ဒီတပတ် မြန်မာ့မျက်မှောက်ရေး ဆွေးနွေးခန်းအစီအစဉ်မှာ NLD အစိုးရရဲ့ အစောပိုင်း လုပ်ဆောင်ချက်တွေဟာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု ကြီးကြီးမားမား မရှိသေးပေမယ့် လူထုရဲ့ယုံကြည်ကိုးစားမှုနဲ့ေ မျှာ်လင့်ချက်တွေကတော့ မြင့်မားနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ပထမအစည်းအဝေးမှာ တဖက်သတ် လိုချင်တာတွေကို အစွမ်းကုန် တင်ပြခဲ့ကြတာတွေကြောင့် နောင်အပေးအယူ လုပ်ညှိနှိုင်းရ အခက်ကြုံနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ ဒီရက် (၁၀၀) ကာလအတွင်း မြန်မာနိုင်ငံမှာ သွားရောက်တာဝန်ယူခဲ့တဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ဦးသားညွန့်ဦး နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာကတော့ NLD အစိုးရ တက်လာပြီဆိုတော့ လူတွေက သိပ်မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ ရက် (၁၀၀) ပြီးတဲ့အခါကြတော့ သုံးသပ်သူတွေက အဲဒီလောက်အထိ တက်မလာပါလားဆိုပြီး ပြောကြတယ်။ ကိုသားရဲ့ အတွေ့အကြုံလေး ပြောပြပါအုံး။
ဦးသားညွှန့်ဦး ။ ။ ဟုတ်ပါတယ်။ လေ့လာသုံးသပ်သူ တော်တော်များများကတော့ ရက် (၁၀၀) အတွင်းမှာ NLD ဘာလုပ်နိုင်လဲ သုံးသပ်တဲ့အခါ ထူးထူးခြားခြား တိတိပပ ဘာမှ ထွက်မလာတော့ တော်တော်လေး ဝေဖန်တာတွေရှိတယ်။ ဒါပေမဲ့ ကျနော် တွေ့ရသလောက်တော့ တခုတော့ ရှိတယ်။ NLD အစိုးရမှာ လူထုထောက်ခံမှုကတော့ အခုထိ ကျမသွားဘူး။ နောက်တခုက လူထုက သူတို့ တင်ထားတဲ့ အစိုးရ ဖြစ်တယ်ဆိုတဲ့ အသိက ရှိတဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်က ဘာလုပ်ပါ။ NLD က ဘာလုပ်ပါဆိုရင် လိုလိုလားလားနဲ့ လူထုလှုပ်ရှားမှု ပုံစံမျိုးနဲ့ လုပ်တာတွေ ရှိတယ်။ ဥပမာ သန့်ရှင်းရေး လုပ်တဲ့ကိစ္စမျိုးတွေ ဘာတွေ အဲဒါမျိုးတွေလည်း ရှိတယ်။ နောက်တခု ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ လုပ်ထားမှဖြစ်မယ်။ ဒါမှ ကြိမ်သေမှာဆိုတဲ့ အသိမျိုး တိုင်းရင်းသားခေါင်းဆောင်အချို့မှာ တွေ့ရတယ်။ ဒါတွေကတော့ ကောင်းတဲ့လက္ခဏာတွေပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပထမတချက် ကိုသား ပြောတယ် - လူထုရဲ့ ထောက်ခံမှုက မကျဘူး။ လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တယ်ဆိုတာ ဟုတ်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်း လိုက်နာလုပ်ဆောင်ကြတယ်။ လူထု လုပ်နိုင်တဲ့အပိုင်း။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခု အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်လာတော့ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားကို ကွပ်ကဲရတယ်။ အဲဒီ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားက ဒေါ်အောင်ဆန်းစုကြည် ပြုပြင်လိုတဲ့ ဆန္ဒအတိုင်း ဖြစ်လာပါရဲ့လား။
