သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယပင်လုံ နဲ့ SNLD


၂၁ ရာစု ပင်လုံညီလာခံ မြင်ကွင်းတခု။ စက်တင်ဘာ ၃၊ ၂၀၁၆။ နေပြည်တော်။
၂၁ ရာစု ပင်လုံညီလာခံ မြင်ကွင်းတခု။ စက်တင်ဘာ ၃၊ ၂၀၁၆။ နေပြည်တော်။
ဒုတိယပင်လုံ နဲ့ SNLD
please wait

No media source currently available

0:00 0:02:27 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မကြာခင်က ပြီးဆုံးသွားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမ အစည်းအဝေးမှာ အားတက်စရာတွေ တွေ့ရသလို ကိုယ်ဆန္ဒကိုပဲ တဖက်သတ် ပြောဆိုသွားတာတွေလဲ တွေ့ရတဲ့အတွက် ရေရှည်မှာ ညှိနှိုင်းအဖြေရှာနိုင်ဖို့ အရေးကြီးတယ်လို့ SNLD အတွင်းရေးမှူ း ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့သဘောထားပြောင်းလဲဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ ဦးစိုင်းညွန့်လွင် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြီးဆုံးသွားပြီဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ဒုတိယပင်လုံ ညီလာခံလို့ ခေါ်ကြတာပေါ့။ အဲဒီညီလာခံနဲ့ ပတ်သက်ပြီးတော့ SNLD ရဲ့ သုံးသပ်ချက်ကို ကျနော် ဒီကနေ့ ဆွေးနွေးတင်ပြလိုခြင်း ဖြစ်ပါတယ်။ SNLD က ဘယ်အခန်းက ပါဝင်ခဲ့တယ်ဆိုတာကို ပထမဦးဆုံး နည်းနည်းအကျဉ်းရုံးပြောပါ။

ဦးစိုင်းညွှန့်လွင် ။ ။ SNLD အနေနဲ့ နိုင်ငံရေးအစုအဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန် ယူထားပါတယ်။ ဦးစိုင်းကျော်မြင့်ကို ဒီမှာ တာဝန်ပေးထားပါတယ်။ နောက်တခါ ပါတီအလိုက် ရရှိတဲ့ ကိုယ်စားလှယ်အရေအတွက် အပြည့်အတိုင်း ကျနော်တို့ တက်ရောက်ခဲ့ပါတယ်။ တနည်းအားဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကိုတော့ ပြောပြချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ SNLD ပါတီရဲ့ သဘောထားကို ဘယ်လို တင်ပြခဲ့ပါလဲ။ အဲဒါလဲ အကျဉ်းရုံး သိချင်ပါတယ်။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်တို့ အခြေခံကတော့ လွန်ခဲ့တဲ့ ၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်းစုံ ညီလာခံကနေ အားလုံး သဘောတူထားတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ ဒီနေ့ခေတ်၊ ဒီနေ့အခြေခံနဲ့ လျော်ညီအောင် တင်ပြခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီတင်ပြချက်တွေမှာ အဓိကအားဖြင့် တချို့ သဘောထား ကွဲလွဲမှု ရှိတယ်လို့ ယေဘုယျအားဖြင့် နားလည်ထားကြတယ်။ သဘောထား ကွဲလွဲတယ်ဆိုတာကလဲ ညှိရမယ့်ကိစ္စ။ အဲဒီဟာမှာ ဥပမာ ပြည်နယ်အရေအတွက် ဘယ်လောက် ထားမယ်ဆိုတဲ့ကိစ္စ၊ တပ်မတော်ကိစ္စ စသဖြင့် ကွဲလွဲတာတွေ တွေ့ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ SNLD ရဲ့ သဘောထားကို ဘယ်လို တင်ပြခဲ့ပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ သဘောထား ကွဲလွဲစရာတွေက အများကြီးပါပဲ။ ပြီးသွားတဲ့ ညီလာခံမှာ ဘာမှကန့်သတ်ချက် မရှိဘူး။ နောက် ၁၉၉၃ တုန်းက အမျိုးသားညီလာခံ လုပ်တုန်းကလို စာတမ်းတွေကို တည်ဖြတ်ပြီးတော့ ပြောခိုင်းတာ မရှိဘူး။ ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ့်အယူအဆကို ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အခါကြတော့ အယူအဆတွေ အမျိုးမျိုး အဖုံးဖုံး ကွဲလွဲပြီးတော့ ထွက်လာပါတယ်။ ဒါတွေက ပြန်ပြီးတော့မှ ညှိရမယ့် ကိစ္စတွေပါ။ အခုလောလောဆယ်မှာ ညှိဖို့အချိန်လည်း မရှိဘူး။ နောက် (၆) လ မတိုင်မီမှာ ဒါတွေကို ပြန်ပြီးတော့ ညှိညှိနှိုင်းနှိုင်း ပြန်လုပ်ရမယ့် အနေအထားမျိုး ရောက်မှာပါ။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းမှာ ကျနော် သတိထားမိတာက သူက အဓိက လိုအပ်ချက် (၃) ခု - ပညာ၊ သတ္တိ၊ ဇွဲလုံလ ဝီရိယနဲ့ လုပ်ကြဖို့ လိုတယ်လို့ ပြောသွားပါတယ်။ ပညာဆိုတာကတော့ ဒီခေတ်အခြေအနေနဲ့ တောင်းဆိုတာတွေ ထိုက်တန်ရဲ့လား စသဖြင့် ကမ္ဘာ့အခြေအနေ၊ နိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းတဲ့ နိုင်ငံရေး အခြေအတွေ အကုန်လုံးကို ဖြစ်နိုင်၊ မဖြစ်နိုင် ချင့်ချိန်စဉ်းစားဖို့ လိုတယ်လို့ ပြောတာ ထင်ပါတယ်။ သတ္တိကတော့ အဲဒီလို အမှန်တရားတို့ကို ဆုံးဖြတ်ပြီးရင် ဒါကို လူကြိုက်တာ မကြိုက်တာထက် သတ္တိနဲ့ ရင်ဆိုင်ပြီးတော့ လုပ်ရမယ်ဆိုတဲ့သဘော။ ဇွဲကောင်းကောင်းနဲ့ လုပ်ရမယ်ဆိုတဲ့သဘော ပြောသွားတယ်လို့ ထင်ပါတယ်။ ဦးစိုင်းညွှန့်လွင် အဲဒါကို သတိထားမိပါလား။ ကျနော် ဖွင့်ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ သဘောထားချင်း တူညီပါရဲ့လား။

