အနောက်နိုင်ငံကဖက်ရှင်ကုမ္ပဏီတချို့ကို အမည်ပျက်စာရင်းသွင်းမည်ဟု ဘင်္ဂလားဒေ့ရှ် စက်မှုလုပ်ငန်းရှင်အသင်းခြိမ်းခြောက်

Bangladesh garment factory -AP

Zawgyi/Unicode

ဗြိတိန်ကုန်တိုက်ကြီး တစ်ခုကို တရားစွဲမယ်လို့ ခြိမ်းခြောက်အပြီး နောက်တစ်ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စက်မှုလုပ်ငန်းရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငွေရှင်းပေးဖို့ ပျက်ကွက်တဲ့ နာမည်ကြီး အနောက်တိုင်း ဖက်ရှင်ကုမ္ပဏီတွေကို အမည်ပျက်စာရင်းထဲ ထည့်သွင်းမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထည်ချုပ်နဲ့ ပို့ကုန်လုပ်ငန်းရှင်များ အသင်း (BGMEA) က ဗြတိန် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Edinburgh Woollen Mill (EWM) အုပ်စုကို မတ်လ ၁၅ ရက်နေ့မတိုင်ခင်က တင်ပို့ပြီဖြစ်တဲ့ အဝတ်အထည်တွေအတွက် သောကြာနေ့ နောက်ဆုံး ငွေရှင်းပေးဖို့လည်း စာရေးသား တောင်းဆိုထားပါတယ်။

အနောက်တိုင်း ဖက်ရှင် ကုမ္ပဏီတွေနဲ့ စီးပွားဖြတ်ပစ်ဖို့ကို မရည်ရွယ်ပေမဲ့ ဝယ်လက်တွေက ရောင်းသူတွေအပေါ် ခေါင်းပုံဖြတ်တဲ့ အနေအထားကို တုန့်ပြန်ရမယ်လို့လည်း BGMEA အသင်းချုပ် ဥက္ကဌRubana Huq က ရိုက်တာ သတင်းကို ပြောပါတယ်။

ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အနောက်နိုင်ငံတွေကို အဝတ်အထည် ဒုတိယ အများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်ပါ တယ်။ ပို့ကုန်ရဲ့ ၈၀ ရာခိုင်နှုန်းဟာ အဝတ်အထည် ဖြစ်ပြီး အထည်ချုပ် စက်ရုံပေါင်း ၄ ထောင်ကျော်မှာ အမျိုးသမီး အများစု ပါဝင်တဲ့ အထည်ချုပ် အလုပ်သမား ၄ သန်းကျော်က ဒီ လုပ်ငန်းအပေါ် မှီခိုနေရတာလည်း ဖြစ်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း ကုန်တိုက်နဲ့စတိုးဆိုင်တွေ ပိတ်ခဲ့တာကြောင့် အနောက်နိုင်ငံတွေက အထည်ချုပ် အမှာစာ အော်ဒါတွေ ရပ်ဆိုင်းခဲ့လို့ အာရှ တစ်လွှားကအထည်ချုပ် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ အထည်ချုပ် လုပ်ငန်းရဲ့ ရေရှည် ရပ်တည်နိုင်မှုအပေါ်မှာလည်း သံသယရှိစရာ ဖြစ်လာခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ ဧပြီလ အစောပိုင်းမှာ အဝတ်အထည် တင်ပို့မှု ၈၄ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ၃ ဘီလီယံ တန်ဖိုးရှိတဲ့ အော်ဒါတွေ ဖျက်သိမ်း ဒါမှမဟုတ် ရပ်ဆိုင်း ခဲ့တယ် လို့ အထည်ချုပ် လုပ်ငန်းရှင်တွေက ပြောပါတယ်။

[Unicode]






Your browser doesn’t support HTML5

အနောက်နိုင်ငံကဖက်ရှင်ကုမ္ပဏီတချို့ကို အမည်ပျက်စာရင်းသွင်းမည်ဟု ဘင်္ဂလားဒေ့ရှ် စက်မှုလုပ်ငန်းရှင်အသင်းခြိမ်းချောက်