COVID – 19 ကြောင့် ပထမဆုံး မဲဆွယ်စည်းရုံးရေးခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်ဖျက်သိမ်း

ဓါတ်ပုံ-Myanmar State Counsellor Office

(Zawgyi/Unicode)

နိုင်ငံတွင်း COVID – 19 ကူးစက်မှု မြင့်တက်လာနေတာကြောင့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ပထမဆုံး အကြိမ် မဲဆွယ်စည်းရုံးမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

"ကျွန်မကလည်း မူလကဆိုရင် ရန်ကုန်ကို ဒီနေ့မှာ ဆင်းပြီးတော့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးကို ဆင်းဖို့ နောက် ဆိပ်ကြီး ခနောင်တို မှာ လည်း နိုင်ငံတော် အလုပ်တစ်ခုပေါ့နော် လုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါကို ကျန်းမာရေး ဝန်ကြီးက ခရီးသွားတာ သဘောမတူဘူး ဆိုလို့ကျွန်မ ဖျက်သိမ်းလိုက်ပါတယ်။ အခု ဒီအချိန်မှာ အဓိကက ကျွန်မတို့ နိုင်ငံမှာ အာဏာ အရှိဆုံးက ကျန်းမာရေးဝန်ကြီး ဌာန ဖြစ်နေတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို ကျွန်မတို့ တိတိကျကျ လိုက်နာဖို့ လိုတယ်။ "

နိုင်ငံတော် အတိုင်ပင်ခံက စက်တင်ဘာလ ၇ ရက်နေ့က Facebook ကနေတိုက်ရိုက် ထုတ်လွှင့်တဲ့ ဆွေးနွေးပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှာ ကူးစက်သူ ၁၆၆ ရှိတယ်လို့ အတည်ပြုကြေညာခဲ့ပြီးနောက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အခု လို မဲဆွယ် စည်းရုံးရေး ခရီးစဉ် ဖျက်သိမ်းကြောင်း ကြေညာခဲ့တာပါ။

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီရဲ့ ပြောခွင့်ရ ဦးမျိုးညွန့်ကတော့ မဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေကြောင်း၊ ပါတီအနေနဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် ပါတီအလံတွေနဲ့ စည်းရုံးရေး လက်ကမ်းစာစောင်တွေကို ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ မဲဆွယ် မိန့်ခွန်းသွားရောက် ပြောကြားတာမျိုးကိုတော့ များများစားစား လုပ်နိုင်မှာ မဟုတ်ကြောင်း ရိုက်တာ သတင်းကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်လောက်အထိ COVID-19 ပြည်တွင်း ကူးစက်မှု မရှိဘဲ နေရာက အခုအခါ ကူးစက်မှု ၁၅၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ တနင်္လာနေ့ ညပိုင်းတုန်းကလည်း COVID-19 ကူးစက်သူ ၅၄ ယောက် ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

အတည်ပြုလူနာသစ်တွေက ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တွေက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ရန်ကုန်မြို့မှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်က ဝန်ထမ်းတစ်ဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ ရတာကို တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်မှာ ဆယ်စုနှစ်များစွာ လစ်လျူရှုခံထားခဲ့ရလို့ ကျန်မားရေ စောင့်ရှောက်မှု စနစ်က အားနည်း နေတာကြောင့် တိုင်းပြည်အတွင်း ကူးစက်မှုကြီး ဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့လည်း ဆရာဝန်တွေက ပြောကြောင်း ရိုက်တာ သတင်းက ပြောပါတယ်။

အခုအချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ၁,၅၁၈ ယောက်၊ ပိုးတွေ့ပြီး ပြန်လည် နေကောင်းသွားသူ ၃၈၈ ယောက်နဲ့ သေဆုံးသူ ၈ ယောက်ရှိပါတယ်။

Your browser doesn’t support HTML5

COVID – 19 ကြောင့် ပထမဆုံး မဲဆွယ်စည်းရုံးရေးခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်ဖျက်သိမ်း


............


(Unicode)