ဦးစိုင်းညွှန့်လွင် ။ ။ နိုင်ငံရေးလောကမှာတော့ ကိုယ်ဖြစ်ချင်တာပဲ ဖြစ်ဖို့ ဖြစ်ချင်မှ ဖြစ်မှာပါ။ သူ့သဘောထားအတိုင်းလဲ အားလုံးက တူချင်မှ တူမှာပါ။ ကွဲလွဲတာတွေ အများကြီးပါ။ ရှိလည်း ရှိမှာပါ။ ဒီ ကွဲလွဲတာတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးလုပ်ခြင်း ဖြစ်ပါတယ်။ ဒါကို မဖြေရှင်းဘူးဆိုရင် နိုင်ငံရေး မလုပ်ဖို့ပဲ ရှိပါတယ်။ ဒီလို ကွဲပြားနေတဲ့ဟာကို ကျနော်တို့က စိတ်ရှည်လက်ရှည်နဲ့ ဆင်ခြင်တုံတရားနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စကို ကျနော်တို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အခု ဒီပွဲမှာ သတိထားမိတာ တခုကတော့ တော်တော်လေး စိတ်မကောင်းစရာ တခုပါ။ အဲဒါက ဘာလဲဆိုတော့ ကိုယ့်ကိစ္စကို၊ ကိုယ့်အတွက်၊ ကိုယ်လိုချုင်တာကို ဖြစ်ချင်တာကိုပဲ တော်တော်များများ ပြောသွားတာရှိတယ်။ ဒီနေ့ နိုင်ငံတော်ကြီး ဘာဖြစ်နေလဲ။ ဒီနေ့ နိုင်ငံတော်ကြီး ဘာတွေ လိုအပ်နေလဲ။ ဘာတွေ ဘယ်လို ပြန်တည်ဆောက်ရမယ့်ဆိုတဲ့ Constructive Ideas နဲ့ အပြုသဘောဆောင်တဲ့ တိုင်းပြည်အတွက် ပြောတာ သိပ်မများပါဘူး။ နည်းပါတယ်။ အဲဒီအချက်ကိုတော့ ကျနော်တို့ မကြိုက်ပါဘူး။ သို့သော်လဲပဲ ဒါ လွတ်လပ်စွာ ပြောဆိုခွင့်၊ တောင်းဆိုခွင့် ဆိုတဲ့အတွက် ဒါကို ကျနော်တို့ ဒါကိုတော့ မကန့်ကွက်ပါဘူး။ သို့သော်လဲ အခုန ကျနော် ပြောသလို တိုင်းပြည်အတွက်ကို ပိုပြီးတော့ ဦးစားပေးသင့်တယ်လို့ ကျနော် ထင်ပါတယ်။ အခုကတော့ အဖွဲ့အစည်းအသီးသီး၊ ကိုယ့်ကိစ္စအသီးသီးကိုပဲ ဦးစားပေးနေတာ တွေ့တဲ့အခါကြတော့ တိုင်းပြည်အတွက်တော့ ကျနော်တို့ ရင်လေးရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးမှာလည်း ဒီလို Compromise လုပ်တဲ့ Culture မရှိဘူးဆိုတာ လူတိုင်း သုံးသပ်ကြပါတယ်။ ဆိုတော့ အခု ညီလာခံမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားတွေ၊ ဒီညီလာခံမှာ အပြန်အလှန် အပေးအယူ ညှိနှိုင်းတဲ့ အစဉ်အလာမျိုး Culture မျိုး ပျိုထောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလား။

