အထူးကိုယ်စားလှယ်တိန်ရှီဂျွန်း လက်နက်ကိုင်မြောက်ပိုင်းအဖွဲ့တွေနဲ့ဆွေးနွေး

တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Deng Xijun ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က အစည်းအဝေးပွဲတခုအတွင်းတွေ့ရစဉ် (ဇန်နဝါရီ ၁၈၊ ၂၀၁၆)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) ဟာ ဒီရက်ပိုင်းအတွင်းမှာ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လိုက်လံ တွေ့ဆုံနေပါတယ်။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ ရုံးခန်းဖွင့်လှစ်တဲ့ကိစ္စအပေါ် တရုတ်ဘက်က မလိုလားဘူးဆိုတဲ့ ဆွေးနွေးပြောဆိုမှုတွေရှိတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့တာကို ကိုငြိမ်းချမ်းက ဆက်ပြောပြပါမယ်။

တရုတ်အထူးသံတမန် မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) နဲ့ UWSA ဝတပ်ဖွဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အခုလို ပြောပါတယ်။

“ လာရောက်တွေ့ဆုံတာ မှန်ပါတယ်ပေါ့နော်။ အဓိကက မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ပေါ့နော်။ တိုက်တွန်းဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်လို့ပဲ သိရပါတယ်။ ”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ တရုတ်အထူးသံတမန်က အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ ရုံးဖွင့်တာနဲ့ပတ်သက်ပြီး မလိုလားတဲ့သဘောမျိုး ဆွေးနွေးတာတွေရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဦးညီရန်းကတော့ ဒီအချက်နဲ့ပတ်သက်ပြီး ဆွေးနွေးတာရှိ၊ မရှိ မသိရကြောင်း ပြောပါတယ်။

“ အဲလို ကိစ္စမျိုးတွေတော့ ကျနော်လည်း အသေးစိတ်မသိရဘူးနော်။ ”

ဦးညီရန်းက အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိကြောင်း ပြောဆိုပေမဲ့ NDAA မိုင်းလား၊ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၊ MNDAA ကိုးကန့်၊ ULA/AA ရခိုင်တပ်တော် စတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံပြီး၊ မပြီးကိုတော့ မသိရသေးပါဘူး။ မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) နဲ့ UWSA ဝတပ်ဖွဲ့တွေ့ဆုံတဲ့အချိန်နဲ့ နေရာကိုတော့ သူက ပြောပြခြင်း မရှိပါဘူး။ ဒီလ ၁၈ ရက်နေ့ကတော့ တရုတ် အထူးသံတမန်ဟာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာကို ရောက်ရှိခဲ့ကြောင်းနဲ့ ၂ ဘက် ဆွေးနွေးခဲ့တဲ့ အကြောင်းကို KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလို ပြောပြပါတယ်။

“ အဓိကကတော့ သူက မိတ်ဟောင်းဆွေဟောင်းတွေပေါ့။ သူက လာကြည့်တာ။ သူလည်း အသစ်တက် တာဝန်ထမ်းဆောင်တယ်ဆိုတော့ မိတ်ဆက်တဲ့သဘောနဲ့လာတွေ့တာ။ အဲဒါ တချက်ပါတယ်။ ဒုတိယအချက်ကတော့ ကိုဗစ်နဲ့ပတ်သက်တာပေါ့။ ကိုဗစ်ရောဂါအခြေအနေ အခုနယ်စပ်ဒေသမှာ ဘယ်လိုရှိသလဲပေါ့နော်။ အဲဒါတွေ ဆွေးနွေးသွားတာ။ နံပတ် ၃ အချက်ကတော့ ကိုဗစ်ရောဂါတုံးက ကျနော်တို့ ပိတ်ထားတဲ့ ဒီ ဂိတ်တွေပေါ့။ ဂိတ်ပေါက်ဝတွေ ပြန်ဖွင့်လို့ ရမလားပေါ့နော်။ ဒါမျိုးတွေ လာကြည့်တာပါ။ တခြားကိုဗစ်ရောဂါတွေ နယ်စပ်ဒေသ ပြည်သူလူထုတွေရဲ့ ကျန်းမာရေး ဘယ်လိုရှိလဲ။ လိုအပ်တဲ့ဟာတွေ သူက လာကြည့်တာပါ။ ကျနော် ကြားသိရတာကတော့ အဲလောက်ပဲ သိပါတယ်။ ”

TNLA ပလောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကလည်း မနေ့က မိုင်းလားမှာ တွေ့ဆုံခဲ့ကြောင်းနဲ့ ဆွေးနွေးမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

“ မနေ့က သွားတွေ့တာဖြစ်တယ်။ မိုင်းလားမှာနော်။ ဒါပေမဲ့ ဘာတွေ ဆွေးနွေးလဲ၊ ဘယ်သူတွေ တက်ရောက်လဲ အသေးစိတ်ကတော့ ကျနော်တို့ မသိရသေးဘူး။ ”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ တရုတ်အထူးသံနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးမှုမှာ NUG က ဝါရှင်တန်မှာ ရုံးဖွင့်တဲ့ ကိစ္စပါဝင်နိုင်သလို အခြားအချက်တွေလည်း ပါဝင်နိုင်ကြောင်း ပြောပါတယ်။

“ နောက်တစ်ချက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မကြာသေးခင်က တွေ့ထားတာရှိတယ်။ တွေ့ထားပြီးတဲ့အခါကျတော့ အာဆီယံထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ 5 Point Consensus အကောင်အထည်ဖော်ဖို့ ကိစ္စ ဆက်လက်ကြိုးပမ်းဆောင်ရွက်မယ်ဆိုတာကိုး တရုတ်က သူက အားပေးထောက်ခံတယ်ဆိုတာ ပြောတယ်လို့ သိရတယ်။ အဲလိုဆိုတော့ အဲဒါနဲ့ ဒီဟာနဲ့ သူတို့ ချိန်ကိုက်ပြီးတော့ တပြိုင်တည်း လုပ်ပုံရတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံတမန်ကလည်း နယ်စပ်မှာရှိတဲ့ သူ သြဇာညောင်းတဲ့အဖွဲ့အစည်းတွေကို သွားပြီးတော့ အဲဒါကို သွားတိုက်တွန်းတာဖြစ်ပုံရတယ်။ ”

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ ပါဝင်ပတ်သက်လာမှုကို တရုတ်နိုင်ငံဘက်က သတိထား ဆောင်ရွက်နေပုံရကြောင်းလည်း သုံးသပ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) ကို အရင်အထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်း (Sun Guoxiang) နေရာမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပြောင်းလဲခန့်ထားလိုက်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကတော့ မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့သလို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

Your browser doesn’t support HTML5

အထူးကိုယ်စားလှယ်တိန်ရှီဂျွန်း လက်နက်ကိုင်မြောက်ပိုင်းအဖွဲ့တွေနဲ့ဆွေးနွေး

[Unicode]






“ အဲလို ကိစ်စမြိုးတှတေော့ ကနြောျလညျး အသေးစိတျမသိရဘူးနောျ။ ”






