(Zawgyi/Unicode)
အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာ ကိုဗစ် ကူးစက်မှုတွေ တကြော့ပြန် ပြန်မြင့်တက် ပြင်းထန်လာတဲ့ အခြေအနေကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
ကိုဗစ်ကူးစက်မှု တတိယလှိုင်း ဖြစ်လာတယ်လို့ ပြောနေကြတဲ့ ကာလီဖိုးနီးယား ပြည်နယ်မှာတော့ ဆေးရုံတွေက အထူးကြပ်မတ် ကုသဆောင် ICU တွေမှာ လူနာတွေ ပြည့်ကြပ်နေပြီး ၊ မလိုအပ်ပဲ နေအိမ်အပြင် မထွက်ကြဖို့ ပြည်နယ်အာဏာပိုင်တွေက တိုက်တွန်းထားကြောင်း လော့စ်အိန်းဂျလိစ်မြို့ LA မှာ နေတဲ့ အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။
“ ကျနော်တို့ ကာလီဖိုးနီးယားမှာ ခုဆိုရင် တကယ့်ကို စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အခုက positive ကိုဗစ်ကူးစက်အတည်ပြု လူနာသစ်တွေက တနေ့ပြီးတနေ့ ပိုပိုများလာတယ်။ အထူးသဖြင့် ခုဆိုရင် ကျနော်တို့ LA မြို့နယ်မှာ ကူးစက်မှု နေ့တိုင်းပဲ သောင်းဂဏန်း ကျော်တယ်။ မနေ့ကဆို (၁၃,၀၀၀)ကျော် ရှိတယ်။ ပြီးတော့ ကျနော်တို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကလည်း အခြေအနေက ဒီထက် ပိုဆိုးလာမယ်လို့တောင် ပြောထားတယ်။ ဘာလို့လဲဆိုတော့ ခရစ္စမတ်ကာလမှာ လူစုလူဝေးတွေ လုပ်ကြတယ်၊ ခရီးသွားတွေလည်း များတယ်ဆိုတော့ ကူးစက်မှုအသစ်တွေ ပိုများလာနိုင်စရာ ရှိတယ်လို့ သူတို့ ပြောထားတယ်။ ခုဆို ဆေးရုံတွေမှာ နေရာသိပ်မရှိတော့ဘူး။ နောက်တခု ကူးစက်မှု များလာတာက ဗီဇပြောင်းတဲ့ ကိုဗစ်ပိုးကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး။ ပိုးအသစ်က တွေ့တော့ တွေ့နေတယ် အဲဒီပိုးအသစ်ကြောင့်တော့ မဟုတ်သေးပါဘူး။”
ကာလီဖိုးနီးယားပြည်နယ် Monrovia ကောင်တီမှာ အိမ်ဆောက်ပစ္စည်းနဲ့ အိမ်တွင်းသုံး ပစ္စည်းကိရိယာ ရောင်းတဲ့ Home Depot ကုန်မာဆိုင်ကြီးမှာ လုပ်နေသူ မနီနီဦးကတော့ သူတို့အလုပ်ထဲမှာလည်း ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်တွေ ပိုတင်းကြပ်လာတယ်လို့ ဆိုပါတယ်။