ဦးစိုင်းညွှန့်လွင် ။ ။ မျှော်လင့်တာထက် ဖြစ်အောင် ကြိုးစားရမှာပါ။ မျှော်လင့်လို့ မရလဲ ဖြစ်အောင် ကြိုးစားရမှာပဲ။ ဒီနည်းလမ်းကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တချို့တိုင်းပြည်တွေမှာ ညီလာခံတွေလုပ်တယ်။ အဲဒီလို အစည်းအဝေး လုပ်ပြီးတော့ မရလို့ ပျက်သွားတယ်။ တခါ နောက်ဆုံးမှာ စစ်နဲ့ ဖြေရှင်းလိုက်ရတယ် စသဖြင့် အနီးဆုံး ကျနော်တို့ နိုင်ငံနဲ့ အနီးဆုံး နမူနာပြရင် သီရိလင်္ကာကို ကြည့်မယ်ဆိုရင် အဲဒီလိုမျိုးတွေ တွေ့ခဲ့ရပါလိမ့်မယ်။ တမီးလ် တိုက်ဂါးတွေနဲ့ ငြိမ်းချမ်းရေးတွေ အကြိမ်ကြိမ်၊ နိုင်ငံတကာက လာပြီးတော့ စေ့စပ်ပေးတယ်၊ လုပ်ပေးတယ်။ နောက် မအောင်မြင်ဘူး။ နောက်ဆုံး စစ်ရေးနဲ့ ဖြေရှင်းလိုက်တယ်။ အဆိုးဆုံး ရောက်ရှိသွားခဲ့တယ်။ အဆိုးမြင်တာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အခု တိုင်းရင်းသားတွေ ညှိနှိုင်းနေတာဟာ အဲဒီလောက်ထိ ဖြစ်လာနိုင်တဲ့ အခြေအနေတော့ မရှိဘူးလို့ ထင်ပါတယ်။ ဘယ်လို သဘောရပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်တို့ ဒီကိစ္စကို စိုးရိမ်ခဲ့ပါတယ်။ ကျနော်တို့ စည်းလုံးညီညွှတ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့အတွက် ဒီညီလာခံကို ကျင်းပတာ ဖြစ်ပါတယ်။ အဲဒီလို အခုန သဘောမျိုးတွေနဲ့ တက်လာမယ်ဟေ့ဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ညီညွှတ်ရေး မဖြစ်တော့ဘဲနဲ့ ပိုကွဲပြားသွားတာတွေ၊ ပိုမိုသဘောထား ကွဲတာတွေ ဖြစ်မှာကို စိတ်ပူပါတယ်။ သို့သော်လဲ ဒီနည်းက လက်နက်ကိုင် တိုက်ခိုက်တဲ့နည်းနဲ့စာရင် အများကြီး ကောင်းပါတယ်။ ဒီနည်းနဲ့ပဲ ကျနော်တို့ စိတ်ရှည်လက်ရှည် ကြိုးစားရမှာ ဖြစ်ပါတယ်။ အခုလာမယ့် ခြောက်လအတွင်းမှာ ဆွေးနွေးညှိနှိုင်းမှုတွေကို တတ်နိုင်သမျှ ဆက်ပြီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုဆိုရင် Framework နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေ ဒါတွေက ဒီနှစ်မပြီးသေးပါဘူး။ အဲဒီ ပြီးတဲ့အဆင့်တောင် အများကြီး ကြိုးစားရအုံးမှာ။ သို့သော်လဲပဲ တချို့ ပုဂ္ဂိုလ် တော်တော်များများသည် အံ့သြလောက်အောင် စိတ်ရှည်လက်ရှည်နဲ့ ကြိုးကြိုးစားစား ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် တပ်မတော်ဘက်က ပါဝင်ဆောင်ရွက်နေတာ တွေ့ရတဲ့အတွက် ကျနော်တို့ အားတက်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ အပစ်မရပ်သေးတဲ့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့လို့ ပြောတဲ့ မပါဝင်တာနဲ့ ပတ်သက်လို့ ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။ နောင်ကို ပါဝင်လာမယ့် အလားအလာ ရှိပါလား။

