သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဥတုရာသီ ပြောင်းလဲမှု ဆိုးဝါးတဲ့စံချိန်သစ်တွေ တင်


ကမ္ဘာတလွှား ဥတုရာသီ ပြောင်းလဲမှုနဲ့ဆက်နွယ်နေတဲ့ မှတ်တမ်းတွေကို ကြည့်ရင် စံချိန်သစ်တင်ခဲ့တာတွေ အများအပြားရှိပြီး ကောင်းမွန်တဲ့စံချိန်သစ် တခုမှမရှိဘူးလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ WOM ရဲ့ ၂၀၂၂ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

“လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ပင်လယ်ရေမျက်နှာပြင်က နှစ်ဆ မြင့်တက်လာပါတယ်။ အရင်တုန်းက ၂.၃ မီလီမီတာလောက် မြင့်တက်ခဲ့တာကနေ အခုနှစ်ပိုင်းတွေမှာတော့ ၄.၆ မီလီမီတာအထိ မြင့်လာနေတယ်။” လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က အထွေထွေအတွင်းရေးမှူးချုပ် Petteri Taalas က ပြောပါတယ်။"

ဒီလို မြင့်တက်လာတဲ့အဓိကအကြောင်းရင်းက ဂရင်းလန်းနဲ့ အန္တာတိကတိုက်ကရေခဲမြစ်တွေ အရည်ပျော်တာကြောင့်လို့ ဆိုပါတယ်။ တပြိုင်တည်းမှာပဲ အန္တာတိကရေခဲပြင်ဟာ မနှစ်က ဖေဖော်ဝါရီလမှာ အနိမ့်ဆုံးအဆင့်ကို စံချိန်တင်ကျဆင်းသွားခဲ့ပြီး အာတိတ်ပင်လယ်ရေခဲပြင်ကလည်း စက်တင်ဘာလမှာ စံချိန်တင် လျော့နည်းသွားပါတယ်။ ရေခဲမြစ်တွေအရည်ပျော်မှုက ပြီးခဲ့တဲ့ ဆယ်စုနှစ်ပျမ်းမျှနှုန်းထက် ပိုမိုကြီးမားပြီး ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောပါတယ်။

ဒါ့ပြင် ဖန်လုံအိမ်ဓာတ်ငွေ့ပြင်းအား၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနဲ့ နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်မှု မှတ်တမ်းတွေအားလုံး စံချိန်ကျိုးသွားခဲ့ပြီး မနှစ်က မီသိန်းဖြစ်ထွန်းမှုက အကြီးမားဆုံးတိုးလာတာတွေ့ရတယ်လို့လည်း အခု ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်မှာ မိုးခေါင်၊ ရေကြီး၊ အပူလှိုင်းတွေဖြတ်လို့ ကမ္ဘာ့တိုက်ကြီးတိုင်းမှာ ထိခိုက်ခဲ့ပြီး အသက်၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးကာ ဒေါ်လာဘီလီယံနဲ့ချီ ထိခိုက်ပျက်စီးခဲ့ကြောင်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အရှေ့အာဖရိကမှာ အဆက်မပြတ်မိုးခေါင်တာ၊ ပါကစ္စတန်မှာ စံချိန်တင်မိုးရွာသွန်းတာ၊ တရုတ်နဲ့ ဥရောပမှာ စံချိန်တင်အပူလှိုင်းဖြတ်တာတွေကြောင့် လူသန်းနဲ့ချီထိခိုက်ခဲ့ရပြီး စားနပ်ရိက္ခာမလုံလောက်မှု၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုတွေ တိုးမြင့်လာတယ် ဆိုပါတယ်။

တဘက်မှာလည်း ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ ‘လာနီညာ’ လို့ခေါ်တဲ့ ကမ္ဘာ့အပူချိန်ကို မတက်ဘဲ ထိန်းထားပေးနေတဲ့ ဖြစ်စဉ်ရှိနေခဲ့လို့ ပစိဖိတ်သမုဒ္ဒရာရဲ့ အေးခဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုကတော့ မနှစ်က အမြင့်ဆုံးကိုမရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနှစ်နှောင်းပိုင်းမှာ ‘လာနီညာ’ ရဲ့ ပြောင်းပြန် ဖြစ်စဉ် ‘အယ်နီညို’ ဖြစ်ဖို့ ရှိနေလို့ အနည်းဆုံး ယာယီခဏဖြစ်ဖြစ် စက်မှုထွန်းကား စကာလထက် ၁.၅ ဒီဂရီ စင်ဒီဂရိတ် ထက် မကျော်လွန်ရမယ့် ကန့်သတ်ချက် ဖြစ်တဲ့ ပဲရစ် သဘောတူညီမှု ကတိကဝတ်ရဲ့ အောက်ခြေအမှတ်နားအထိ အထိ အပူချိန်တိုးလာဖို့ ရှိပါတယ်။

ဧပြီလ ၂၂ ရက် ကမ္ဘာမြေနေ့ ကြေညာချက်မှာလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကို ကန့်သတ်နိုင်ဖို့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး အရှိန်အဟုန်မြှင့်တင်ရမယ်” လို့ သတိပေးထားပါယ်။

စံချိန်တင် အပူဆုံးနှစ်တွေဖြစ်ခဲ့တာက ၂၀၁၆၊ ၂၀၁၉နဲ့ ၂၀၂၀ ခုနှစ်တွေ ဖြစ်ပါတယ်။ မိုးလေဝသပညာရှင်တွေက အီကွေတာအရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ရေမျက်နှာပြင် ပုံမှန်မဟုတ်တဲ့ ပူနွေးလာမှုကို ဖြစ်ပေါ်စေတဲ့ ‘အယ်နီညို’ ဖြစ်စဉ် အတွက် အထူး စိုးရိမ်ရတယ် ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG