နေတိုး ဌာနချုပ်ရှိရာ ဘရပ်ဆဲလ်မှာ အရေးပေါ် အစည်းအဝေး ကျင်းပမှာ သံတမန်ရပ်ဝန်းကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က ချက် နိုင်ငံခြားရေး ဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံချိန်မှာ နေတိုးနဲ့ ယူကရိန်း အရေးပေါ် စည်းဝေးကြမယ့် အကြောင်း အတည်ပြုပါတယ်။
“ဒီတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်ရဲ့ သဘောသဘာဝနဲ့ သက်ရောက်မှု အကျိုးဆက် အကဲဖြတ်ချက်တွေကို မဟာမိတ်တွေကိုတင်ပြနိုင်ဖို့ လိုအပ်တဲ့ အထောက်အထားတွေကို တတ်နိုင်သမျှ စုဆောင်းဖို့ ကြိုးစားမှာ ဖြစ်ပြီး ကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေကာ လေကြောင်းကာကွယ်ရေးကို မြှင့်တင်ဖို့ အာရုံစိုက်သွားမှာ” ဖြစ်ကြောင်း Sybiha က ပြောပါတယ်။
နေတိုး အဖွဲ့ဝင် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တာ့စ် Donald Tusk ကတော့ ရုရှားရဲ့ ဒုံးကျည် အသစ် ထုတ်သုံးလာမှုနဲ့ ပတ်သက်ပြီး သောကြာနေ့က မှတ်ချက်ပြုရာမှာ ပဋိပက္ခဟာ “အဆုံးအဖြတ်အဆင့်ကို ရောက်ရှိလာနေပြီ” လို့ ဆိုထားပါတယ်။
အမေရိကန်ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်နဲ့ တားဆီးနိုင်စွမ်း မရှိဘူးလို့ ရုရှား သမ္မတ ဗလာဒီမီယာပူတင်က ကြုံးဝါးခဲ့တဲ့ ဒီ ဒုံးကျည် အသစ်ဟာ ၃၃ လနီးပါးကြာ နေပြီး ဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်း ကျူးကျော် စစ်ပွဲ ကို အရှိန်တဆင့် မြင့်စေခဲ့တာပါ။ အသံထက် ၁၁ ဆ ပိုမြန်တဲ့ အဲဒီ ဒုံးကျည်မှာ နျူကလီးယား ထိပ်ဖူး မဟုတ်တဲ့ ဒုံးကျည်ထိပ်ဖူး ခြောက်ခု ပါဝင်ပြီး ဒုံးကျည် တခုစီကနေ ဗုံး ၆ ခုစီ ကြဲချခဲ့တယ်လို့ ယူကရိန်း စစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။
Your browser doesn’t support HTML5
နီပရို မြို့က စစ်ဘက်ဆိုင်ရာ အဆောက်အအုံတခုကို ရုရှားက အဲဒီ ဒုံးကျည်သစ်နဲ့ ကြာသပတေးနေ့က တိုက်ခိုက်ခဲ့ပြီးနောက်မှာ ယူကရိန်း နိုင်ငံတဝန်းမှာလည်း လုံခြုံရေးတွေတင်းကျပ်ထားပြီး လွှတ်တော် အစည်းအဝေးတွေ ဖျက်သိမ်းလိုက်ရပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒိုမြာ ဇယ်လန်းစကီးရဲ့ ရုံးကလည်း လုံခြုံရေးအစီအမံတွေနဲ့ အညီ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
အနောက်နိုင်ငံတွေက ရုရှားပိုင်နက်ထဲ အထိ ပိုမိုနက်ရှိုင်းစွာ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို အသုံးပြုခွင့်ပေးခဲ့တာ အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ Oreshnik လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးကျည် အသစ်ကို ထုတ်သုံးပြီး ပြတ်ပြတ်သားသား သတိပေးတာလို့ ရုရှား ခေါင်းဆောင် ပူတင်က အစိုးရ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ကြာသပတေးနေ့က ပြောပါတယ်။
ဒါ့အပြင် သောကြာနေ့ စစ်ဘက်နဲ့ လက်နက်လုပ်ငန်း ဆိုင်ရာ အရာရှိတွေနဲ့ တွေ့ဆုံရာမှာလည်း “ကမ္ဘာပေါ်မှာ ဒီလိုလက်နက်မျိုး ဘယ်သူမှာမှ မရှိဘူး” လို့ သမ္မတ ပူတင်က ပြောပြီး Oreshnik ဒုံးကျည် ထုတ်လုပ်ရေး တရားဝင် စတင်နေပြီလို့ ဆိုပါတယ်။ တခြား ထိပ်တန်း နိုင်ငံတွေလည်း အလားတူ လက်နက်တွေ ထုတ်နိုင်ဖို့ ကြိုးစားနေတာကို သိရှိထားတယ်လို့ အနှေးနဲ့အမြန် ဆိုသလို တခြားနိုင်ငံတွေလည်း ဒီလို လက်နက်တွေ ထုတ်လုပ်နိုင်မှာ ဖြစ်ပေမယ့် ရုရှားမှာ ဒီ လက်နက် ရှိနှင့်ပြီးသား ဆိုတဲ့ အချက်က အရေးကြီးဆုံး ဖြစ်တယ်လို့လည်း သူက သတိပေး ပြောကြားထားပါတယ်။
Your browser doesn’t support HTML5