ဦးစိုင်းညွှန့်လွင် ။ ။ အဲဒီ (၃) ဖွဲ့ကတော့ အစိုးရနဲ့ ကိစ္စ မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီ (၃) ဖွဲ့ကတော့ တပ်မတော်နဲ့ပဲ တိုက်ရိုက်ဆိုင်မယ်လို့ပဲ ကျနော် ထင်ပါတယ်။ တပ်မတော်နဲ့ တိုက်ရိုက်ညှိနှိုင်းရင်တော့ ပိုပြီအဆင်ပြေမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ ညီလာခံတက်တဲ့ တိုင်းရင်းသားတွေ၊ မတက်တဲ့ အဖွဲ့တွေကရော ပြောကြပါတယ်။ အဓိက အဆုံးအဖြတ်ဟာ တပ်မတော်ပေါ်မှာ မူတည်တယ်။ တပ်မတော်ဟာ တိုင်းရင်းသားတွေကို ဘယ်လောက် နားလည်မလဲ။ ဘယ်လောက်အထိ သူတို့ရဲ့ ချုပ်ကိုင်မှုကို လျှော့ပေးနိုင်မလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ ပြောနေကြပါတယ်။ ဒီကိစ္စကို ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ သူက အရင်တုန်းက လုပ်ခဲ့တဲ့ ညီလာခံမှာ တပ်မတော်အစိုးရလုပ်တဲ့ ညီလာခံ ဖြစ်ပါတယ်။ အခု လုပ်တဲ့ (၂၁) ရာစု ညီလာခံကတော့ NLD အစိုးရကလုပ်တဲ့ ညီလာခံ ဖြစ်ပါတယ်။ ဆိုတော့ NLD အစိုးရသည် အတတ်နိုင်ဆုံးတော့ ကျန်တဲ့ အဖွဲ့တွေကို လိုက်လျောနိုင်တယ်။ သဘောပေါက်နိုင်တယ်။ နားလည်နိုင်တယ်။ သို့သော်လဲ အဲဒီဟာကြောင့်ပဲ တပ်မတော်က အရေးကြီးလာတယ်။ တပ်မတော်ရဲ့ ဆုံးဖြတ်ချက်၊ တပ်မတော်ရဲ့ သဘောထားတွေဟာ ညှိနှိုင်းမှု အောင်မြင်နိုင်တယ်ဆိုရင်တော့ သူပေါ် အများကြီး မူတည်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ တပ်မတော်ဘက်က များသောအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ Structure ဖွဲ့စည်းပုံဟာ ဖယ်ဒရယ် အခြေအနေ ရှိနေပြီပဲ ဒီအပေါ်မှာ ချဲ့ထွင်သွားရင် ရနိုင်တယ်ဆိုပြီးတော့ ပြောပါတယ်။ တချို့က ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်တဲ့ဆန္ဒ မရှိဘူး တပ်မတော်ကဆိုပြီး သုံးသပ်ကြပါတယ်။ ဆိုတော့ တိုင်းရင်းသားတွေဘက်က တောင်းဆိုနေတဲ့ ပုံစံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှုမျိုး တပ်မတော်က လုပ်လာလိမ့်မယ် ထင်ပါလား။

