ဖျားနာဆေးခန်းတွေအတွက် စေတနာရှင်ဆေးဝန်ထမ်းတွေ အရေးပေါ်လိုအပ်

ဒေါပုံ Fever Clinic (ဓါတ်ပုံ-Community Fever Clinic - Yangon Network)

(Zawgyi/Unicode)

ကူးစက်မြန်ကပ်ရောဂါ စိုးရိမ်ရတဲ့ အရေးပေါ်လူနာတွေ ရာနဲ့ချီ များလာတဲ့အတွက် လူထုအခြေပြု အခမဲ့ဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း ဆေးပညာရှင်တွေ နဲ့ ဆရာဝန်သူနာပြုတွေ အရေးတကြီးလိုအပ်နေပါတယ်။ ဒါအပြင် အခမဲ့ဆေးခန်းရောက်လာတဲ့ ကိုဗစ်သံသယလူနာတွေကို ကျန်းမာရေးအာဏာပိုင်တွေဘက်က ရောဂါစစ်ဆေးမှု ပိုလုပ်နိုင်အောင် စီစဉ်ပေးဖို့ ဆေးခန်းတာဝန်ရှိသူတွေက လိုလားနေပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ မြန်မာနိုင်ငံတဝှမ်းလုံး အတိုင်းအတာနဲ့ ကူးစက်သူ သုံးသောင်းခုနှစ်ထောင်ကျော် -ကိုဗစ်ကြောင့် သေဆုံးသူ ၉၀၀ကျော်ရှိလာနေချိန် ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်ရေး ကျန်းမာရေးတာဝန်ရှိသူတွေ အရှိန်မြှင့်ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ လူထုကို ကျန်းမာရေးစောင့်ရှောက်ကုသပေးဖို့- စေတနာ့ဝန်ထမ်းဆေးပညာရှင်တွေ ဆရာဝန်တွေ အရေးပေါ်လိုအပ်လာနေတယ်လို့ စေတနာ့ဝန်ထမ်း သမားတော်တွေ ဆရာဝန်တွေ သူနာပြုတွေ ဝိုင်းဝန်း လုပ်အားပေး ကုသပေးနေတဲ့ အခမဲ့ဖျားနာကုဆေးခန်းတွေရဲ့ကွန်ရက်တာဝန်ခံကပြောပါတယ်။

ဒီရက်ပိုင်းအတွင်း လူနာတွေ လာတာ အရမ်းများလာနေပြီး တရက်ကို အနည်းဆုံး လူနာရာနဲ့ချီ အခမဲ့ဆေးခန်းတွေကို ရောက်ရှိလာတဲ့ အခြေအနေဖြစ်နေတဲ့အတွက် စေတနာ့ဝန်ထမ်း ဆေးပညာပိုင်း အကူအညီပေးနိုင်တဲ့ ဆရာဝန်သူနာပြုတွေ ဝိုင်းဝန်းကူညီကြပါလို့ ဒေါက်တာကျော်မင်းထွန်းက မေတ္တာရပ်ခံပါတယ်။

"အဓိက လိုအပ်တာက -ဆရာဝန်တွေ အထူးသဖြင့် လိုအပ်တယ်။ ဒီရက်ပိုင်းအတွင်း လူနာတွေ အရမ်းကိုများ လာတယ်။ တရက် တရက်ကို လူနာအယောက်(၁၀၀) ဝန်းကျင်အထိကိုရှိတယ် လူနာတွေကလေ။ ကနဦးတုန်းက ကျနော်တို့က ဆရာဝန် ၁ယောက် သူနာပြု ၁ယောက် Volunteer ၂ ယောက်ဆို လုံလောက်တယ် Fever Clinic တစ်ခုထဲမှာ ကြည့်တဲ့အချိန် နဲ့ လူနာပမာဏနဲ့ ပေါ့နော် ဆရာဝန်အင်အားနဲ့ လုံလောက်တယ်။ အခုကကျတော့ လူနာက တရက်ကို အယောက် ၁၀၀ လောက် ရှိတော့ ဆရာဝန် တယောက်တည်းကြည့်မယ်ဆို တအားကြီးကို ပင်ပမ်းတယ်။ အရမ်းများလာရင် ဆရာဝန် ၃ ယောက်လောက်အထိ တိုးပြီး ကြည့်ရတဲ့ရက်တွေ ရှိတယ်။အဲ့ကျတော့ ဆရာဝန်အင်အားတွေ တိုးပြီးခေါ်တယ်။ ကျနော်တို့က အကူအညီပေးနိုင်တဲ့ ဆရာဝန် သူနာပြုတွေ Volunteer တွေရှိရင် ကူညီပါလို့ ကျနော်တို့မေတ္တာရပ်ခံပါတယ်။"

ကပ်ရောဂါဖြစ်ပွားနေတဲ့ လက်ရှိကာလကလည်း ကူးစက်မှုနှုန်းတွေ မြင့်တက်လာနေတဲ့ အခြေအနေဖြစ်နေတာကြောင့် ရှေ့တန်းမှာ ဆေးပညာရှင်တွေရော ကျန်းမာရေးဆေးဝန်ထမ်း ဆရာဝန်သူနာပြုတွေ အင်အားဖြည့်နေကြရလို့ ဒီလို အခြေခံလူထုကြား အခမဲ့ဆေးခန်းတွေက အရေးပေါ်လူနာတွေအတွက် ဆေးပညာရှင်တွေ အရေးတကြီး လိုအပ်လာနေတာလို့ ဒေါက်တာကျော်မင်းထွန်းကပြောပါတယ်။

"အထူးသဖြင့် ဒီကာလက လူနာတွေ အရမ်းများလာသလို Emergency လူနာတွေလည်း နည်းနည်းတက်လာတယ် ဒီကာလမှာလေ။ အမောဖောက်တယ် ကိုဗစ်သံသယတွေ ရက်ရှည်ဖျားနာတာတွေ။ နည်းနည်း Peak ရောက်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့ ဖြစ်နေတော့ နည်းနည်းသတိထားရမယ့်အချိန်ဖြစ်နေတယ် ဒီကာလကလေ။ တော်တော်များများ လူနာတွေကလည်း ကိုဗစ်ရောဂါလက္ခဏာတွေဖြစ်နေကြတော့ တော်တော်များများက လာပြကြတယ်။ အရင်လို အိမ်ထဲ မနေတော့ဘူး အခုဆို တခုခုဆိုတာနဲ့ လာပြကြတယ်။ ဆေးခန်းမှာ လူနာတွေ အရမ်းများလာတော့ ကျနော်တို့ဆေးခန်းတွေမှာ လူတွေတိုးပြီးတော့ Volunteer အကူအညီတွေ အရမ်းကို လိုအပ်တယ် ဒီကာလမှာ ။ ဒါကြောင့် ကျနော်တို့က ခဏ ခဏ Post တွေတင်ပြီးတော့ အကူအညီတောင်းတာပေါ့နော်။ " ကူညီကြပါ၊ ကူညီကြပါ။ " ဆိုပြီး။ အဲ့လို များများကူညီကြမှ ကျနော်တို့ လူနာတော်တော်များများကို ထိန်းနိုင်မှာ ကြည့်နိုင်မှာပေါ့နော်။ ဒီကာလမှာက အရေးကြီးတဲ့ အခြေအနေဖြစ်နေလို့ ဆရာဝန်ရော သူနာပြုရော Volunteer ကူပေးမယ့်သူတွေရော ဘက်စုံကနေ ကူပေးကြမယ်ဆိုရင် ဒီကာလ ဒီအခြေအနေမျိုးကို ထိန်းနိုင်မယ်ပေါ့နော်။ အဲ့တာကြောင့် မေတ္တာရပ်ခံပါတယ် ကူညီပေးကြဖို့။"

