ဇင်ဘာဘွေဒုသမ္မတဟောင်း နိုင်ငံပြန်ရောက်

ဇင်ဘာဘွေ လွှတ်တော်ဥက္ကဋ္ဌ Jacob Mudenda က သမ္မတ Robert Mugabe တရားစွဲဆိုရေး နိုဝင်ဘာ ၂၁ ရက်နေ့က လွှတ်တော်ကို ဖတ်ကြားပြနေစဉ်။

ဇင်ဘာဘွေနိုင်ငံမှာ သမ္မတရာထူးဆက်ခံမယ့် Emmerson Mnangagwa ဟာ ပြည်ပမှာ နှစ်ပတ်ကြာ နေထိုင်ခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့က ပြန်လည်ရောက်ရှိခဲ့ပါတယ်။ နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့တဲ့ သမ္မတ Robert Mugabe အင်္ဂါနေ့မှာ နုတ်ထွက် သွားပြီးတဲ့နောက် သူ ရာထူးဆက်ခံဖို့ ဖြစ်လာခဲ့တာပါ။

Mnangagwa ဟာ သောကြာနေ့ကျရင် သမ္မတသစ်အဖြစ် ကျန်းသစ္စာ ကျိန်ဆိုမယ်လို့ ဇင်ဘာဘွေ ပါလီမန်ဥက္ကဋ္ဌက ပြောပါတယ်။ Mugabe က သူ့ကို ဒုသမ္မတ ရာထူးက ထုတ်ပယ်လိုက်ပြီးတဲ့နောက် နိုဝင်ဘာလ ၆ ရက်နေ့မှာ ပြည်ပကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ ဇင်ဘာဘွေ နိုင်ငံသား တယောက်ကတော့ ဒါဟာ ကြီးမားတဲ့ ထိုးဖောက်ကျော်လွှားမှု တရပ်ဖြစ်တယ်၊ ဒါ့ကြောင့် ဇင်ဘာဘွေပြည်သူတွေက ဘုရားသခင်ကို ကျေးဇူးတင်ကြတယ်၊ ဆုတောင်းပြည့်တာ ဖြစ်တယ်၊ နှစ်ပေါင်း ၃၇ နှစ်လုံးလုံး ဒုက္ခခံခဲ့ရတာ ဖြစ်တယ်လို့ ဝမ်းသာအားရ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြား ဆက်ဆံရေးကောင်စီ အကြီးတန်းအဖွဲ့ဝင် John Campbell ကတော့ Mnangagwa ဟာ Mugabe အုပ်ချုပ်ရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူ တယောက်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးပုံသဏ္ဍန် အချိန်တိုအတွင်းမှာ ပြောင်းလဲဖို့ မမျှော်လင့်နိုင်ဘူးလို့ ဆိုပါတယ်။

အသက် ၉၃ နှစ်အရွယ် Mugabe ဟာ ဇင်ဘာဘွေနိုင်ငံ ၁၉၈၀ မှာ ဗြိတိသျှတို့ လက်အောက်က လွတ်လပ်ရေးရပြီးချိန်ကစလို့ ဆက်တိုက် အုပ်ချုပ်လာခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံသားတွေအပေါ် ရိုက်နှက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ နိုင်ငံရေး အတိုက်အခံတွေကို သတ်ဖြတ်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မကြာခန ဝေဖန် ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့မဟာမိတ်တွေနဲ့ သူ့ကို ထောက်ခံသူတွေက လူဖြူတွေပိုင်တဲ့ မြေယာတွေကို အတင်းအဓမ္မသိမ်းပိုက်တဲ့ ၂၀၀၀ ပြည့်နှစ်ကစပြီး သမ္မတ Mugabe အပေါ် အနောက်နိုင်ငံတွေက ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ကြပါတယ်။ အဲဒီနောက် လယ်ယာထွက်ကုန်နဲ့ စီးပွားရေး ခြွတ်ခြုံကျလာခဲ့ပြီး ငွေကြေးဖောင်းပွမှုဟာ ၂၃၁ သန်း % အထိ မြင့်တက် သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့အထိ သမ္မတ Mugabe က ရာထူးက နုတ်ထွက်လိုကြောင်း မပြသဘဲ ဝန်ကြီးအဖွဲ့ အစည်းအဝေးတရပ်တောင် ခေါ်ယူ ကျင်းပခဲ့ပါသေးတယ်။ နောင်နှစ်ကျရင် အသက် ၉၄ နှစ်ပြည့်တော့မယ့် သမ္မတ Mugbe ဟာ နောင်နှစ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ထပ်မံအရွေးခံဖို့တောင် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဇင်ဘာဘွေဒုသမ္မတဟောင်း နိုင်ငံပြန်ရောက်