ဦးစိုင်းညွှန့်လွင် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖယ်ဒရယ် မဟုတ်ဘူး။ ဒီမိုကရေစီ မဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ ဒီလို အမြင်မျိုးက တပ်မတော်ပေါ်မှာ မကြာခင် ပြုပြင်ရမယ်ဆိုတာ သူတို့ သိလာတဲ့တနေ့၊ သိအောင်လို့လဲ ကျနော်တို့ ဝိုင်းဝန်ပြီးတော့ ဆွေးနွေးဖြောင့်ချရမှာပါ။ အဲဒီတနေ့မှာတော့ အားလုံး ညီညီညွှတ်ညွှတ် ဖြစ်မယ်လို့ ရည်မှန်းပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက် မေးချင်တာက ရှမ်းပြည်နယ်နဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ တကယ်တော့ ပြည်ထောင်စုအရေးပါပဲ။ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ လူမျိုးစုတချို့။ ဥပမာအားဖြင့် ဝတို့ဘာတို့က သူတို့လည်း သီးခြားပြည်နယ်အဆင့် လိုချင်တယ်လို့ တောင်းဆိုကြတာကို တွေ့ရပါတယ်။ ဒီကိစ္စကို ဘယ်လို တုံ့ပြန်ပြောကြားလိုပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ ဒီပြည်နယ်အသစ် ကိစ္စကတော့ ကျနော်တို့ ရှမ်းပြည်နယ်တခုတည်း ရှမ်းပါတီတခုတည်းက ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ ပြည်ထောင်စုတခုလုံးရဲ့ ကိစ္စလို့ ကျနော်တို့ သတ်မှတ်ထားပါတယ်။ ပြည်ထောင်စုတခုလုံးရဲ့ သဘောထားပေါ် အများကြီး မူတည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရှေ့ကိုဆက်ပြီးတော့ မကြာခင် နိုင်ငံရေး အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ နောက်လမှာ လုပ်သွားမယ်လို့ ကြားရပါတယ်။ အဲဒီမှာ တက်ရောက်ဆွေးနွေးဖို့ အတွက်ဆိုရင် တက်ရောက်ဆွေးနွေးချင်တဲ့ အဖွဲ့အစည်းတွေအားလုံးက NCA လက်မှတ်ထိုးဖို့ လိုတယ်လို့လည်း ပြောပါတယ်။ အဲဒီအတွက် အခက်အခဲ ရှိနိုင်မယ် ထင်ပါလား။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်ထင်တယ် သိပ်မရှိလောက်ဘူးလို့ ထင်တယ်။ အဲဒါကတော့ အစိုးရဘက်နဲ့ တပ်မတော်ဘက်တို့ရဲ့ ကျွမ်းကျင်လိမ္မာမှုပေါ် အများကြီး မူတည်ပါတယ်။ အစိုးရနဲ့ တပ်မတော် ကျွမ်းကျွမ်းကျင်ကျင်၊ လိမ်လိမ်မာမာ ဆောင်ရွက်နိုင်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ အခုက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မဟုတ်သေးပါဘူး။ အခုလာမှာကတော့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် လာရမှာပါ။ မူဘောင် မပြီးသေးပါဘူး။ အခု ကျင်းပသွားတဲ့ (၃၁) ရက်ကနေ (၃) ရက်နေ့ ညီလာခံမှာ မူဘောင်မရှိဘဲနဲ့ ကျင်းပသွားတာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ မူဘောင် စလုပ်ရမှာပါ။ ပြီးနောက် Informal တွေ့ဆုံဆွေးနွေးပွဲတွေ အများကြီး လိုမယ်လို့ ကျနော် ယူဆပါတယ်။ ကျနော့် အယူအဆပါ။ ကျနော့် အယူအဆက Informal တွေလည်း အများကြီး ရှိမယ်။ အစိုးရဘက်က မူဘောင်အရ ဆောင်ရွက်ပေးမယ့် formal ဆွေးနွေးပွဲတွေလည်း ခြောက်လအတွင်း ဇွဲရှိရှိနဲ့ စိတ်စေတနာကောင်းကောင်းနဲ့ လုပ်မယ်ဆိုရင်တော့ အကျိုးသက်ရောက်မှု တခုခုတော့ ရှိလာနိုင်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု ထပ်မေးပါရစေအုံး။ နိုင်ငံတကာ မီဒီယာထဲမှာ တချို့တွေက အခု ပြီးခဲ့တဲ့ ညီလာခံဟာ It’s more ceremonial အဆောင်အရောင် အခမ်းအနား အပေါ်ယံတွေသာ များနေတယ်လို့ သုံးသပ်ကြပါတယ်။ ဘယ်လို တုံ့ပြန်ပြောလိုပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်တော့ အဲဒီလိုတော့ သိပ်မဝေဖန်ချင်ပါဘူး။ အချိန်မရလို့သာ လုပ်ရတာပါ။ သို့သော်လဲ ကျနော် ထောက်ပြချင်တာ တခုရှိတာက နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင် မပြီးသေးပါဘူး။ မူဘောင်မပြီးသေးဘဲ ကျင်းပရတဲ့အတွက် ဝေဖန်ခံရတာတွေ ရှိတာပါ။ အမှန်တော့ စေတနာကိုပဲ ကြည့်ရင်တော့ လက်ခံနိုင်စရာ ရှိပါတယ်။

XS
SM
MD
LG