“ ကျမက Home Depot မှာ လုပ်တဲ့အခါကျတော့ သူတို့က အရမ်း တင်းကြပ်တားမြစ်ထားတာပါ။ အစား စားသောက်တဲ့နေရာ lunch room တို့ဘာတို့ဆိုလည်း ကာထားတယ်။ တယောက် တနေရာအတွက်ကို Cover တွေနဲ့ ကာထားပေးတယ်။ နှာခေါင်းစီး mask တွေ တပ်တာတို့ လက်အိတ်တွေ စွပ်တာတို့တော့ စဉ်ဆက်မပြတ်ပဲ။ အလုံအလောက်လည်း ထားထားပေးတယ်။ ဈေးလာဝယ်တဲ့ ဧည့်သည်တွေကိုဆိုရင်လည်း အဲဒါတွေကို မဖြစ်မနေ သုံးခိုင်းတယ်။ ကျမတို့ ဝန်ထမ်းအချင်းချင်းကြားမှာလည်း Social Distancing ရှိမရှိ ဆိုတာကို အုပ်ချုပ်ရေးအဖွဲ့က မကြာခဏ လာကြည့်တယ်။ ၆ ပေခွာရဲ့လား ... နည်းနည်းလေး ကပ်သ ွားပြီ ဆိုတာနဲ့ သတိထားဖို့ လာပြီး သတိပေးတော့တာပဲ။”
ခုချိန်ထိ ကာလီဖိုးနီးယားမှာ ကိုဗစ်ကူးခဲ့သူပေါင်း (၂)သန်းခွဲ ကျော်နဲ့ သေဆုံးသူ (၂၇၅၀၀)နီးပါးရှိပါတယ်။ အမေရိကားမှာ ကူးစက်မှု အများဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။
ကိုဗစ်ကူးစက်မှု တကြော့ပြန်တက်လာတဲ့ နောက်ပြည်နယ်တခုကတော့ နယူးယောက် ဖြစ်ပါတယ်။ နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ဒု- ဆေးရုံအုပ်လည်းဖြစ် ကိုဗစ်အထူးကု ဆရာဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာ ဇေယျာသက်က နယူးယောက်မြို့က လက်ရှိ ကိုဗစ်အခြေအနေကို ရှင်းပြပါတယ်။
“လွန်ခဲ့တဲ့ ၃ လ၊ လွန်ခဲ့တဲ့ ၂ လ တို့နဲ့ နှိုင်းယှဉ်ရင် ကူးစက်မှု case အသစ်တွေကတော့ များလာတယ်ဗျ။ သိသာတယ်။ ၃ ဆနီးပါးလောက်ကို တက်လာတယ်ပေါ့။ အသေအပျောက် ရှိသလားဆိုရင်တော့ ရှိပါတယ်။ ဒါပေမယ့် အရမ်းကြီး ဆိုးဆိုးဝါးဝါး အခြေအနေတော့ မဟုတ်သေးဘူး။ ကျနော်တို့မှာ ဘာကောင်းသွားလည်းဆိုတော့ အခုဆိုရင် ကျနော်တို့ ဆေးရုံအတော်များများမှာ Monoclonal Antibody ဆိုတာ ရှိတယ်ပေါ့လေ။ မြန်မာလို အလွယ်ပြောရရင် အကြောဆေးပေါ့။ ကျနော်တို့က အဲဒီ Monoclonic Antibody ကို ကိုဗစ်လူနာတွေကို သွင်းပေးလို့ ရနေပြီဗျ။ လူတိုင်းကိုတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့မှာ ဦးစားပေး အစီအစဉ်နဲ့ ဆုံးဖြတ်ပြီး ပေးရတာပါ။ ကျနော်လုပ်နေတဲ့ ဆေးရုံတရုံမှာဆိုရင် လူနာ အယောက်(၃၀)နီးပါးကို အဲဒီဆေး ပေးထားတာပေါ့။ အဲဒီ ၃၀ ထဲကမှ ၂ ယောက်လောက်ကတော့ ဆေးရုံ ပြန်တင်ရတယ်။ ဒါပေမယ့် အဲဒီဆေးသုံးတဲ့လူတွေဆီမှာ ခုထိ အသေအပျောက် မရှိသေးပါဘူး”
