ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေနဲ့ ဆက်သွယ်မေးမြန်းချက်

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်

(Zawgyi/Unicode)

၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုလို့ မရဘူးလို့ ပြဌာန်းထားတဲ့အတွက် သမ္မတဦးဝင်းမြင့်ကို တရားစွဲဆိုမှုဟာ ဥပဒေကြောင်းအရ ပျက်ပြယ်နေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကိုပြောပါတယ်။ အလားတူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲချက်ကို ကြည့်ရင်လည်းလက်တလော ဘာမှမလုပ်နိုင်အောင် ထိန်းသိမ်းထားလိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်ဆောင်တယ်လို့ မြင်ကြောင်း ဦးခင်မောင်ဇော်က ပြောပါတယ်။ အင်္ဂါနေ့က စစ်ကောင်စီကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင် စွဲချက်တခုအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ နဲ့ နောက်ထပ်စွဲချက်တင်လိုက်ပါတယ်။

အဲဒီလို စွဲချက်အသစ် မတိုင်ခင် နာရီပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ဆရာတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ အခြေအနေ ဘယ်လိုရှိလဲ။

ရှေ့နေ ဦးခင်မောင်ဇော် ။ ။ ကျနော်တို့နဲ့ တိုက်ရိုက်တွေ့ခွင့်မရသေးပါဘူးခင်ဗျ။ နောက်တခါ ခရိုင်တရားသူကြီးက ပြောလိုက်တာကလည်း ကျနော်တို့ကို သူတို့ ရှေ့နေကိုယ်စားလှယ်စာ တင်မထားရင် Virtual Video Conference မှာ ကျနော်တို့ ပါခွင့်မရှိသေးဘူးလို့ ပြောပါတယ်ခင်ဗျ။ ရုံးတင်တဲ့နေ့မှာ သက်ဆိုင်တဲ့ တရားသူကြီးပေါ့ ၊ အမှုကိုင်တဲ့ တရားသူကြီးက သူတို့ကို မေးမှာပါတဲ့ ။ သေချာပေါက် ရှေ့နေဌားမလား၊ ရှေ့နေဌားမယ်ဆိုရင် ဘယ်သူ့ကို ဌားမလဲ (သို့မဟုတ်) စဉ်းစားဖို့ ရှိသေးသလားပေါ့ ။ဘယ်သူ့ကို ဌားမယ်ဆိုရင်တော့ အဲဒီရှေ့နေ ကိုယ်စားလှယ်စာတင်ဖို့အတွက် စီစဉ်ပေးပါ ဆိုပြီးတော့ ရဲကို တရားရုံးက ညွှန်ကြားမယ်လို့ ပြောပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်မယ့် ရက်ချိန်းတွေအခုဘယ်လို ရှိသလဲရှင့်။