ဦးသားညွှန့်ဦး ။ ။ ဒီ ရက် (၁၀၀) ကာလအတွင်း နဲ့ ရက် (၁၀၀) ကျော် ကာလအတွင်းမှာ ထူးထူးခြားခြား ဗျူရိုကရေစီယန္တရားက တိုးတက်လာတာတော့ ကျနော် မတွေ့မိဘူး။ တခုတော့ ရှိတာပေါ့ … ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတွေက လူထုနဲ့ ဆက်ဆံရေးမှာ အရင်တုန်းကလိုတော့ မဟုတ်ဘူး။ ဆက်ဆံရေး ပြေပြစ်လာတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ လုပ်ငန်းကိုင်ငန်း တကယ်တမ်း ဌာနဆိုင်ရာတွေနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေမှာ တိတိကျကျ တိုးတက်လာတာ မရှိဘူး။ ကြိုးနီစနစ်တွေက ရှိတုန်းပဲ။ ကြိုးစားနေတယ်လို့ သက်ဆိုင်ရာ ဝန်ကြီးတွေက ပြောတယ်။ ဒါပေမဲ့ လုံးဝချုပ်ကိုင်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး။
ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒါကို နားလည်နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ဖြစ်လာခဲ့တဲ့ အနာဟောင်းကြီး၊ ယန္တရားဟောင်းကြီးကို ပြန်ပြင်ရတာပေါ့။ နောက်တခုက လူထု ထောက်ခံမှုက လူထုက သူကို ယုံကြည်မှုနဲ့ ထောက်ခံနေရတယ်။ တကယ်လက်တွေ့မှာကော ဒီအစိုးရ တက်လာပြီးတော့ လူထုရဲ့ နေ့တဓုဝ ဘဝအခြေအနေမှာ တိုးတက်မယ့် အလားအလာတွေ တွေ့ရပါလား။ ဘာများ တိုးတက်ပြောင်းလဲလာမှု ရှိတယ်လို့ ထင်ပါလဲ။
ဦးသားညွှန့်ဦး ။ ။ ပြောမယ်ဆိုရင်တော့ လူထုဘက်က မျှော်လင့်ချက်တွေကတော့ အတော်ကြီးတယ်။ တကယ်တမ်း လက်တွေ့အားဖြင့် အခုအချိန်အထိ တိတိကျကျ၊ သိသိသာသာ တိုးတက်လာမှုကိုတော့ မတွေ့ရဘူး။ ဥပမာ စားဝတ်နေရေးဆိုရင် တကယ်တမ်း ကုန်ဈေးနှုန်းတွေဆိုရင် ပိုပြီးကြီးလာတာမျိုးတောင် တွေ့ရတယ်။ စီးပွားရေးအရဆိုရင်။ တဘက်က ပြောသလို ဒေါ်အောင်ဆန်းစုကြည် တက်လာလို့ရှိရင် နိုင်ငံခြား ရင်းနှီးမြုပ်နံှမှုတွေ ဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ တချိန်မှာ စီးပွားရေး ကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပဲ သွားနေရတယ်။ လက်တွေ့အားဖြင့်တော့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ၊ တိုးတက်လာမှုတွေတော့ မတွေ့ရပါဘူး။
ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးဘက်မှာ ကြည့်မယ်ဆိုရင် တချို့သုံးသပ်ကြတယ်။ ဒီအစိုးရဟာ အခုအချိန်အထိ တပ်မတော်နဲ့ ဆက်ဆံရေး၊ ပြဿနာ တစုံတရာ မရှိဘဲ ထိန်းထားနိုင်တယ်ဆိုတာကို အမှတ်ပေးပြီး ပြောကြပါတယ်။ ကျနော် တွက်ချင်တာက တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ဆက်ဆံရေးတခုတည်း။ နောက်တခါ တိုင်းရင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ၊ NLD အစိုးရနဲ့ ဆက်ဆံရေး နှစ်ပိုင်းခွဲပြီးတော့ သုံးသပ်စေချင်ပါတယ်။ အဲဒီတော့ တပ်မတော်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘယ်လို မြင်လဲ။
ဦးသားညွှန့်ဦး ။ ။ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည် တက်ခါစမှာတော့ ဖြစ်ကြတယ် … တပ်မတော်နဲ့ ဆက်ဆံရေး ဖြစ်ပါ့မလား။ ဒါပေမဲ လက်ရှိ အနေအထားမှာတော့ တပ်မတော်နဲ့ ဆက်ဆံရေးဟာ တော်တော်လေး ပြေလည်နေတယ်လို့ပဲ ပြောရမယ်။ အခုန တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီးကပ်ကပ် ဆက်ဆံတာတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း တွေ့ခဲ့ရတယ်။ ဆက်ဆံရေးက အရင်ခန့်မှန်းနေကြသလောက် ဆိုးဆိုးဝါးဝါးတော့ ဖြစ်တော့ မလာဘူး။ ဆက်ဆံရေး ကောင်းတယ်လို့တော့ ပြောလို့ရတဲ့ အနေအထား ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တပ်မတော်ဟာ နိုင်ငံရေးအရ နောက်ဆုတ်ပေးမယ်ဆိုတဲ့သဘော၊ နောက်တခါ NLD လိုချင်တဲ့ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့ ကိစ္စမျိုးတွေမှာတော့ တပ်မတော်ဘက်က လက်ခံနိုင်မယ့် အလားအလာကော တစုံတရာ ရှိပါလား။
ဦးသားညွှန့်ဦး ။ ။ မရှိပါဘူး။ အဓိက လွှတ်တော်မှာ အခုထက်ထိ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ကိစ္စတွေမှာဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်နေတုန်းပဲ တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တပ်မတော်ကို ပြန်စည်းရုံးနေရတဲ့ သဘောတော့ ရှိတယ်။ တပ်မတော်ခေါင်းဆောင်တွေ လိုချင်တဲ့အရာ … ဥပမာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ လုပ်တဲ့အခါမှာတောင်မှ တပ်မတော်ခေါင်းဆောင်တွေရဲ့ အသံကို သူက ကြားထဲကနေ ညှိပေးနေရတဲ့သဘောမျိုးတော့ ရှိတယ်။ တပ်မတော်ကို စည်းရုံးနေရတဲ့သဘောတော့ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက တိုင်းရင်းသားတွေနဲ့ NLD ဆက်ဆံရေးလည်း ပြောပါအုံး။ တိုင်းရင်းသားမှာ လက်နက်ကိုင် အင်အားစု မဟုတ်ဘဲနဲ့ တိုင်းရင်းသားဒေသတွေမှာ တချို့က မကျေနပ်ကြဘူး။ သူတို့ပါတီက အများစု အနိုင်ရခဲ့တာနဲ့ ဝန်ကြီးချုပ်ကို NLD က ခန့်လိုက်တယ်။ ဖယ်ဒရယ်ကို တကယ်လိုလားတယ်ဆိုရင် အဓိက issue .. အုပ်ချုပ်ရေးကို ဗဟိုက ချုပ်မကိုင်နဲ့ အဲဒီလိုမျိုး သူတို့ တောင်းဆိုရတာ ရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာတွေ တွေ့ခဲ့ရပါလဲ။ ဘယ်လို မြင်ခဲ့ရပါလဲ။