အခုဆိုရင် အခမဲ့ဆေးခန်းတွေကို လာပြတဲ့ ကိုဗစ်သံသယလူနာတွေကို ပိုးရှိ-မရှိ အမြန်ဆုံးစစ်ဆေးပေးနိုင်ဖို့ ရန်ကုန်တိုင်းတွင်း မြို့နယ် ငါးမြို့နယ်က သံသယလူနာတွေကို RDT antigen test စစ်ဆေးမှုတွေကို အချိန်မီပြုလုပ်နိုင်ရန် ဧရာဝတီ ကိုဗစ်ကုသရေး စင်တာသို့ ပို့ဆောင်စစ်ဆေးပေးနေပြီး ဒီ့ထက်လူနာများများ စစ်ဆေးပေးနိုင်ဖို့လည်း အရေးကြီးလိုအပ်နေတယ်လို့ ဒေါက်တာကျော်မင်းထွန်းကဆက်ပြောပါတယ်။

"အခု ကျနော်တို့ မြို့နယ် (၅) မြို့နယ်ပေါ့နော် တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်နဲ့ ရန်ကင်းပေါ့နော်။ Fever Clinic ကိုလာပြတဲ့လူနာဖြစ်ရမယ်။ အဲ့ဒီ့မြို့နယ် (၅)မြို့နယ်မှာ နေထိုင်တဲ့သူဖြစ်ရမယ်။ ကျနော်တို့က အဲ့ဒီ့လူနာတွေကို Tests and Care Center ကို ပို့ပြီးစစ်ပေးမယ်။ ဘယ်လိုလူနာတွေကိုစစ်ပေးသလဲဆိုတော့ ကိုဗစ်သံသယ လူနာတွေကို အဓိက စစ်ပေးပါတယ်။ လောလောဆယ်ကတော့ တမြို့နယ်ကို အယောက်(၂၀) စစ်ပေးတယ်။ မြို့နယ်ငါးမြို့နယ်ပေါင်း (၁၀၀) စစ်ပေးနေတယ်ပေါ့။ ပြောရရင် အခုလောလောဆယ်အနေအထားအရ အယောက်(၂၀)က တအားကိုနည်းလွန်းနေတယ်။ လူတွေက သွားပုံနေတယ် အခုကျနော်တို့ List အရဆိုရင်သောကြာနေ့အထိကိုList ပြည့်သွားပြီ။ မြို့နယ်တွေမှာ စစ်သင့်တဲ့သူတွေလည်း တအားများနေတယ်။ ဒါကြောင့် ထပ်တိုးစစ်လို့ရအောင် ကျနော်တို့လည်း လက်ရှိ တောင်းဆိုထားတာတွေလည်းရှိတယ်။ဖြစ်နိုင်ရင် တမြို့နယ်ကို အယောက်(၅၀) လောက်စစ်နိုင်ရင် မဆိုးဘူးပေါ့နော်။"

အခုလက်ရှိမှာတော့ COVID 19 ရောဂါပိုးတွေ့ရှိမှု အများဆုံးတိုင်းဖြစ်တဲ့ ရန်ကုန်တိုင်းတွင်းအတွင်း လူထုကို ဖျားနာအခမဲ့ ကုသပေးနေတဲ့ Fever Clinicပေါင်း ၂၀ကျော်အထိ ဖွင့်လှစ်ပေးထားပါတယ်။ ကိုဗစ်ရောဂါလက္ခဏာသံသယရှိသူတွေကို အင်းစိန်နဲ့ မြောက်ဥက္ကလာပ Fever Clinic ဆေးခန်းတွေမှာ တခါတည်း ရောဂါပိုး စမ်းသပ်ရှာဖွေပေးနေတဲ့ အခြေအနေဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဖျားနာဆေးခန်းတွေအတွက် စေတနာရှင်ဆေးဝန်ထမ်းတွေ အရေးပေါ်လိုအပ်


.................


(Unicode)








