သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေသမ္မတ ရာထူးကနှုတ်ထွက်ပြီ


ဇင်ဘာဘွေ သမ္မတ Robert Mugabe
ဇင်ဘာဘွေ သမ္မတ Robert Mugabe

ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ Robert Mugabe ဟာ အင်္ဂါနေ့မှာ ရာထူးကနေ နုတ်ထွက်သွားပါပြီ။ သမ္မတ Mugabe ရာထူးက နုတ်ထွက်တဲ့စာကို မြို့တော် Harare မှာ ကျင်းပတဲ့ ပူးတွဲ လွှတ်တော်ညီလာခံမှာ လွှတ်တော်ဥက္ကဋ္ဌ Jacob Mudenda က ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။ နုတ်ထွက်စာကိုတော့ သမ္မတ Mugabe ကိုယ်တိုင် ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

ဇင်ဘာဘွေဖွဲ့စည်းပုံရဲ့ အပိုဒ် ၉၆ အရ သူ့အနေနဲ့ ရာထူးက နှုတ်ထွက်စာကို တင်သွင်းကြောင်း သမ္မတ Mugabe က လွှတ်တော်ကို ပေးပို့တဲ့ စာထဲမှာ ရေးသားထားပါတယ်။ ဒီနှုတ်ထွက်မှုဟာလည်း ချက်ခြင်း အသက်ဝင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဇနီးဖြစ်သူ Grace နဲ့အတူ သီတင်းပတ် တပတ်ကြာ ဖမ်းဆီး ထိန်းသိမ်း ခံထားရပြီးတဲ့နောက် အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုတွေ၊ သူရာထူးက နှုတ်ထွက်ပေးဖို့ အတွက် ဆန္ဒပြ တောင်းဆိုမှုတွေအပြင် သတ်မှတ်ထားတဲ့ တနင်္လာနေ့ မွန်းတည့်ချိန်မှာ ရာထူးက နှုတ်ထွက်မပေးတဲ့အတွက် လွှတ်တော်က သူ့ကို တရားစွဲဆိုဖို့ ပြင်ဆင်နေချိန်မှာဘဲ သမ္မတ Mugabe အခုလို ရာထူးက နှုတ်ထွက်သွားတာ ဖြစ်ပါတယ်။

ဒုတိယသမ္မတ Emmerson Mnangagwa ကို ရာထူးက ဖြုတ်ချလိုက်ပြီးတဲ့နောက် စစ်တပ်က သမ္မတ Mugabe နဲ့ ဇနီးကို ဖမ်းဆီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ Mugabe ဟာ ဗြိတိသျှလက်အောက်က ဇင်ဘာဘွေနိုင်ငံ ၁၉၈၀ ခုနှစ်မှာ လွတ်လပ်ရေး ရတဲ့အချိန်ကစလို့ တိုင်းပြည်ကို နှစ်ပေါင်း ၃၇ နှစ်ကြာ အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။

သူရာထူးက နှုတ်ထွက်ကြောင်း ကြေညာလိုက်တာနဲ့ တပြိုင်ထဲ လွှတ်တော်အမတ်တွေက ဝမ်းပန်းတသာ ထခုန်ခဲ့ကြပြီး မြို့တော် Harare အပါအဝင် နေရာ အတော် များများ မှာလည်း ပြည်သူတွေ ပျော်ရွှင်စွာ အောင်ပွဲခံနေကြတဲ့ပုံတွေကို နိုင်ငံတကာ ရုပ်မြင် သံကြား သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

XS
SM
MD
LG