နယူးယောက်ပြည်နယ်မှာတော့ ကိုဗစ်ကူးစက်ခဲ့သူ (၁)သန်းကျော်နဲ့ သေဆုံးသူ (၃၈,၀၀၀) ကျော်ရှိပြီး ကူးစက်မှုအရ စတုတ္ထအများဆုံး လိုက်တယ်ဆိုပေမယ့်၊ ကိုဗစ်ကြောင့် လူသေဆုံးမှုမှာ အများဆုံးပြည်နယ် ဖြစ်ပါတယ်။
အလားတူ အမေရိကန် အရှေ့တောင်ပိုင်းက ဖလော်ရီဒါ ပြည်နယ်မှာလည်း ဒီရက်ပိုင်းထဲ ကိုဗစ်ကူးစက်မှု ပြန်တိုးလာတဲ့အတွက် ဆေးရုံတွေမှာ ဆရာဝန်အင်အား တိုးချထားရတယ်လို့ ဖလော်ရီဒါပြည်နယ် Jacksonvill, Duval County က ဘက်ပ်တစ်ဆေးရုံမှာ တာဝန်ကျနေတဲ့ ဒေါက်တာ စိုးပိုင်က VOA ကို ပြောပါတယ်။
“ကျနော် အလုပ်လုပ်တဲ့ ဆေးရုံမှာတော့ ကိုဗစ်ကူးစက်မှုတွေ ပြန်တက်နေတယ်။ ပြန်တက်လာတော့ အဲဒီမှာလုပ်နေတဲ့ဆရာဝန် ဦးရေကို အရင်ထက်ပိုတိုးပြီး တာဝန်ချထားတယ်။ ဒီလို တိုးလာတာ တချက်ကတော့ အခုဆောင်းတွင်းက Flu ပေါ့ အအေးမိဖျားတတ်တဲ့ ရာသီဖြစ်တာရယ် ၊ နောက်တခုက Immunization ကာကွယ်ဆေးက လူတိုင်းလည်း မထိုးရသေးဘူး ၊ ခုမှ စထိုးကြတာ ဦးစားပေးရမယ့်သူတွေ နည်းနည်းလေးကိုပဲ ထိုးရသေးတယ်။ ထိုးတဲ့လူတွေ ကိုယ်နှိုက်က ကိုယ်ခံအား အပြည့်အဝ မရကြသေးဘူး။ နောက်တချက်က ကျတော့ ရောဂါထိန်းချုပ်ရေးအပိုင်းကလည်း ဖြစ်ခါစလောက် မဟုတ်တော့ဘူး။ နောက်ပိုင်း ပြန်လျော့လာတယ်။ mask တပ်တာတို့ အလုပ်သွားတာတို့ ဘာတို့က ဖြစ်ခါစတုန်းက တင်းကြပ်တယ်။ ခုနောက်ပိုင်းက ပြန်လျော့လာတယ်။ လူစုလူဝေးတွေ ပြန်ဖြစ်လာတယ်။ အဲဒါကြောင့် ပြန်တိုးလာတာလို့ ထင်ပါတယ်။”
ဖလော်ရီဒါပြည်နယ်မှာ ကိုဗစ်ကူးစက်ခဲ့သူ (၁.၄)သန်းနီးပါးနဲ့ ခုချိန်ထိ အမေရိကန်နိုင်ငံတွင်း ကူးစက်မှု တတိယအများဆုံးဖြစ်ပြီး သေဆုံးသူ (၂၂,၂၀၀)နီးပါးရှိပါတယ်။
ကိုဗစ်ကူးစက်မှု ဒုတိယ အများဆုံးကတော့ တက္ကဆက်ပြည်နယ် ဖြစ်ပြီး ကူးစက်သူ (၁.၈၆)သန်းကျော်နဲ့ သေဆုံးသူ(၂၉,၀၀၀)ဝန်းကျင် ရှိပါတယ်။
အမေရိကန်ပြည်ထောင်စု တနိုင်ငံလုံး အတိုင်းအတာအရ ခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း (၂၁)သန်းကျော်နဲ့ သေဆုံးသူ (၃၅၇,၀၀၀)ကျော် ရှိနေပါတယ်။
Your browser doesn’t support HTML5
..............
(Unicode)