တရုတ်နယ်စပ်လက်နက်ကိုင်အဖွဲ့တွေကို တရုတ်သံတမန်တွေ့ဆုံ

တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် (ဓာတ်ပုံ - The Kachin Net)

[Zawgyi/Unicode]

ဒီရက်ပိုင်းတွေ အတွင်းမှာ တရုတ်မြန်မာနယ်စပ် အခြေစိုက်လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်တို့ တွေ့ဆုံပြီး COVID 19 အရေး၊ ၂၁ ပင်လုံအစည်းအဝေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ရေးကို ဆွေးနွေးခဲ့တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

လာမယ့်လအတွင်းမှာ ကျင်းပမယ့် ၂၁ ပင်လုံ စတုတ္တအစည်းအဝေး စတင်ဖို့ ပြင်ဆင်နေချိန်မှာ တရုတ်အစိုးရ ကိုယ်စားလှယ် အထူးသံတမန် မစ္စတာဆွန်ကော့ရှန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ မစ္စတာဆွန်ကော့ရှန်တို့ဟာ ဒီလ ၂၅ ရက်နေ့ က တရုတ်နိုင်ငံ ယင်ကျန်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း VOA ကို ပြောပါတယ်။

SEE ALSO: ဝပြည်နယ်ဖွဲ့စည်းပုံ တပ်မတော်လက်မခံ

ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကို ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

"COVID 19 ကတော့ အားလုံး ဝိုင်းဝန်းပြီး ကာကွယ်ပေးရမယ့် ကိစ္စတွေပေါ့။ သဘောကတော့ ကျနော်တို့လည်း နယ်စပ်ဒေသမှာ နေထိုင်တယ်ဆိုတော့ ဒီ ရောဂါပိုးမကူးစက်အောင် ကျနော်တို့ဆီမှာလည်း တာဝန်ရှိတယ်။ သူတို့ တရုတ်ပြည်ဘက်မှာလည်း တာဝန်ရှိတာပေါ့။ အားလုံး ဝိုင်းဝန်းပြီးမှ နှိမ်နင်းကြရအောင်ဆိုတဲ့အကြောင်းတွေလည်း ပါတယ်တဲ့။ နောက်တစ်ခုကတော့ ပင်လုံညီလာခံ ဖိတ်ကြားစာရော ရပြီလားပေါ့။ ရလို့ရှိရင် သွားရင်တော့ ကောင်းပါတယ်ဆိုပြီး အကြံပြုတာပေါ့။ အဲဒါ ပါတာပေါ့။ နောက် တစ်ချက်ကတော့ NRPC နဲ့ ဆွေးနွေးတဲ့ဟာတော့ ခုလောလောဆယ်ကတော့ COVID 19 ရောဂါကြောင့် ရပ်တန့်နေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒါလည်း ဆက်ပြီးတော့ ဆွေးနွေးနိုင်အောင်တော့ ကြိုးစားကြပါဆိုပြီး အားပေးတာပေါ့။ အဲဒါအကြောင်းလည်း ပါတာပေါ့။ ”

အခြားဆွေးနွေးတဲ့အချက်ကတော့ နယ်စပ်ဒေသတည် ငြိမ်းအေးချမ်းရေးကိစ္စတွေ ပါဝင်ကြောင်း ပြောပါတယ်။

တရုတ်အစိုးရရဲ့ အထူးသံတမန်ဟာ တရုတ်မြန်မာနယ်စပ်အခြေစိုက် UWSA ဝ၊ NDAA မိုင်းလား၊ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၊ MNDAA ကိုးကန့်၊ TNLA တအန်း(ပလောင်)၊ AA ရခိုင်စတဲ့အဖွဲ့တွေနဲ့ တရုတ်နိုင်ငံအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်ကတော့ ဒီလိုတွေ့ဆုံတာကို သူမသိသေးကြောင်း ပြောဆိုပါတယ်။

“ ကျနော် မသိရသေးဘူး။”

လေ့လာသုံးသပ်သူ တချို့ကတော့ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ကိုယ်စားလှယ် တွေ့ဆုံချိန်မှာ လက်ရှိ တင်းမာနေတဲ့ တရုတ်- အမေရိကန်ဆက်ဆံရေး အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောဆိုတာတွေ ရှိပါတယ်။

KIO က ဗိုလ်မှူးကြီးနော်ဘူကတော့ ဆွေးနွေးပွဲ တက်ရောက်သူတွေက ပြန်လည်ပြောပြရာမှာ ဒီအချက် မပါဝင်ဘူးလို့ ဆိုပါတယ်။

“ဆွေးနွေးတဲ့အပိုင်းမှာ ပါသလား ဒါတော့ ကျနော်လည်း မသိဘူးခင်ဗျ။ ဒါပေမဲ့ ကျနော်တို့ကို ပြန်ပြောတဲ့အပိုင်းမှာ ဒီအကြောင်းတွေ မပါဘူးခင်ဗျ။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တရုတ်-အမေရိကန်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတယ်ဆိုတဲ့အချက်အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

SEE ALSO: KIA ဖမ်းသွားတဲ့ ရှမ်းနီကျောင်းသား နှစ်ဦး အသတ်ခံရတဲ့ပေါ် တရားမ ျှတမှုတောင်းဆို

“ကျနော့်အမြင်ကတော့ လောလောဆယ်မှာတော့ အမေရိကန်နဲ့ တရုတ်ရဲ့ ပဋိပက္ခကို တိုက်ရိုက်ထင်ဟပ်တဲ့ ပြုမူပြောဆိုမှုမျိုးကတော့ တရုတ်အနေနဲ့ ပြောဆိုမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲတော့ ပထမအချက်အနေနဲ့ကတော့ တရုတ်အနေနဲ့ ဒီနယ်စပ်မှာ ရှိတဲ့ FPNCC အဖွဲ့ ၇ ဖွဲ့နဲ့ပတ်သက်ပြီး သူတို့ အလေးထားကြောင်း၊ မပြတ်စောင့်ကြည့်ကြောင်းကို ဖော်ပြနိုင်ပါတယ်။ နှစ် ဒီ ၂၁ ရာစုပင်လုံနဲ့ပတ်သက်ပြီးတော့ တိုက်တွန်းပြောဆိုတာမျိုး လုပ်နိုင်ပါတယ်။ ၃ အချက်အနေနဲ့တော့ COVID 19 ကိစ္စထည့်ပြောနိုင်ပါတယ်။ ဒီ သုံး ချက်လောက်ပဲ ပြောမယ် ထင်ပါတယ်။ ”

FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီမှာ NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးသေးတဲ့ တရုတ်နယ်စပ်အခြေစိုက်အဖွဲ့ ၇ ဖွဲ့ ပါဝင်တာဖြစ်ပါတယ်။

FPNCC အဖွဲ့တွေ ဟာ တရုတ်ကိုယ်စားလှယ်က ကမကထပြုမှုနဲ့အတူ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံအစည်းအဝေးတွေမှာတော့ ပါဝင်တက်ရောက်ခဲ့လေ့ရှိပါတယ်။ ဒီတကြိမ် ညီလာခံကိုတော့ COVID 19 ကြောင့် အကျဉ်းရုံး ကျင်းပဖို့ စီစဉ်ရတာကြောင့် NCA လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားဖို့ မရေမရာ ရှိနေပါတယ်။

တရုတ် ကိုယ်စားလှယ်မစ္စတာဆွန်ကော့ရှန်ဟာလည်း COVID 19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့အခြေအနေကြောင့် ပါဝင်တက်ရောက်ဖို့ မရှိကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Your browser doesn’t support HTML5

တရုတ်နယ်စပ်လက်နက်ကိုင်အဖွဲ့တွေကို တရုတ်သံတမန်တွေ့ဆုံ

[Unicode Version]








SEE ALSO: သီပေါဘက်တိုက်ပွဲကြောင့် ရွာသား ၂၀၀ ကျော် အိုးအိမ်စွန့်ထွက်ပြေးရ









SEE ALSO: ရန်ကုန်အခြေစိုက် ကန်နဲ့ တရုတ်သံရုံးတွေရဲ့အပြန်အလှန်စာ