ရှေ့နေ ဦးခင်မောင်ဇော် ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်မယ့် ရက်ချိန်းက ဒီလိုဗျ၊ ကျနော်တို့နိုင်ငံမှာက Case Management Program ဆိုတာ ရှိတယ်ခင်ဗျ။ Case Management Program ဆိုတာက တရားရုံးတွေကို တင်လာပြီဆိုရင် တရားခံဘက်နဲ့ တရားလိုဘက် ၊ နောက်တရားသူကြီး ၃ ဦး ဒီအတွက် သပ်သပ်ပေ့ါလေ။ ဒါက ဘယ်လိုအမှုမျိုးဖြစ်တယ် ၊ ရိုးရှင်းလွယ်ကူသလား၊ ဒါဆိုရင် ၆ လအတွင်းဆက်မယ်၊ အလယ်အလတ်လား ဒါဆိုရင် ၁ နှစ်အတွင်း၊ ခက်ခဲသလား ရှုတ်ထွေးသလား ဒါဆိုရင် ၂ နှစ်ပေါ့လေ။ အဲဒီလို အမှုကို အမျိုးအစားသတ်မှတ်မယ်ပေါ့ဗျာ။ နောက်တခါ ရုံးချိန်းတွေကို တရားလိုဘက် သက်သေတွေ စစ်ပြီးတဲ့အထိပေါ့ဗျာ။ ရုံးချိန်းတွေကို ဘယ်နေ့ ဘယ်အထိ ဆိုတဲ့ကိစ္စ အဲဒါလေးတွေကို စီစဉ်တာ အဲဒါကို Case Management Program လို့ ခေါ်ပါတယ်။ အဲဒါက ၂ ဖက် ရှေ့နေတွေပါမယ်ဆိုရင် ရှေ့နေတွေနဲ့ တရားသူကြီး ညှိရပါတယ်ခင်ဗျ။ အဲဒါမျိုးကတော့ အခုက ရှေ့နေတွေလည်း မရှိသေးတော့ Case Management Program မလုပ်နိုင်သေးဘူးပေါ့ဗျာ။ တရားသူကြီးကိုယ်တိုင်လည်း ရုံးကို အမှုတင်တဲ့အခါမှာ ရဲကို ပြောမယ်လို့ ပြောပါတယ်။ Case Management Program ၂ ဖက် ရှေ့နေတွေစုံမှ လုပ်ရမှာဖြစ်တဲ့အတွက် တရားခံဘက်က ရှေ့နေ ဌားမယ်ဆိုရင် ဌားတဲ့ ရှေ့နေ တွေနဲ့ ဆက်သွယ်လို့ရအောင် ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ ညှိနှိုင်းမယ်လို့ ပြေပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးချိန်း ဘယ်လို ဘယ်လိုဆိုတာ ရက်အတိအကျ ဘယ်နေ့ ဘယ်လိုဆိုတာ မရှိသေးပါဘူးခင်ဗျ။

အင်ကြင်းနိုင်။ ။ ဆရာတို့ အကျိုးဆောင်ရှေ့နေတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၊ သမ္မတ ဦးဝင်းမြင့်တို့အမှုတွေကို ဘယ်လိုမျိုး လိုက်ပါဆောင်ရွက်ပေးနေတာလဲရှင့်။ အခုအနေအထားကလေ။

ရှေ့နေ ဦးခင်မောင်ဇော် ။ ။ အခုအနေအထားကတော့ ဒီလိုဗျ၊ သူတို့ကို ဖမ်းသွားသွားချင်းမှာပဲ ၊ ဖမ်းသွားတယ် ၊ ဖမ်းသွားပြီးတော့ နောက်နေ့ Social Media မှာ တက်လာတယ်ပေါ့ဗျာ ၊ သူတို့ကို ရမန်ယူတယ်ဆိုပြီတော့ ဘယ်ပုဒ်မ ဘယ်ဥပဒေ တွေနဲ့ ရမန်ယူတယ်ဆိုပြီးတော့ Social Media မှာ ရမန်တောင်းတဲ့စာပေါ့နော် ။ ချုပ်ရမန်တောင်းတဲ့စာနဲ့ အဲဒီ စွပ်စွဲချက်တွေ တက်လာတာနဲ့ NLD က CEC ကနေပြီးတော့ အဲဒီအချိန်မှာ ဦးဝင်းထိန် ဦးဆောာင်ပြီးတော့ ကျနော့်ကို လှမ်းပြီးတော့ အကူအညီတောင်းတယ်။ ကျနော်ကို စာနဲ့ရေးပြီးတော့ တရားဝင်ခန့်ထားတာ ၊ တရားဝင် သူတို့နှစ်ယောက်ရဲ့ ရှေ့နေအဖြစ်နဲ့ ဆောင်ရွက်ပေးဖို့ ခန့်တဲ့စာ ပို့ထားပါတယ်။ အဲဒီနောက် ဦးဝင်းထိန်ကလည်း အခုက အဖမ်းခံလိုက်ရပြီပေါ့ဗျာ။ ၁၉ ရက်နေ့ ထုတ်မယ် အဲဒီအချိန်မှာလည်း သူကနေပြီးတော့ ရှေ့နေအဖြစ် လိုတယ်ဆိုရင် ကျနော်လိုက်မှာပေါ့ဗျာ။ ဆိုတော့ NLDCEC က နေပြီးတော့ တာဝန်ပေးတော့ ဖြစ်လာတာပါ။ သူတို့နဲ့ တိုက်ရိုက်မတွေ့သေးတော့ သူတို့ရဲ့ official defense council တော့ မဖြစ်သေးဘူးပေါ့။ officially မဖြစ်သေးပါဘူး။

