သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာတွေအကြား Bhasan Char ကျွန်းပို့မယ့်အရေး စိုးရိမ်မှုဖြစ်


Bhasan Char ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ အဆောင်များ
Bhasan Char ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ အဆောင်များ

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တချို့ကို ကမ်းရိုးတန်းဒေသကကျွန်းကို ပို့လိုက်တဲ့အပေါ် စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ မ ဆုမွန် ပြောပြပေးမှာပါ။

ပင်လယ်ပြင်မှာ သီတင်းပတ်နဲ့ချီ မျောနေခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းကပ်ခွင့်ပေးခဲ့တဲ့ ရိုဟင်ဂျာတွေထဲက ၂၈ ယောက်ကို Bhasan Char ကျွန်းကို ပို့ဆောင်လိုက်တဲ့အတွက် ဒုက္ခသည်တွေကြား စိုးရိမ်မှုတွေ တကျော့ပြန် ထွက်ပေါ်လာကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Bazaar က ဒုက္ခသည်စခန်းတွေမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ စုပြုံနေထိုင် နေကြရတဲ့အတွက် ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ အာဏာပိုင်တွေက Bhasan Char မှာ ပြောင်းရွှေ့ နေရာချထားဖို့ စီစဉ်နေပေမဲ့ ဒုက္ခသည်တွေကြားမှာတော့ ခက်ခဲတဲ့အခြေအနေနဲ့ မုတ်သုန်ရာသီ မုန်တိုင်းအန္တရာယ် စိုးရိမ်တဲ့အတွက် မသွားချင်ကြပါဘူး။

ဒါပေမဲ့လည်း အခုနောက်ဆုံး ပင်လယ်ပြင်က ကယ်တင်လာတဲ့ ရိုဟင်ဂျာတချို့ကို ပို့ဆောင်လိုက်တဲ့အတွက် သက်ဆိုင်ရာ မိသားစုတွေနဲ့ တခြားဒုက္ခသည်တွေကြား စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။ စခန်းထဲက ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌ Mohib Ullah ကပြောပါတယ်။

“ လာပြီးပြောကြတယ်။ ကျနော်တို့သားသမီးတွေအဆက်အသွယ်မရဘူး အစိုးရက လာပြီး ယူသွားတယ်ကြားတယ်။ ဘယ်ကိုယူသွားတာလဲ ဘယ်ကိုပို့မှာလဲ မသိဘူးဆိုပြီးသူတို့ အရမ်းပူပင်နေကြတယ် အဲ့တာလာဆွေးနွေးကြတယ်။အခုက သေချာ ဘယ်သူမှမသိဘူး။ ဘယ်မှကိုသေချာမသိရသေးပါဘူး ဘာဖြစ်လို့ဆိုရင်- ဒီဒုက္ခသည်တွေစခန်းတွေ နဲ့ဝေးတဲ့ ကော့ဇ်ဘဇားဘက်ကနေ တက်သွားတာ ဆိုတော့ အခုဘယ်လိုအခြေအနေဆိုတာ အဆက်အသွယ်မရသေးဘူး။ တကယ်က အဲ့ဒီ့နေရာက ပင်လယ်ထဲ မီးမရှိ ၊ရေမရှိ စိတ်မချဘူး အန္တရာယ်ရှိတယ် ကျနော်တို့က ကြောက်တယ်။ ကျနော်တို့နေရပ်နဲ့လည်း အရမ်းဝေးသွားမယ်။ ဘင်္ဂလားအစိုးရကတော့ မနှစ်ကစီစဉ်ထားတယ် ဒီနှစ်တော့ စခန်းထဲလာမဆွေးနွေးဘူး။ ဘယ်သူမှလည်းမသွားချင်ကြဘူး။ ဒါကြောင့် ကျနော်တို့ ဇာတိမြေကိုပဲသွားချင်ကြတာ။ ကျနော်တို့က အဲ့ဒီ့ကျွန်းဘက်ကို သွားဖို့မရှိဘူးမြန်မာကိုပဲ မြန်မြန်လေး ပြန်ချင်တယ်။ ကိုယ့်မွေးရပ်ကိုကိုယ်ပြန်ဖို့ပဲ စီစဉ်ထားတယ် မျှော်လင့်နေကြတယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abdul Momen ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကို စိုးရိမ်တာကြောင့် ရိုဟင်ဂျာ ၂၈ ယောက်ကို Bhasan Char ကျွန်းမှာထားဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း AFP သတင်းဌာနကို ပြောထားပါတယ်။ ဒါပေမဲ့လည်း Cox Bazaar ခရိုင်၊ ဘာလုခါလီဒုက္ခသည် စခန်းမှာနေတဲ့ ဦးအီစလံ တို့လို ဒုက္ခသည်တွေကတော့ အခုလို သီးသန့်ခွဲပို့ဆောင်လိုက်တဲ့အပေါ် စိုးရိမ်နေကြပါတယ်။

“ ဒီကျွန်းကိုပို့လိုက်မယ်ဆိုရင် သူတို့နေထိုင်ရေးအတွက်ရော သူတို့ဘဝအတွက် ထူထောင်ရေးအတွက်ရော အများကြီး စိုးရိမ်စရာရှိပါတယ်။ မိသားစုတွေလည်း သူတို့အတွက် အခက်အခဲအမျိုးမျိုးရှိနိုင်တယ်။ တကယ်တော့ ကျနော်တို့ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က ဒီဘာဆန်ဂျာကျွန်းကိုသွားဖို့ လုံးဝ အစီအစဉ်မရှိဘူး။ ဒီဘာဆန်ဂျာကျွန်းက ပင်လယ်အလယ်မှာဆိုတော့ ကျနော်တို့ရိုဟင်ဂျာတွေအတွက် အသက်အန္တရာယ်ရှိလို့ ဘယ်သူမှ မသွားချင်ဘူး မနှစ်ကတော့ ဘင်္ဂလားအစိုးရက ပို့ဖို့စီစဉ်တယ် အခုကတော့ မလုပ်ဘူး ဒါပေမဲ့ ပင်လယ်က မျောလာတဲ့သူတွေ အခုသွားထားထားတယ် အဲ့တာကြောင့်သူတို့အတွက် ကျနော်တို့ စိုးရိမ်မိပါတယ်။”

ဒုက္ခသည်တွေကို Bhasan Char ကျွန်းမှာ ပြောင်းရွှေ့ဖို့ အရင်တုန်းကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ခဲ့ဖူးပေမဲ့ ဒုက္ခသည်တွေ ကိုယ်တိုင်က ကန့်ကွက်ခဲ့ကြသလို၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြတဲ့အတွက် အောင်မြင်မှုတော့ မရခဲ့ပါဘူး။

၂၀၁၇ ထဲတုန်းက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို လိုက်လံနှိမ်နင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးထားပါတယ်။

ဥရောပသမဂ္ဂ EU ကတော့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့ ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ပင်လယ်ပြင်မှာ ရက်သတ္တပတ်တွေနဲ့ချီ မျောပါနေတဲ့ အခြေအနေတွေနဲ့ မကြုံရအောင် ဝိုင်းဝန်းကူညီကြဖို့လည်း ဒေသတွင်းနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


................

(Unicode)











ဆက်စပ်သတင်းများ ...

XS
SM
MD
LG