ရှမ်းနဲ့ ကရင်နီဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

၂၀၂၂ ဖေဖော်ဝါရီ ၂၂ရက်နေ့က Karenni Nationalities Defense Force KNDF - B-06 ဖေ့ဘုတ်စာမျက်နှာတွင် တင်ထားသောဓါတ်ပုံတပုံ

စစ်ဆင်ရေးတွေကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့လည်း ဒေသခံ လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး၊ အလိမ္မာ တင်ပြထားပါတယ်။

ဖယ်ခုံ-ပင်လောင်းမြို့နယ်အစပ် တောင်စလုံး၊မြောက်စလုံးကျေးရွာဘက်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာရက်ဆက်နေလို့ ဒီရက်အထိ ဖြစ်နေတုန်းပဲ တိုက်ပွဲက အဲ့ဖက်မှာ ဟုတ်၊ တိုက်ပွဲကတော့ ပြင်းထန်တဲ့ ရက်တွေရှိတယ် ပြီးတော့ ခဏငြိမ်ပြီးမှ မနက်ပိုင်းဖြစ်လိုက် ညနေပိုင်းမှာ နည်းနည်းပြန်ငြိမ်သွားလိုက် အဲ့ပုံစံမျိုးပဲ ဖြစ်တယ်၊ ခုတော့ လတ်တလော ဒီရက်ပိုင်းထဲမှာတော့ ပင်လောင်းနဲ့ ဖယ်ခုံနယ်စပ်က တိုက်ပွဲက နည်းနည်းပြင်းထန်နေတယ်။”

ပင်လောင်းမြို့နယ်ဘက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကတည်းက စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပြီးတဲ့နောက် တိုက်ပွဲပြင်းထန်လာတာ ခုချိန်ထိ တောက်လျှောက် လနဲ့ချီကြာ ဖြစ်ပွားနေတယ်လို့ KNDF က ပြောပါတယ်။ ဘာကြောင့် ရက်လကြာရှည် တိုက်ပွဲပြင်းထန်နေသလဲဆိုတာ KNDF က ခုလို ပြောပါတယ်။

“အဓိကတော့ စစ်ကောင်စီက ဒီစစ်ကြောင်းတွေ အဲ့ကတည်းကထိုးတယ်၊ ထိုးပြီးတော့မှ ခုချိန်ထိလည်း စစ်ကြောင်းထပ်ထိုးနေတယ်ပေါ့နော် အဲ့ဒါကြောင့်မို့လိုပဲ ကျနော်တို့ တိုက်ပွဲဖြစ်နေတယ်ပေါ့ ဟုတ်။”

အလားတူ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းဘက်မှာလည်း ထိုးစစ်ဆင်မှုကြောင့် ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာပါ။ ဒီးမော့ဆိုနဲ့ ပင်လောင်း တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှု လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်လာတာလို့ KNDF နဲ့ စစ်ရှောင်ဒေသခံတချို့က ပြောဆိုပါတယ်။ ဘေးလွတ်ရာမှာ တိမ်းရှောင်လာတဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်း စစ်ရှောင်တဦးက မနေ့က သူတို့နေအိမ်ခဏပြန်ကြည့်ရင်း လက်နက်ကြီးပစ်ခတ်မှုနဲ့ ကြုံခဲ့ရလို့ ထပ်ပြေးလာရတဲ့အကြောင်း ပြောပါတယ်။

“အဝေးကနေပစ်တာတော့ မနေ့ကတော့ ပစ်တယ်၊ မနေ့ကဆိုရင် ကျမတို့ အိမ်ခဏလေးပြန်ကြည့်တော့ အဲ့မှာ လက်နက်ကြီးထုနေတာ ပြီးရင်တိုက်ပွဲလည်း ဖြစ်တယ်ထင်တယ်၊ အဲ့အရှေ့ဖက်ခြမ်းရွာထဲမှာပေ့ါနော်။ အဲ့ဖက်ခုံဘက်မှာတော့ ထုသံတော့ကြားတယ် ဝေးတယ် နည်းနည်းတော့ ဝေးတယ်ပေါ့။ (လက်နက်ကြီးက)တိုက်ပွဲရှိလည်း ပစ်တယ် တခါတလေကျ တိုက်ပွဲမရှိလည်း ပစ်တယ် လက်နက်ကြီးက အမြဲတမ်းထုတယ်သူတို့၊ (ဗုံးခို)ကျဉ်းတူးထားတော့ လက်နက်ကြီးသံကြားရင် အဲ့မှာပဲ ပြေးဝင်ရတာပေါ့။”

ပင်လောင်း၊ ဒီးမော့ဆိုဘက်က လတ်တလော တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ပြေးဒုက္ခသည်တွေ တနေရာပြီး တနေရာ ပြောင်းရွှေ့နေထိုင်ကြရတာပါ၊ သူတို့အတွက် ဆေးဝါးနဲ့ စားရေးသောက်ရေးအပြင် ယာယီတဲထိုးဖို့ နေရာထိုင်ခင်းတွေ အမိုးအကာတွေ အလွန်အမင်းပင် အကူအညီလိုအပ်နေကြပါတယ်။

Your browser doesn’t support HTML5

ရှမ်းနဲ့ ကရင်နီဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား