ပြန်လည်ထုတ်လွှင့် --- ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ - ၁၉၄၇ ခု ပင်လုံသဘောတူညီချက်ဟာ ဒီကနေ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပြဿနာ ပြေလည်ရေးအတွက် အကောင်းဆုံးသော စံနမူနာတရပ် ဟုတ်ပါသလား။ ၂၁ ရာစု ပင်လုံညီလာခံကနေ ပြည်ထောင်စုပြဿနာ ပြေလည်နိုင်တဲ့ အဖြေပေါ်ထွက်လာနိုင်သလား ဆိုတာ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ Steinberg ခင်ဗျာ … အခုလာမယ့် သြဂုတ်လမှာ (၂၁) ရာစု ပင်လုံညီလာခံဆိုတာ ကျင်းပမယ်လို့ စီစဉ်နေကြပါတယ်။ ဆိုတော့ (၂၁) ရာစု ပင်လုံညီလာခံလို့ ဆိုတဲ့နေရာမှာ လူတွေဟာ (၂၀) ရာစု သို့တည်းမဟုတ် ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးခေါ်ယူခဲ့တဲ့ ပင်လုံညီလာခံကို စံထားပြီးတော့ ကျင်းပမယ့်သဘော ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်ဟာ ဗိုလ်ချုပ်အောင်ဆန်း ကျင်းပခဲ့တဲ့ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံရဲ့ ဇစ်မြစ်ကို နည်းနည်းစမ်းစစ်ကြည့်ချင်ပါတယ်။ အဲဒီ ပင်လုံသဘောတူညီချက်ဆိုတာဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ပြဿနာ ပြေလည်ရေးအတွက် အကောင်းဆုံး စံနမူနာထားလောက်တဲ့ စာချုပ်လို့ ဆိုနိုင်ပါသလား။
Prof. Steinberg ။ ။ ကျနော် မထင်ပါဘူး။ အဲဒီ သဘောတူညီချက်ဟာ ဗြိတိသျှတွေက ဗမာနိုင်ငံကို တစည်းတလုံးတည်း လွတ်လပ်ရေး ပေးဖို့အတွက် ဖန်တီးပေးလိုက်တဲ့အတွက် အရေးကြီးပါတယ်။ အဲဒီမတိုင်ခင်ကဆို ကရင်တွေက လွတ်လပ်ရေးကို လိုချင်နေတြတာပါ။ ဒါပေမဲ့ ကရင်တွေက ပင်လုံညီလာခံမှာ လေ့လာသူအဖြစ်ပဲ တက်ရောက်ခဲ့တာပါ။
ဦးကျော်ဇံသာ ။ ။ မွန်နဲ့ ရခိုင်တို့လည်း လူမျိုးရေးကိုယ်စားလှယ်တွေ အဲဒီမှာ သီးခြားမပါဝင်ခဲ့ဘူးပေါ့။
Prof. Steinberg ။ ။ မှန်ပါတယ်။ ကိုယ်စားလှယ်တွေ မပါဝင်တာ အများကြီးပါ။ အဲဒါကြောင့် ဒီညီလာခံဟာ အကောင်းဆုံး အဖြေတရပ် မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော် ယုံကြည်တာက ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ဖယ်ဒရယ်အစိုးရတရပ် လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဘယ်လို ဖယ်ဒရယ်ဆိုတာကိုတော့ မရှင်းလင်းခဲ့ပါဘူး။ အခုထက်ထိ အားလုံးကျေနပ်လက်ခံနိုင်မယ့် ဘယ်လို ဖယ်ဒရယ်ဖြစ်မယ်ဆိုတာ ဘယ်သူကမှ အဓိပ္ပါယ်မဖွင့်ကြသေးပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခုက အဲဒီတုန်းက တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားတချို့နဲ့ ပြောကြပါတယ်။ သူတို့ဟာ ဗမာစကားလည်း မကျွမ်းဘူး။ သူတို့ပြောတဲ့စကားလည်း ပင်လုံညီလာခံမှာ မပေါက်မြောက်ဘူး။ နိုင်ငံရေးနှိုးကြားမှုလည်း မရှိသေးဘူး။ ဒါကြောင့် သူတို့ဟာ သူများပြောတာကို လွယ်လင့်တကူ ခေါင်းငြိမ့်ခဲ့ရတယ်လို့ ဆိုကြတဲ့ကိစ္စ ဖြစ်ပါတယ်။
Prof. Steinberg ။ ။ ဟုတ်ပါတယ်။ သူတို့ဟာ သိပ်ပြီးတော့ ပညာသိပ်မတတ်ကြသေးပါဘူး။ ဖယ်ဒရယ် ဆက်ဆံရေးက ဘယ်လို သိမ့်မွှေ့ရှုပ်ထွေးတယ်ဆိုတာကို နားလည်တဲ့ ပညာတတ်တွေ မရှိသေးပါဘူး။ ဖယ်ဒရယ် ဆက်ဆံရေးဆိုတာ နိုင်ငံရေးအာဏာ အတိုင်းအတာတခုအထိ လွှဲပြောင်းပေးတာနဲ့ အတိုင်းအတာတခုအထိ စီးပွားရေးအာဏာ လွှဲတာတို့ ပါဝင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတုန်းကတော့ စီးပွားရေး အခွင့်အာဏာကိစ္စကို မဆွေးနွေးခဲ့ကြဘူး ထင်ပါတယ်။
Prof. Steinberg ။ ။ မှန်ပါတယ် ဘာကြောင့်လဲဆိုတော့ အဲဒါက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက ဗြိတိသျှတွေက မြန်မာအများစုရှိတဲ့ ဒေသတွေကိုပဲ လွတ်လပ်ရေး ပေးပြီးတော့ ကျန်တဲ့ဒေသတွေကို သီးခြားခွဲထုတ်မယ်ဆိုတဲ့ ကိစ္စပါ။ လူနည်းစုဒေသတချို့ကို သီးခြားအုပ်ချုပ်နေခဲ့တာပါ။
ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် သူ့ရဲ့ မူလရည်မှန်းချက်လည်း သွေဖီသွားခဲ့တယ်။ အခုအခါမှာ မိုင်ဂျာယန်မြို့မှာ တိုင်းရင်းသားတွေက ညီလာခံ ကျင်းပနေပါတယ်။ အဲဒီညီလာခံမှာ ဘာပြောလဲဆိုတော့ ပင်လုံကို အဓိပ္ပါယ် ဖွင့်ဆိုမယ်ဆိုတဲ့ အချက်တချက်လည်း ပါဝင်တယ်။
Prof. Steinberg ။ ။ ပင်လုံညီလာခံက မြန်မာ့သမိုင်းမှာ သိပ်ပြီးတော့ အရေးကြီးတဲ့ ဖြစ်ရပ်ပါ။ ဒီဖြစ်ရပ်မျိုးနဲ့ ပတ်သက်ပြီးတော့ စိတ်ကူးရင် ပြောကြားမှုတွေ၊ လိုရာဆွဲပြီးတော့ ပြောတာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒုတိယပင်လုံညီလာခံ ကျင်းပပြီး ကောင်းမွန်တဲ့ အဖြေတရပ် ရရှိတဲ့ကိစ္စဟာ ကောင်းမွန်တဲ့ကိစ္စ ဖြစ်ပါတယ်။ လူများစု၊ လူနည်းစု ဆက်ဆံရေးပြဿနာက အင်မတန်ကြောက်စရာကောင်းတဲ့ ပြဿနာပါ။ လွတ်လပ်ရေး မရခင်ကတည်းကရှိတဲ့ ပြဿနာလို့ ပြောရမှာပါ။ သိပ်ပြီးတော့ အရေးကြီးပါတယ်။ ဦးနု အရပ်သားအစိုးရလည်း လုံးဝမဖြေရှင်းနိုင်ခဲ့ပါဘူး။ စစ်တပ်က အခြေအနေ ပိုဆိုးအောင် လုပ်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရက ဖြေရှင်းဖို့ စတင်လုပ်ခဲ့ပါတယ်။ လက်ရှိ အစိုးရအနေနဲ့ ပြဿနာကို အပြုသဘောဆောင်တဲ့ ရလဒ်တစုံတခုရအောင် ကြိုးပမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ မသိနိုင်သေးပါဘူး။
ဦးကျော်ဇံသာ ။ ။ အခု ဗဟိုအစိုးရတွေအကြောင်း ဆက်မပြောခင်မှာ တိုင်းရင်းသားအင်အားစုတွေဘက်ကရော သူတို့အချင်းချင်း စည်းလုံးညီညွတ်မှု ရှိပါရဲ့လားကို ကြည့်ကြရအောင်ပါ။ ကျနော် တွေးမိသလောက်ကတော့ တိုင်းရင်းသားတွေဘက်ကလည်း အကြီးအကျယ် စည်းလုံးညီညွှတ်မှု မရှိကြဘူးလို့ ဆိုပါတယ်။
