ နယ်ဘက်မှာ ဖြစ်ပွားသွားတဲ့ လူ့အခွင့်အရေး ချိုးဖျက်မှု၊ မတရားလုပ်မှု၊ အနိုင်ကျင့်မှု စတာတွေနဲ့ တပ်မတော် ဆက်စပ်နေတယ်လို့သာ လူငယ်အများစုက မြင်ကြပါတယ်။
စစ်တမ်းယူတဲ့ လူငယ် (၇၈) ရာခိုင်နှုန်းဟာ မိသားစုကို အလွန်တန်းဖိုးထားပါတယ်။ ဒီနေရာမှာ အမျိုးသားရော၊ အမျိုးသမီးရော သဘောထားချင်း တူနေကြပါတယ်။ သူတို့အတွက် အသပြာငွေကြေး၊ ကျန်းမာရေးနဲ့ အလုပ်ရရှိရေးဟာ မိသားစုလောက် အရေးမကြီးပါဘူး။ မိသားစုအရေးပြီးတော့မှ ကျန်းမာရေး၊ ငွေကြေး၊ အလုပ်၊ ဘာသာရေး၊ ပညာရေး၊ ဝါသနာ၊ နိုင်ငံရေး၊ မိတ်ဆွေအရေး၊ အချစ်ရေး စတာတွေကို စဉ်းစားလာကြတာ တွေ့ရပါတယ်။ ဘဝရည်မှန်းချက်ရှိရေးနဲ့ ဘာသာရေးဟာ အရေးကြီးကြောင်း လူငယ် (၉၃) ရာခိုင်နှုန်းက ယုံကြည်ကြပါတယ်။ တချို့ကလည်း မိမိရဲ့အသွင်လက္ခဏာကို ဖော်ပြရာမှာ ဘာသာရေးဟာ အရေးကြီးတယ်လို့ မြင်ကြပါတယ်။
စစ်တမ်းရဲ့ ထူးခြားချက်တစ်ခုကတော့ နိုင်ငံရေးစိတ်မဝင်စားတဲ့ လူငယ်တွေ များပြားနေတာပါပဲ နိုင်ငံရေးဟာ သူတို့ဘဝမှာ အရေးကြီးတယ်လို့ပြောတဲ့ လူငယ်ဦးရေဟာ (၆၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါပေမဲ့ မိမိကိုးကွယ်တဲ့ ဘာသာကြောင့် ခွဲခြားဆက်ဆံခံရတဲ့ အတွေ့အကြုံ ရှိတယ်လို့ စစ်တမ်းဖြေကြားသူ (၂၀) ရာခိုင်နှုန်းက ဆိုပါတယ်။ ရောဒေသကိုလိုက်ပြီး ခွဲခြားဆက်ဆံပုံခြင်း မတူကြပေမယ့် အားလုံခြုံကြည့်လိုက်ရင် စစ်တမ်းဖြေကြားသူ (၇၂) ရာခိုင်နှုန်းဟာ ခွဲခြားဆက်ဆံတာကို ခံရဖူးတယ်လို့ ဆိုပါတယ်။ တခါတရံ ခံရသူ (၆၀) ရာခိုင်နှုန်း၊ မကြာခဏ ခံရဖူးသူ (၃၆) ရာခိုင်နှုန်းရှိကြောင်း ဖော်ပြပါတယ်။ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး လူငယ်အတော်များများ သတိထားကြတာ တွေ့ရပါတယ်။ စစ်တမ်းဖြေကြားသူ လူငယ် (၈၀) ရာခိုင်နှုန်းဟာ မူးယစ်ဆေးသမားတွေနဲ့ အပေါင်းအသင်း မလုပ်ဖူးလို့ ဆိုပါတယ်။ စိတ်ကျန်းမာရေး ချို့တဲ့သူတွေနဲ့လည်း မိတ်ဆွေမဖြစ်လိုကြောင်း လူငယ် (၄၇) ရာခိုင်နှုန်း ပြောပါတယ်။
မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းအတွက် ဝိုင်းဝန်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ စစ်တမ်းယူခံရတဲ့ လူငယ်အများစုက ယုံကြည်တာဟာ ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ အရပ်သားအသင်းအဖွဲ့တွေ ရှိလာတာဟာ ခေတ်လူငယ်ရဲ့ အတွေးအမြင်ကို ဆန်းသစ်စေပါတယ်။ ဒီအသင်းအဖွဲ့တွေဟာ လူငယ်ကို သင်တန်းပေးပြီး ကူညီပံ့ပိုးပေးတာတွေ ရှိပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေမှာ လူငယ်တွေ ပါဝင်လှုပ်ရှားလာကြတာ တွေ့ရပါတယ်။ တိုင်းရင်းသား လူငယ်အဖွဲ့အစည်းတွေလည်း ရှိလာပါတယ်။
လူငယ်တစုတည်ထောင်ထားတဲ့ မန္တလေးအခြေစိုက် “ယုံကြည်ရာ အသိပညာ ပြန်ပွားရေးအသင်းနှင့် အခမဲ့စာကြည်တိုက်” ဟာ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ရေးရာ အလုပ်ရုံဆွေးနွေးပွဲ လုပ်နေပါတယ်။ လူငယ်တွေ နိုင်ငံ့အရေး စိတ်ဝင်စားအောင် လုပ်ဆောင်ရာမှာ ဒီလိုအဖွဲ့အစည်းမျိုးတွေဟာ အဓိက အခန်းမှာ ပါဝင်နိုင်ပါတယ်။ တက္ကသိုလ် ကျောင်းသူကျောင်းသား သုံးရာလောက်ကို နှစ်စဉ်ခေါင်းဆောင်မှု သင်တန်းပေးနိုင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ လူငယ်ဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တာမို့ လူငယ်တွေရဲ့ လှုပ်ရှားမှုကိုကြည့်ရင် မြန်မာပြည်ရဲ့ အနာဂတ်ကို အကဲခတ်နိုင်မယ်လို့ ယူဆရပါတယ်။
==Unicode==