ဦးသားညွှန့်ဦး ။ ။ ယေဘုယျ အခုန ကျနော် ပြောသလိုပေါ့။ လူထုတခုလုံးရဲ့ ထောက်ခံမှုကတော့ မကျဘူး။ ဒါပေမဲ့ တချို့တိုင်းရင်းသားဒေသတွေ။ ဥပမာ ရခိုင်၊ ရှမ်းလို နေရာမျိုးတွေ ရှိတယ်။ ဒီနေရာမျိုးတွေမှာတော့ အခုနလို ပြဿနာတွေကို သတိထားမိတယ်။ အဓိက တိုင်းရင်းသားတွေ ကိုယ်တိုင်က သူတို့တင်တဲ့ အစိုးရ မဟုတ်ဘူး။ အထူးသဖြင့် ပြည်နယ်အစိုးရတွေဆိုရင် သူတို့တင်လိုက်တဲ့ မဲပေးလိုက်တဲ့ ပါတီက တက်မလာဘဲနဲ့ NLD က တက်သွားတဲ့ အနေအထားမျိုး အစိုးရဖွဲ့နေတဲ့ အနေအထားဆိုတော့ ဒီပေါ်မှာ မကျေလည်တာတွေ ရှိတယ်။ အခုန ပြောသလိုမျိုး တိုင်းရင်းသားလူထုနဲ့ ဆက်ဆံရေးကတော့ ပုံမှန်ကတော့ တခြားပြည်နယ်တွေမှာတော့ ပြဿနာ ကြီးကြီးမားမားတော့ သိပ်မတွ့ရဘူး။ နောက် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ကဏ္ဍမှာ ကျနော် ရှေ့ကပြောခဲ့သလိုပဲ ကျနော်တို့ စကားပြောဖြစ်တဲ့ တိုင်းရင်းသားအချို့ကတော့ အရင် ပစ်ခတ်ရပ်စဲရေးမှာ လက်မှတ်မထိုးခဲ့ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာတော့ တစုံတရာ ငြိမ်းချမ်းရေး ရလာဒ်တခုခုကို ဆုပ်ကိုင်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးကြီး သူတို့မှာ ရှိတယ်။ ဒါမှ သူတို့ မဆုပ်ကိုင်နိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးတွေ သူတို့မှာရှိတော့ တိုင်းရင်းသားခေါင်းဆောင်အချို့ရဲ့ မျှော်လင့်ချက်ကတော့ ကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတော်လှန်ရေး အင်အားစု ခေါင်းဆောင်တွေပေါ့။
ဦးသားညွှန့်ဦး ။ ။ ဟုတ်ပါတယ်။ လက်နက်ကိုင်အင်အားစု ခေါင်းဆောင်အချို့။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တချို့က သုံးသပ်ကြတယ်။ အခု ဒုတိယအကြိမ် ပင်လုံညီလာခံဆိုပြီး ခေါ်လိုက်တာ သိပ်ပြီးတော့ အပူတပြင်း ဖုတ်ပူမီးတိုက် လုပ်လိုက်တယ်။ နောက် ဒီပွဲဟာ သိပ်ကြီးကြီးကျယ်ကျယ် လုပ်ပြီးတော့ အနှစ်သာရအားဖြင့် သိပ်ပြီးတော့ အားမကောင်းလှဘူး။ ပထမညီလာခံကလို့ ပြောကြတယ်။ ကိုသားကိုယ်တိုင် သတင်းတက်ပြီးတော့ ယူခဲ့တယ်။ ဘယ်လို သုံးသပ်မိပါလဲ။