Prof. Steinberg ။ ။ အဲဒီလိုပဲ ထင်ပါတယ်။ အရင်တုန်းကလဲ တိုင်းရင်းသားလူနည်းစုတွေ စုရုံးကြတိုင်း ခဏတဖြုတ် အောင်မြင်ပြီးတော့ ကျရှုံးသွားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နယ်မြေတခုဟာ လူမျိုးစုတစုတည်း သီးခြားနေတာ မဟုတ်ဘဲ၊ အကုန်ရောနှောပြီး နေကြတာပါ။ ပထဝီ အနေအထားအရ ရောနှောနေကြတာပါ။ ဒါကို မကြည့်ဘဲ အင်အားစုတချို့ကဆိုရင် ဖြစ်နိုင်တာထက် အခွင့်ရေးကို ပိုတောင်းနေကြပါတယ်။ ဒါနဲ့ အချင်းချင်း ပြဿနာတွေ တက်နေကြတာပါပဲ။ ဥပမာ ပြောရရင် ဝတွေရဲ့ ကိစ္စပါ။ သူတို့က သီးခြားပြည်နယ် လိုချင်ကြပါတယ်။
ဦးကျော်ဇံသာ ။ ။ ဝ ကိစ္စမှာ နောက်ကွယ်က တရုတ်ရှိနေတယ်လို့ မထင်ဘူးလား။
Prof. Steinberg ။ ။ နောက်ကွယ်မှာ တရုတ်ပါနေတယ်ဆိုတာတော့ ကျနော် မသိပါဘူး။ ဒါပေမဲ့ ကျနော် အသေအချာ ယူဆထားတာကတော့ ဝပြည်နယ်ဟာ စီးပွားရေး နဲ့ အတိုင်းအတာတခုနဲ့ ယဉ်ကျေးမှုအရ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်နဲ့ ပေါင်းစည်းနေမိပြီ ဖြစ်ပါတယ်။ မူလတန်းကျောင်းတွေမှာ တရုတ်စာသင်တယ်။ အခြေခံအဆောက်အဦးတွေအားလုံး တရုတ်က တည်ဆောက်တယ်။ စီးပွားရေးအရလည်း ယူနန်နယ်တောင်ပိုင်းကို အခြေခံထားတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ပြဿနာပါ။ ဒီကိစ္စမှာ တရုတ်နဲ့ ဘယ်လိုဆက်ဆံရမလဲ။ ဝကို ဘယ်လို ကိုင်တွယ်ရမလဲ။ ရှမ်းနဲ့ ဘယ်လို လုပ်ရမလဲ။
ဦးကျော်ဇံသာ ။ ။ ဝအပြင် တခြားတိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို လက်ခံဖို့ ဗမာလူမျိုးစု အများစုပါဝင်တဲ့ ဗဟိုအစိုးရက ဘယ်လောက်အထိ အဆင်သင့် ဖြစ်နေပြီဆိုတာကို ကြည့်ရအောင်ပါ။ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် … တိုင်းရင်းသားတွေနဲ့ မကြာခင်ကတွေ့တုန်းက တောင်းချင်တာတောင်းကြ၊ ကိုယ့်ဖက်က ဘာပြန်ပေးနိုင်မလဲဆိုတာလဲ ကြည့်ကြ၊ တောင်းသလောက်လဲ ပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် ဗဟိုအစိုးရရဲ့ အဆင်သင့်ဖြစ်မှု ဘယ်လိုရှိမလဲလို့ ထင်ပါလဲ။
Prof. Steinberg ။ ။ ပြဿနာက တိုင်းရင်းသားလူနည်းစုတွေက သူတို့ လိုချင်တာ နဲ့ သူတို့ တကွဲတပြားစီ ဖြစ်နေတာပါ။ တချို့က အကန့်အသတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်။ စီးပွားရေး ချုပ်ကိုင်ခွင့်ကို လိုချင်နေကြတာပါ။ တချို့ကလည်း ဒီအခွင့်အရေးတွေကို သိပ်ကျယ်ကျယ်ပြန့်ပြန့် လိုချင်ကြပါတယ်။ တခါ လက်နက်ကိုင်အင်အားစုတွေကလည်း ဘယ်လို လုပ်ရမလဲ။ ဗဟိုအစိုးရနဲ့ ဘယ်လို အံ့ဝင်ခွင်ကြဖြစ်အောင် လုပ်မလဲဆိုတာ၊ အဲဒါတွေက သိပ်ပြီးတော့ ရှုပ်ထွေတဲ့ကိစ္စတွေပါ။ ပြီးတော့ ဖယ်ဒရယ်စနစ်ကို ဘယ်လိုပုံစံနဲ့ ဘယ်သူကမှ အတိအကျ မပြောကြသေးပါဘူး။ NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ ဖယ်ဒရယ်ပုံစံ လိုလားတယ်လို့ ကြေညာခဲ့ပါမယ့် အတိအကျ ဘယ်လို ပုံစံမျိုးဆိုတာ မပြောခဲ့ပါဘူး။ တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အလွန်အကျွံပေးမှာကိုလည်း စစ်တပ်က အထူးစိုးရိမ်နေတယ်လို့ ထင်ပါတယ်။ စစ်တပ်က ပြည်ထောင်စု မပြိုကွဲရေးကို နှစ်ပေါင်းများစွာ ပြောလာခဲ့တာပါ။ တိုင်းရင်းသားတချို့က အခု မပြောတော့ပေမယ့် အရင်က လွတ်လပ်ရေးယူဖို့အတွက် ပြောနေကြတာပါ။ စစ်တပ်က အဲဒါကို အခုထိ ကြောက်ရွံနေခဲ့တုန်းပါ။
ဦးကျော်ဇံသာ ။ ။ နောက် ဒီမှာ ကျနော် မေးချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အနိုင်မရခင်ကာလတုန်းက တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး အတော်ကောင်းခဲ့တယ် ထင်ပါတယ်။ အခုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေ ဆက်ဆံရေး အဖုအထစ်တွေ ရှိလာတယ်လို့ ထင်ပါတယ်။ ဘယ်လို သဘောရပါလဲ။
Prof. Steinberg ။ ။ အဲဒါက ဘာကြောင့်လဲဆိုတော့ အတိုက်အခံဘဝဆိုတာ တာဝန်ယူစရာ မလိုပါဘူး။ အာဏာရလာတဲ့အခါမှာ တာဝန်ယူလာရပါတယ်။ နောက်ပြီးတော့ ဒေသတွေအားလုံးရဲ့ အုပ်ချုပ်ရေးဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာပါ။ စစ်ရာထူးရှိတဲ့ ဗိုလ်ချုပ်ကြီးတွေ လက်အောက်မှာပဲ ရှိပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြဿနာ ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု စစ်တပ်ရဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးအပေါ် သဘောထားကို မေးချင်ပါတယ်။ ပြည်ထောင်စု တည်တန့်ခိုင်မြဲရေးကို စိတ်ချရပြီဆိုတဲ့ တနေ့မှာ စစ်တပ်ဟာ တန်းလျားတွေကို ပြန်သွားလိမ့်မယ်လို့ ဆရာကြီး မကြာခဏ ပြောလေ့ရှိပါတယ်။ တိုင်းရင်းသားအင်အားစုတွေအားလုံး လက်နက်စွန့်ပြီးမှ စိတ်ချရမယ်လို့ စစ်တပ်က ယူဆနေတာပါ။ တိုင်းရင်းသားတွေကတော့ နိုင်ငံရေးအရ သဘောတူညီမှုရှိပြီး အကောင်အထည်ဖော်နိုင်မှ လက်နက်စွန့်မယ်လို့ ပြောကြပါတယ်။ ဆိုတော့ ဒီနှစ်ခုကြားမှာ ပြေလည်မှုရှိဖို့ အင်မတန် ခက်ခဲမနေဘူးလား။
Prof. Steinberg ။ ။ အဲဒါကို ကျနော် သဘောတူပါတယ်။ သိပ်ပြီး ခက်ခဲပါတယ်။ ခင်များက သူတို့ လက်နက်ချရမယ် Surrender လို့ သုံးတယ်။ တကယ်တော့ သူတို့က ဗဟိုအစိုးရအတွက် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ အထင်မခံရဖို့ လိုအပ်ပါတယ်။ ဦးသိန်းစိန်မတိုင်ခင် အစိုးရက သူတို့ကို နယ်ခြားစောင့်တပ်ဖြစ်အောင် လုပ်ခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို အင်အားသုံးပြီး ဘာမှမလုပ်နိုင်အောင် စီစဉ်တာပါ။ ဒီအစီအစဉ်ကို အထင်ကရ တိုင်းရင်းသားအင်အားစုတွေက လက်မခံကြပါဘူး။ တခြားတနည်းနည်းနဲ့ ဒါတွေကို ဖြေရှင်းရပါလိမ့်မယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေကို နာမည်တမျိုးမျိုးတပ်မလား။ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ တခုတည်းသော စစ်တပ်ဖြစ်တယ်ဆိုတာ ဖြစ်စေရမယ်။ တိုင်းရင်းသားအင်အားစုတွေကိုလည်း လုပ်ပိုင်ခွင့်အာဏာ တချို့တဝိုက် ရှိစေရမယ်ဆိုတာမျိုးပါ။ အမေရိကန်ပြည်ထောင်စုမှာလည်း ကြည့်လိုက်ပါ။ ရဲတပ်ဖွဲ့ဆိုတာ ဒေသအလိုက် အခြေခံပြီး ဖွဲ့စည်းထားတာပါ။ ဘာကြောင့်လဲဆိုတော့ ရဲတပ်ဖွဲ့သည်သာလျင် လူထုနဲ့ တိုက်ရိုက်ထိတွေ့ကြတာပါ။ လူထုကို လုံခြုံအောင် သူတို့ပဲ လုပ်ကြတာပါ။
ဦးကျော်ဇံသာ ။ ။ ဒါကတော့ ဆွေးနွေညှိနှိုင်းပြီး နောက်ဆုံးပေါ်ထွက်လာတဲ့ရလဒ် အခြေအနေပေါ့။ အခုညှိနှိုင်းဆွေးနွေးလို့ မရနိုင်တာက စစ်တပ်က သူတို့ဆီမှာ တပ်စွဲနေတယ်။ ထိုးစစ်ကိုပဲ သူတို့က ဆင်နွှဲနေကြတယ်လို့ တိုင်းရင်းသားတွေက ဆိုကြပါတယ်။
Prof. Steinberg ။ ။ ဆိုရရင် ပြဿနာက ဒေသအနံှ တပ်စွဲနေတဲ့ စစ်တပ်အပေါ် ဗဟိုအစိုးရက ဘယ်လောက် အာဏာရှိသလဲဆိုတာ ဖြစ်ပါတယ်။ ဒေသစစ်တိုင်းမှုးတွေက သူတို့လုံခြုံရေးအတွက် လိုအပ်ရင် တိုက်ပိုင်ခွင့်ရှိသလား။ ဒီနေရာတွေကို ကျနော်လည်း မရောက်ဖူးပါဘူး။ သူတို့နဲ့လည်း စကားမပြောဖူးပါဘူး။ ဒါပေမဲ့ စစ်တပ်အနေနဲ့ တိုင်းရင်းသားတပ်တွေနဲ့ ပြဿနာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိကကျတယ်ဆိုတာတော့ သေချာပါတယ်။ နောက် အဓိကကျတဲ့အချက်ကတော့ ဖွဲ့စည်းပုံပြုပြင်တာပဲဖြစ်ဖြစ်၊ လက်ရှိစနစ်အောက်မှာဖြစ်ဖြစ် လူမျိုးစု ပြည်နယ်တွေကို အခွန်ကောက်ခံခွင့်နဲ့ ကိုယ်ပိုင်ရွေးကောက်တင်မြှောက်တဲ့ ပြည်နယ်အာဏာပိုင်တွေ ထားရှိခွင့်ရရှိဖို့ ဖြစ်ပါတယ်။ ပြီးတော့ စီးပွားရေးကိစ္စတွေကိုလည်း ထည့်သွင်းပြီးတော့ စဉ်းစားရမှာပါ။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာကတော့ အကုန်လုံး လွှမ်းခြုံကြည့်ရင် အခု မြန်မာနိုင်ငံအခြေအနေဟာ အရင်အခြေအနေထက် တိုင်းရင်းသားပြဿနာ ပြေလည်ဖို့ ဘယ်လောက်နီးစပ်လာပြီလဲ ဖြစ်ပါတယ်။
Prof. Steinberg ။ ။ အဲဒီဘက်ကို ဦးတည်ပြီး ရွေ့လျှားနေပါပြီ။ နှေးနှေးကွေးကွေးနဲ့ စိတ်မရှည်ချင်စရာ ဖြစ်စဉ်ပါ။ မတူကွဲပြားတဲ့အဖွဲ့တွေ အများကြီး။ မတူညီတဲ့ မျှော်မှန်းချက် အသီးသီးနဲ့ သူတို့ရဲ့သမိုင်းကို အဓိပ္ပါယ်ဖွင့်ပြီးတော့ စိတ်ကူးယဉ် ထင်မြင်ချက်အမျိုးမျိုးနဲ့ မျှော်မှန်းချက်တွေထားနေကြတဲ့အတွက် စေ့စပ်ညှိနှိုင်းနေရတာ ခက်ပါတယ်။ ချက်ချင်းအဆင်ပြေဖို့တော့ ကျနော် မမြင်သေးပါဘူး။ ဒါပေမဲ့ အဆင်ပြေမယ်လို့တော့ မျှော်လင့်ရပါတယ်။ တိုင်းရင်းသားပြဿနာဟာ လွတ်လပ်ရေးရကတည်းက အခက်အခဲဆုံး ပြဿနာ ဖြစ်ပါတယ်။