(Zawgyi/Unicode)
COVID-19 ကပ်ရောဂါထိန်းချုပ်နိုင်ဖို့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် အာရှနိုင်ငံတွေရဲ့ နောက်ဆုံး ဆောင်ရွက်ချက်တွေကို မစုမြတ်မွန်က တင်ပြပါမယ်။
COVID-19 ကပ်ရောဂါပြဿနာကြောင့် မတ်လ ၂၆ ရက် ကြာသပတေးနေ့ကစလို့ ထိုင်းနိုင်ငံမှာ ကျန်းမာရေး အရေးပေါ် အခြေအနေ ထုတ်ပြန်တယ်လို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ကြေညာခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှုပြဿနာဟာ လက်ရှိထက် အများကြီး ပိုဆိုးလာနိုင်တာမို့ ခုလိုတင်းကြပ်တဲ့ဆောင်ရွက်မှုကို လုပ်ရတာဖြစ်တယ်လို့ ဗုဒ္မဟူးနေ့က ကြေညာစဉ်မှာ ဝန်ကြီးချုပ် Prayuth ကပြောကြားပါတယ်။
ရောဂါကူးစက်မှု အခြေအနေ ပိုးဆိုးလာရင် ထိုင်းလူမျိုးတွေရဲ့ ကျန်းမာရေး၊ ဝင်ငွေအပြင် နေမှုထိုင်ပုံံစံ နိုင်ငံရဲ့ စီးပွားရေး စတာတွေအားလုံးအပေါ် သက်ရောက်မှုရှိလာလိမ့်မယ်လို့လည်း ဝန်ကြီးချုပ်က သတိပေးပါတယ်။ မတ်လ ၂၆ ရက်နေ့စလို့ ဧပြီလကုန်တဲ့အထိ ထိုင်းနိုင်ငံတဝန်းလုံးကို ကျန်းမာရေးအရေးပေါ်အခြေအနေ ထုတ်ပြန်တာနဲ့အတူ ကန့်သတ်ဆောင်ရွက်မယ့် အစီအစဉ်တွေကိုလည်း ဝန်ကြီးချုပ်က အသိပေးခဲ့ပါတယ်။ အခမ်းအနားကျင်ပတဲ့ ခန်းမတွေ၊ နယ်စပ်တွေပိတ်တာအပါအဝင် ဈေးတွေမတက်အောင်ပါ ထိန်းချုပ်မယ့် ကန့်သတ်ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာတယောက် ကခုလိုပြောပြပါတယ်။
“ ဒီရောဂါ ထိန်းချုပ်မှုနဲ့ ပတ်သက်လို့ အစိုးရကနေ လိုအပ်တဲ့ ဆောင်ရွက်စရာရှိတာ မှန်သမျှကို သူ့လုပ်ပိုင်ခွင့် အာဏာအပြည့်နဲ့ ဆောင်ရွက်သွားမယ်။ ဝန်ကြီးချုပ် Prayuth ကိုယ်တိုင်ပြောသွားတာက နိုင်ငံခြားသားတွေ အဝင်ကို ဒီည ၁၂ နာရီကနေ စပြီးတော့ ပိတ်ပင်လိုက်ပြီ။ နောက်ပြီးတော့ အသက် ၅ နှစ်အောက် ကလေးတွေနဲ့ အသက် ၇၀ အထက် လူကြီးတွေကို အိမ်ထဲမှာပဲ နေဖို့ အကြံပြုထားတယ်။ အဲဒါပြီးတဲ့အခါကျတော့ ကျန်းမာရေး အရေးပေါ်အခြေအနေကြောင့်မို့လို့ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ကိစ္စတွေ ကုန်ဈေးနှုန်းပြဿနာတွေ ပြီးတဲ့အခါကျတော့ ဒီလူစုလူဝေးနဲ့ ရောဂါဖြစ်နိုင်တဲ့ နေရာတွေ သွားကြတာတွေပေါ့ ။ အဲဒါတွေတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ ဆက်ပြီး ကန့်သက်ချက်တွေ တားမြစ်ချက်တွေ ဆက်ပြီး ထုတ်ပြန်မယ်လို့ ကျနော်နားလည်တယ်ပေါ့။ ဝန်ကြီးချုပ် Prayuth ကိုယ်တိုင်ပြောသွားတဲ့အရပေါ့နော်။”