ဦးသားညွှန့်ဦး ။ ။ ဟုတ်ပါတယ် အများသုံးသပ်သလိုပါပဲ။ ပထမ တိုင်းရင်းသားတွေဘက်က မိုင်ဂျားယန် အစည်းအဝေးဆိုပြီး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေက အရင်လုပ်ကြတယ်။ အဲဒီ အစည်းအဝေးကနေ ဆုံးဖြတ်တာက အောက်တိုဘာလလောက်မှ ကျင်းပပေးဖို့ဆိုပြီး အစိုးရကို တောင်းဆိုတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရဘက်က ငြိမ်းချမ်းရေးဆိုတာ သူတို့အစိုးရရဲ့ ပထမဦးစားပေးမူနဲ့ ရအောင်လုပ်မယ်ဆိုပြီး သြဂုတ်လမှာ စခေါ်လိုက်တယ်။ ခေါ်လိုက်တဲ့အခါကြတော့ အခုနပြောသလိုပဲ တကယ်တမ်း ဆွေးနွေးပွဲရယ်လို့ မဟုတ်ဘူး။ ကျင်းပတယ်ဆိုတာက တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး သူတို့ သဘောထားတွေပြောတဲ့ အနေအထားမျိုး ဖြစ်သွားခဲ့တယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အဖွဲ့အစည်းအသီးသီးရဲ့ သဘောထားတွေ တင်ပြကြတဲ့ ပတ်သက်လို့ အစိုးရဘက်က တင်ပြတယ်။ တပ်မတော်ဘက်က တင်ပြတယ်။ ညှိနှိုင်းနိုင်မယ့် အခြေအနေဟာ အလားအလာ ဘယ်လို ရှိပါလဲ။ ရှေ့ကို တိုးတက်လာနိုင်သလား။ ဘယ်လို သုံးသပ်မိပါလဲ။
ဦးသားညွှန့်ဦး ။ ။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် တွေ့ဆုံမေးမြန်းခန်းတွေလည်း တော်တော်များများ လုပ်ခဲ့ပါတယ်။ အဓိက နိုင်ငံရေးလေ့လာသူတွေ အဲဒီမှာ တက်ကြတဲ့အခါကြတော့။ ပြဿနာတခုတော့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောတယ် အားလုံးပွင့်ပွင့်လင်းလင်း ဆွေးနွေးကြ။ တယောက်ရဲ့အမြင်ကို တယောက်သိရအောင်ဆိုပြီး ဖွင့်ပေးလိုက်တဲ့ သဘောမျိုးပြောတယ်။ ဒါပေမဲ့ ဒီဆွေးနွေးခန်းတခုလုံးက လူထုကို အစိုးရသတင်းဌာနတွေအကုန်လုံးက တိုက်ရိုက်လွှင့်ထုတ်ပေးတာ။ လွှင့်ထုတ်ပြီးတော့ အဖွဲ့အစည်းအသီးသီးက တပ်မတော်အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေက သူတို့ရဲ့ လိုလားချက်တွေကို အမြင့်ဆုံးတင်ပြီး ပြောကြတယ်။ တပ်မတော်ကလည်း အမြင့်ဆုံးတင်တယ်။ ဆိုလိုတာက ဒီမိုကရေစီလက်ထက် ရောက်သွားပြီ၊ လက်နက်ကိုင်စရာ မလိုတော့ဘူး။ လက်နက်စွန့်ပါဆိုတဲ့ အဓိပ္ပါယ်မျိုးကို ပြောသွားတာ။ တိုင်းရင်းသားတွေဘက်ကလည်း သူတို့ လိုလားချက်ကို အမြင့်ဆုံးတွေ ပြောတယ်။ ဥပမာ ဗမာပြည်နာမည်ကအစ ပြောင်းပါဆိုတဲ့ဟာ။ ပြောတဲ့အခါကြတော့ ပြဿနာတခုက ကျနော် မေးကြည့်တယ်။ လေ့လာသုံးသပ်သူတွေကို မေးကြည့်တော့ ဒီဆွေးနွေးချက်တွေကို ပြန်စုစည်းဖို့ဆိုတာ တော်တော်တော့ ပြဿနာ ရှိလာမယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက အမြင့်ဆုံးကို တင်ထားတဲ့အခါကြတော့ သက်ဆိုင်ရာ အခြေခံလူထုကလည်း ဒါကို သိထားပြီ။ သိထားတော့ ဒါကို လျှော့ပေးလို့ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေ ဖြစ်လာမယ်။ လျှော့ပေးလိုက်ရင်တော့ ငါလျှော့ပေးရပါတယ်ဆိုတဲ့ လူထုထောက်ခံမှုက ကျသွားမလာဆိုတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အဲဒီတော့ နောက်ပိုင်းအခြေအနေက ဒီကိစ္စက ပြဿနာ ရှိလာနိုင်တယ်လို့ သုံးသပ်ကြတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါပြီးရင် နောက် Follow up အစည်းအဝေးတွေ လာမယ်။ လစဉ်လုပ်သွားမယ်ဆိုတဲ့ သဘောလဲ ကြားတယ်။ နောက် (၆) လမှာ တကြိမ် ပြန်ခေါ်မယ်။ အဲဒီ အစည်းအဝေးတွေရဲ့ အစီအစဉ်တွေက ဘယ်လို လုပ်ထားလဲ။ အခုန ကိုသားပြောတဲ့ ပိုမို ကွဲလွဲသွားတဲ့ အမြင့်ဆုံးအထိ တင်ထားပြီး ကွဲလွဲသွားတဲ့ ကိစ္စတွေကို လစဉ်တွေ့ဆုံသွားတဲ့ချိန်မှာ ညှိနှိုင်းစရာ အကြောင်းရှိလား။
ဦးသားညွှန့်ဦး ။ ။ သူတို့ Procedure ဘယ်လို လုပ်မလဲဆိုတော့ ဒုတိယအကြိမ် ပင်လုံညီလာခံကို နောက် (၆) လမှာ ကျင်းပမယ်။ ဒီကြားကာလမှာ လာမယ့် ရှေ့တစ်လအတွင်းမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုပြီး သူတို့ ခေါ်မယ်။ အဲဒီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက အခု ဆွေးနွေးသွားတဲ့ အချက်အလက်တွေကို ပြန်ပြီးစုစည်းမယ်ဆိုတာ ဖြစ်တယ်။ ဒါပေမဲ့ ပြဿနာတခုက ဘာထပ်ဖြစ်လဲဆိုတော့ တပ်မတော်ဘက်က အမာဆုံး တင်လာတာက နောက်ရှေ့ဆက်တက်ဖို့ဆိုရင် NCA ထိုးမှ ဖြစ်မယ်ဆိုတဲ့ သဘောထား အခု တင်ချလာပြီ။ တင်ချလာတော့ NCA မထိုးထားတဲ့ အဖွဲ့အစည်းတွေက ဆက်ပါလို့ မရဘူးဆိုတဲ့ အနေအထားမျိုး သဘောမျိုး သက်ရောက်သွားတယ်။ အဲဒီကိစ္စက နောက်ပိုင်းမှာ ပိုပြီးတော့ အကျပ်အတည်း ဖြစ်လာမှာက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ NCA မထိုးထားတဲ့ အဖွဲ့တွေ ပါနိုင်လား၊ မပါနိုင်ဘူးလား ဆိုတာလဲ ပြဿနာတခု ဖြစ်လာမယ်။ အခြား NCA မထိုးထားတဲ့ အဖွဲ့တွေကို NCA ထိုးပါဆိုတဲ့ ဖိအားကလည်း ပိုပြီးတော့ ကြီးလာမယ်ထင်တယ်။
ဦးကျော်ဇံသာ ။ ။ NCA မထိုးတဲ့ အဖွဲ့တွေရဲ့ အဓိက အကြောင်းပြချက်ကတော့ အားလုံး မပါဝင်ဘူး။ အထူးသဖြင့် TNLA, ကိုးကန့်၊ ရခိုင် AA မပါဘူးဆိုတော့ ဒီ (၃) ဖွဲ့နဲ့ ဆက်ဆံရေးက ဘယ်လိုနေလဲ။ ဒီ (၃) ဖွဲ့ ပါလာနိုင်လား။
ဦးသားညွှန့်ဦး ။ ။ ပြဿနာက တပ်မတော်ဘက်က သဘောထား။ ဒီ (၃) ဖွဲ့က လက်နက်စွန့်ပါတယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ခိုင်းတယ်။ ဟိုဘက်က လုံးဝ လက်မခံပါဘူး။ လုံးဝ လက်မခံဘူးဆိုတဲ့ အနေအထားမှာ Process မှာ အဲဒီ (၃) ဖွဲ့က ပါလို့မရဘူး ဖြစ်နေတယ်။ ဒါပေမဲ့ NLD အစိုးရရဲ့ သဘောထားကတော့ အားလုံးပါရမယ်။ ဒီ (၃) ဖွဲ့ကိုပါ တဖြည်းဖြည်း ပါအောင် ခေါ်သွားမယ်ဆိုတဲ့ သဘောထားမျိုးတွေ အစိုးရတာဝန်ရှိသူတွေက ကျနော်တို့ကို ပြောပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါကို ကျနော် မေးချင်တာက ဒေါ်အောင်ဆန်းစုကြည်က သူ့သြဇာအတိုင်း နိုင်ငံရေးအားဖြင့် အရှိန်အဝါ ကြီးမားတယ့် ပုဂ္ပိုလ်တယောက်အနေနဲ့ ညှိနှိုင်းနိုင်မယ် ထင်လား။
ဦးသားညွှန့်ဦး ။ ။ အဲဒါက သူ တပ်ကို ဘယ်လောက်အထိ နားချနိုင်မလဲ။ စည်းရုံးနိုင်မလား မူပေါ် မူတည်ပါတယ်။ ဘယ်လောက်အထိ ညှိနှိုင်းနိုင်မလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Role က တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲဆိုတော့ တိုင်းရင်းသားတွေနဲ့ တပ်ကြားထဲမှာ ညှိပေးရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။
ဦးကျော်ဇံသာ ။ ။ ဖြစ်တော့လဲ ဖြစ်သင့်တာပေါ့။ နောက်တခု အရေးကြီးတဲ့ ကိစ္စတခုက မြန်မာနိုင်ငံမှာ ဖြစ်နေတာက ဘာသာအယူသီးမှုတွေကြောင့် Communal Violence တွေ ဖြစ်ခဲ့ရတယ်။ ဆိုတော့ အဲဒီကိစ္စကရော ဘယ်လောက်အထိ အရှိန်ကျဆင်းသွားတယ်လို့ ထင်ပါလဲ။
ဦးသားညွှန့်ဦး ။ ။ ကျနော် ရောက်ပြီးတော့ တလလောက်အတွင်း၊ နှစ်လလောက်အတွင်းမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ မဘသ အဖွဲ့အစည်းနဲ့ ထိပ်တိုက်ဖြစ်တဲ့ ပြဿနာမျိုးတွေ ဖြစ်တယ်။ ဖြစ်တဲ့အခါမှာ မဟန အဖွဲ့ကနေ ကြေညာချက်တွေ ထုတ်ပြီးတော့ မဘသ အဖွဲ့အစည်းက ဥပဒေနဲ့ မညီဘူး။ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးဆိုပြီး ထုတ်လိုက်တဲ့အခါမှာ မဘသ အဖွဲ့အစည်းက တော်တော်လေးတော့ ငြိမ်ကျသွားတယ်။ သတိထားမိသလောက် NLD လူထုထောက်ခံမှုကလဲ အဲဒီအခါမှာ ကြီးနေတော့ မဘသ အဖွဲ့အစည်းက တော်တော်လေး နောက်ဆုတ်သွားတဲ့ အနေအထား ဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်မှာ တလောက ရခိုင်ကော်မရှင်၊ အကြံပေးကော်မရှင် ကိစ္စတွေ တက်လာတဲ့အခါမှာ ဘာသာရေးကိစ္စတွေ တက်လာမှာ ဖြစ်တယ်။ အဲဒီတော့ NLD အစိုးရအဖွဲ့အတွက်တော့ ဒီဘာသာရေး ပြဿနာက ခြိမ်းခြောက်မှုအနေနဲ့ ရှိနေတုန်းပဲ။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးပါရစေ။ ကလေးတွေ ပညာ ပိုတက်လာမယ့် အနေအထားတွေက အစိုးရရဲ့ စီမံကိန်းတွေကြောင့် .. အစိုးရကျောင်းတွေအကြောင်း။
ဦးသားညွှန့်ဦး ။ ။ ပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေး ဥပဒေကတော့ လွှတ်တော်ထဲမှာ အခုထိ ဆွေးနွေးနေကြတုန်းပဲ။ တကယ်တမ်း ဘာမှတောင် မစရသေးဘူး။ ပြောမယ်ဆိုရင် တခြား ပညာရေး၊ စီးပွားရေး၊ .. ဘာမှ ုအစိုးရပြောင်းသွားတယ်။ ဘာမှကို မလုပ်နိုင်သေးတဲ့ အနေအထားမှာတော့ ကျနော်ထင်တယ် ပြောလို့မရသေးဘူး အနေအထားက။