ကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Kissinger တရုတ်သမ္မတနဲ့တွေ့ဆုံ

တရုတ်နိုင်ငံ ဘေကျင်းမြို့ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာမှာ တရုတ်သမ္မတ Xi Jinping နဲ့တွေ့ဆုံနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger (ဇူလိုင် ၂၀၊ ၂၀၂၃)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger ဟာ တရုတ်သမ္မတနဲ့ ဘေဂျင်းမြို့တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ ကမ္ဘာကြီးအပေါ် သိသိသာသာ လွှမ်းမိုးမှုရှိတဲ့ ၂ နိုင်ငံဆက်ဆံရေးဟာ ကမ္ဘာကြီးအတွက် အခရာကျတယ်လို့ Mr. Kissinger က သမ္မတ Xi Jinping နဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်၊

အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံဆက်ဆံရေးဟာ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် အဓိကကျသလို ၂ နိုင်ငံ လူမှုအသိုင်းအဝိုင်းတွေ တိုးတက်ရေးအတွက် အခရာကျတယ်လို့ အသက် ၁၀၀ ရှိနေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Henry Kissinger ကပြောကြားခဲ့တာဖြစ်ပါတယ်၊ တရုတ်သမ္မတ Xi Jinping ကလည်း တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့ Mr. Kissinger ကိုတွေ့ဆုံရတာဝမ်းသာကြောင်းနဲ့ တရုတ် အမေရိကန်ဆက်ဆံရေးမှာ Kissinger ဆိုတဲ့နာမည်က အမြဲတွဲပါနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊

တရုတ်ပြည်သူတွေအနေနဲ့ မိတ်ဆွေးဟောင်းတွေကို ဘယ်တော့မှ မမေ့ကြောင်း ၂ နိုင်ငံဆက်ဆံရေးနဲ့ပါတ်သက်ရင် Kissinger နာမည်ကို တရုတ်ပြည်သူတွေ ဘယ်တော့မှမေ့မှာ မဟုတ်ကြောင်းနဲ့ သူ့အနေနဲလည်း Mr. Kissinger ကိုလေးစားပါတယ်လို့ တရုတ်သမ္မတ Xi Jinping ကပြောကြားခဲ့တာဖြစ်ပါတယ်၊ ၁၉၇၁ ခုနှစ်တုန်းက အမေရိကန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးတာဝန်ယူထားသူ Mr. Kissinger တရုတ်နိုင်ငံကို လှို့ဝှက်သွားရောက်ခဲ့တဲ့ခရီးစဉ်ကနေ ၂ နိုင်ငံဆက်ဆံရေး စတင်ခဲ့တာဖြစ်ပါတယ်။ အခု နှစ်ပေါင်း ၅၀ ကျော်အကြာ ၂ နိုင်ငံကြားဆက်ဆံရေးမှာ အဖုအထစ်တွေရှိနေချိန်မှာ Mr. Kissinger တရုတ်နိုင်ငံကို သူ ရုတ်တရက်သွားရောက်ပြီး တရုတ်ထိပ်တန်းခေါင်းဆောင်တွေကို တွေ့ဆုံနေတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကလည်း တရုတ်အစိုးရထိပ်တန်းသံတမန် Wang Yi နဲ့တွေ့ဆုံခဲ့သလို တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu နဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။

Your browser doesn’t support HTML5

ကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Kissinger တရုတ်သမ္မတနဲ့တွေ့ဆုံ