လူတွေအနေတဲ့ ပစ္စည်းတွေအမြောက်အများဝယ်စုတာမျိုးတားမြစ်တာအပြင် ကုန်ဈေးနှုန်းတွေ မတန်တဆ တင်တာ ထိန်းချုပ်မယ့်ဆောင်ရွက်ချက်တွေ သတင်းမှားထုတ်ပြန်တာတွေကို အရေးယူမယ့် ဆောင်ရွက်ချက်တွေကိုလည်း ထိုင်းအစိုးရက လုပ်သွားမှာဖြစ်ပါတယ်။ ထိုင်ငံနိုင်ငံမှာဗုဒ္မဟူးနေ့အထိ COVID-19 ရောဂါဖြစ်နေသူ ၉ ၀၀ ကျော်ရှ ိပြီးသေဆုံးသူ ၄ ယောက်ရှိပါတယ်။ ခုလိုအိမ်နီးချင်းထိုင်းနိုင်ငံက ရောဂါထိန်းချုပ်ရေး အရေးပေါ် အခြေအနေကြေညာချိန်မှာပဲ တောင်ကိုရီးယားနိုင်ငံကလည်း သောကြာနေ့ကစလို့ အမေရိကန်ကလာသူတွေကို ကန့်သတ်တင်းကြပ်မယ့် အစီအစဉ်ကို ကြေညာပါတယ်။
“မတ်လ ၂၇ ရက် သောကြာနေ့ကစလို့ အမေရိကန်က ရောက်လာသူအားလုံး တခြားသူတွေနဲ့ မထိတွေ့ဘဲ မိမိနေတဲ့နေရာမှာသီးခြားခွဲနေရမယ့် ဆောင်ရွက်ချက်စတင်မယ်” လို့ ကပ်ဘေးတုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ တာဝန်ရှိသူ ယွန်းတေဟို ပြောသွားတာပါ။
အမေရိကန်ဟာ COVID-19 ကပ်ရောဂါဗဟိုချက်မဖြစ်လာနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့အကြီးအကဲ က သတိပေးထားချိန်မှာ တောင်ကိုရီးယားက ခုလိုဆောင်ရွက်တာဖြစ်ပါ။ ဥရောပက ရောက်ရှိလာသူတွေအနေနဲ့ သီတင်း ၂ ပတ်သွားခွဲနေရမယ့် အစီအစဉ်ကိုမတ်လ ၂၆ ရက်နေ့ထဲက စတင်လုပ်နေတာဖြစ်ပြီး အခုတော့ အမေရိကန်ကို ထပ်တိုးလိုက်တာပါ။ လေဆိပ်တွေမှာ ကြပ်မတ်စစ်ဆေးနေတာနဲ့ပတ်သက်လို့ Seoul မြို့တော်မှာနေတဲ့ မမွန်မြတ်သူက ခုလိုပြောပြပါတယ်။
“TV သတင်းတွေက တွေ့ရသလောက်ဆိုရင်တော့ စစ်တပ်တွေကပါ ဝင်ပြီးတော့ quarantine လုပ်တဲ့ process ကို ဝင်ကူနေတာတွေ့တယ်။ Airport security က အစတုန်းက လေဆိပ် ရဲတွေပဲ လုပ်တာ အခု ဒီနေ့ သတင်းမှာ တွေ့ရတာကတော့ ကြီးတပ်က ဝတ်စုံ တွေနဲ့ လူတွေ management လုပ်တဲ့နေရာမှာ လေယာဉ်ဆိုက်သမျှလူတွေအားလုံးကို စနစ်တကျ တန်းစီပြီးတော့ ဘယ်မှာစစ်မယ်၊ဘယ်လို ခွဲခြားမယ်ပေါ့နော် အဲဒီ management အကုန်လုံးကို လူအင်အား တိုးတဲ့ သဘောပေါ့။