အင်ကြင်းနိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲထားတဲ့ အမှုတွေအပေါ်မှာ ဆရာတို့ သုံးသပ်ချက် ဘယ်လိုရှိလဲ။

ရှေ့နေဦး ခင်မောင်ဇော်။ ။ အမှုက ရုံးပေါ်ကို မရောက်သေးတဲ့အတွက် စစ်ဆေးစီရင်ဆဲ အမှုတော့ မဟုတ်သေးဘူး။ စွပ်စွဲချက်ပဲ ရှိပါသေးတယ်။ အဲတော့ စစ်ဆေးစီရင်ဆဲ အမှုဆိုရင် အဲဒီအမှုကို လိုက်ပါနေတဲ့ ရှေ့နေ ကျင့်ဝတ်အရ မှန်တယ်၊ မှားတယ်၊ အကောင်းအဆိုး၊ နောက် ခိုင်ခိုင်မာမာ ကောက်ချက်ချတဲ့ ကော်မန့်မျိုးတွေ မပေးသင့်ဘူးပေါ့။ ဒါ အခုဟာက ရုံးက လက်ခံတဲ့ အဆင့်မရောက်သေးတဲ့အတွက်ကြောင့် စွပ်စွဲချက်တွေကို ပြောမယ်ဆိုရင်တော့- ဥပမာအရ အာဏာသိမ်းပိုက်ထားတဲ့သူတွေ ဆုပ်ကိုင်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရကိုပဲနိုင်ငံတော်သမ္မတဆိုရင် အခုထိ နိုင်ငံတော်သမ္မတ ဖြစ်နေသေးတယ်။ အဲတော့ ဦးဝင်းမြင့်က သမ္မတနေရာမှာပဲ ရှိသေးတယ်ဗျ။ သမ္မတကို ရာဇဝတ်ကြောင်း၊ တရားမကြောင်း ဖြေရှင်းဖို့ တာဝန်မရှိစေရလို့ ပြဌာန်းထားတာရှိပါတယ်။ အဲတော့ ဥပဒေကြောင်းအရကိုပဲ ပျက်ပြယ်နေတယ်လို့ ကျနော်ယူဆပါတယ်။ ဒါက ဦးဝင်းမြင့်ပါ။

နောက် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ကိစ္စကတော့ သူ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က သုံးတဲ့ ဖုန်းကို သူကနေပြီး နိုင်ငံခြားကနေ ဥပဒေနဲ့ မညီပဲ ယူလာတယ်ဆိုပြီး စွပ်စွဲတာပေါ့ဗျာ။ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စွဲတာပါ။ အဲဒါလည်း ဥပဒေနဲ့ မညီဘူးလို့ ယူဆပါတယ်။ အဲတာကြောင့်လည်း ဒီအမှုကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးမယ်လို့ ကျနော် ဆုံးဖြတ်ထားပါတယ်။

အင်ကြင်းနိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဘယ်သူတွေက စွဲချက်တင်ထားလဲ ဆရာ။

ရှေ့နေဦးခင်မောင်ဇော်။ ။ အဲဒါကတော့ တာဝန်ပေးထားတဲ့ ဒုရဲမှူး နှစ်ယောက်ဗျ။

အင်ကြင်းနိုင်။ ။ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ (၂၅) နဲ့ စွဲထားတဲ့ အချက်ကို ဘယ်လို နားလည်လို့ရမလဲ။

ရှေ့နေ ဦးခင်မောင်ဇော်။ ။ သူတို့အကြောင်းပြတာကတော့ သူ့ရှေ့မှာ NLD ထောက်ခံတဲ့ လူစုကြီးဖြတ်သွားတယ်ပေါ့ဗျာ။ ဖြတ်သွားတဲ့အခါကျတော့ သူနဲ့သူ့ဇနီးက လက်ဝှေ့ရမ်းပြတယ်ပေါ့ဗျာ။ အဲဒါက သဘာဝဘေးအန္တရာယ်ပုဒ်မ (၂၅)မှာပါတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်စေတဲ့ အပြုအမူကို သိလျက်နဲ့ ဖြစ်စေ၊ မသိလျက်နဲ့ ဖြစ်စေ လုပ်ကိုင်တယ်ဆိုပြီးတော့ စွဲတာပဲဗျ။ ခုန ပြောသလို ဥပဒေ သက်သက်အရ မဟုတ်ပဲနဲ့ အမှုအကြောင်းအရာ သူတို့ စွပ်စွဲချက်အရ ပြန်စဉ်းစားရင်လည်း တော်တော်ကို အလှမ်းကွာနေတဲ့ ကိစ္စလို့ ကျနော်ယူဆပါတယ်။

အင်ကြင်းနိုင်။။ ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲချက်တင်ထားတဲ့ ပုဒ်မတွေကို ကြည့်ခြင်းအားဖြင့် တရားစွဲဖို့ ကြိုးစားနေသူတွေရဲ့ ရည်ရွယ်ချက်၊ ဘယ်အတိုင်းအထိ သူတို့က ဘယ်လိုပုံစံမျိုးနဲ့ ဥပမာ- ထောင်ချဖို့လား စသဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်ကို ဆရာဘယ်လို သုံးသပ်လဲ။

ရှေ့နေဦးခင်မောင်ဇော်။ ။ ဒီနေရာမှာ ကျနော်ပြောချင်တာက ကျနော်က နိုင်ငံရေးမှာလည်း အတွေ့အကြုံအတော်ရှိပါတယ်။ ဒါပေမဲ့ ဒီအလုပ်မှာ ကျနော်က ရှေ့နေ အလုပ်လုပ်နေတဲ့အတွက်ကြောင့် ရှေ့နေ အနေနဲ့ စဉ်းစားရင် ကျနော်အဲဒါကို ခေါင်းထဲ မထည့်ဖြစ်ပါဘူး။ အဲတော့ သတ်သတ်စဉ်းစားမယ်ဆိုရင်တော့ လတ်တလောမှာ disable မလှုပ်မရှားနိုင်အောင်ဆောင်ရွက်ထားတဲ့ ကိစ္စမျိုးပဲလို့ ကျနော်ထင်ပါတယ်။ ပြစ်ဒဏ်က သုံးနှစ် အလွန်ဆုံးကျခံရမယ့် ပုဒ်မတွေဖြစ်ပါတယ်။ နောက် အာမခံ ပေးလို့ မရတဲ့ ပုဒ်မတွေဖြစ်တဲ့အတွက်ကြောင့် အမှုရင်ဆိုင်နေရတဲ့ ကာလအတွင်း အာမခံမပေးပဲနဲ့ ထိန်းသိမ်းချင်လည်း ထိန်းသိမ်းထားနိုင်တဲ့ သဘောဖြစ်ပါတယ်။ နောက် မဖြစ်ဖြစ်အောင် အပြစ်ပေးလိုက်မယ်ဆိုရင်လည်း သုံးနှစ်လောက် အပြစ်ပေးနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။

တကယ်တကယ် ထိထိရောက်ရောက် တအားကို ပြင်းပြင်းထန်ထန် လုပ်ချင်တယ်ဆိုရင်လည်း တခြားဥပဒေ၊ တခြားပုဒ်မတွေလည်း ဖြစ်နိုင်တာပေါ့။ စစ်အစိုးရလက်ထက်တလျောက်လုံးလည်း ဥပဒေ ပုဒ်မ သုံးမျိုး တင်ပြီး သီးခြားစီဆိုပြီး ထောင်ဒဏ် နှစ် (၁၀၀) ချမှတ်တာမျိုးလုပ်ခဲ့တဲ့ အခြေအနေမျိုးလည်းရှိခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်အဖြစ် ရှေ့နေပါဝါ ရဖို့ ခွင့်ပြုချက် စောင့်နေရတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေနဲ့ ဆက်သွယ်မေးမြန်းချက်

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည် ဥပဒေအကျိုးဆောင်နဲ့ VOA မေးမြန်းချက်

.............


(Unicode)


