လေဆိပ်ဝန်ထမ်းနဲ့ တင်မလုံလောက်တော့ဘူးဆိုတော့ ဒီက စစ်တပ်တွေပါ ပါလာတယ်လို့ မြင်ရတယ်။”
ရောဂါထိန်ချူပ်ရေးကို အထူးကြပ်မတ်ထားတဲ့တောင်ကိုရီးယားနိုင်ငံထဲမှာ ရောဂါကူးစက်သူ အသစ် အရေအတွက် ကျနေပေမဲ့ အသစ်တွေ့ရှိတဲ့ ကူးစက်သူအများစုက နိုင်ငံခြားက ရောက်လာသူတွေဆီက ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။
တောင်ကိုရီးယားမှာ India နိုင်ငံလို အိမ်ပြင်မထွက်ဖို့ တားမြစ်ကန့်သတ် မထားပေမဲ့ မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ တိုက်တွန်းထားတာပါ။ အထူးသဖြင့် ရောဂါဖြစ်နေသူတွေ အပြင်ထွက်ရင် နည်းပညာသုံး ခြေရာခံပြီး အရေးယူပါတယ်။
“ဒီမှာကတော့ လူ ရောဂါလက္ခဏာ မပြခင်မှာကတည်းက ကြိုပြီး Trace လုပ်နိုင်တာပေါ့နော်။ တယောက်ယောက်က စဖြစ်ပြီဆိုရင် အဲဒီလူနဲ့ contact ရှိတဲ့သူတွေကို ဒီမှာက Credit card ရှိတော့ အဲဒါနဲ့ trace လုပ်တယ်။ နောက် ဖုန်းနံပတ်တွေက register လုပ်ထားတာဆိုတော့ ဘယ်သူ ကိုင်သလဲဆိုတာ သိတဲ့အတွက် ဖုန်းနံပတ်နဲ့ ဖုန်း location ကို လိုက်ပြီးတော့ ရှာနိုင်တယ်ပေါ့နော်။ အဲဒါဆိုတော့ ဒီလူ တွေက ရောဂါလက္ခဏာ မပြလဲ ရောဂါရှိတဲ့လူတွေဆိုတော့ ကြိုပြီးသိတယ်။ အဲလို ကြိုသိရင် အိမ်မှာပဲ self quarantine လုပ်ပေါ့နော်။ ရောဂါလက္ခဏာ ပြတယ်ဆိုရင် ဆေးရုံကို ခေါ်သွားတယ်။ အိမ်မှာပဲ self quarantine လုပ်တဲ့သူက အပြင်ထွက်ရင် အဲဒါ အဖမ်းခံရတယ် ဒါမှမဟုတ် ဒဏ်ကြေးရိုက်တာရှိတယ်။”
တောင်ကိုရီးယားနိုင်ငံမှာ လောလောဆယ်အထိ ရောဂါကူးစက်နေသူ ၉၁၀၀ ကျော်နဲ့ သေဆုံးသူ ၁၂၆ ယောက်ရှိပါတယ်။ COVID -19 ရောဂါစတင်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ နောက်ထပ်ရောဂါကူးစက်သူမရှိတာ ၅ ရက်အနည်းဆုံးရှိနေပြီလို့ အစိုးရကဆိုပါတယ်။ ၂၅ ရက်နေ့ထဲကစလို့ တင်းကြပ်ကန့်သတ်မှုတွေကို လေ ျှာပေါ့ပြီး ဟူဘေးပြည်နယ်ထဲကနေ ထွက်ခွာချင်သူတွေကို သွားခွင့် ပြုနေပါတယ်။
Your browser doesn’t support HTML5
...................
(Unicode)