ဖားကန့် မြေပြိုမှုမှာ အသက်မသေ လွတ်မြောက်လာသူတွေရဲ့ အတွေ့အကြုံ

ဖားကန့် မြေစာပုံပြိုကျမှုက လွတ်မြောက်လာတဲ့ စိုင်းကိုရဲ့ ဒဏ်ရာကို ဆေးထည့်ပေးနေတဲ့ ဇနီးသည် ပန်းအိဖြူ။ (ဇူလိုင် ၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေပြိုကျလို့ သေဆုံးသွားတဲ့ လူ ၁၇၂ ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိထားပြီး အယောက် ၂၀ ပျောက်ဆုံးနေတယ်လို့ တိုင်ကြားထားပါတယ်။ ဒီမြေပြိုကျရာက အသက်မသေဘဲ လွတ်မြောက်လာသူတချို့နဲ့ ကျန်ရစ်သူ မိသားစုတွေကို AFP သတင်းဌာနက မေးမြန်းထားတာကို ကိုငြိမ်းချမ်း တင်ပြပေးထားပါတယ်။

ဇော်လွင်၊ ဆန်းလွင်နဲ့ စိုင်းကိုတို့ ငါးဦးပါအဖွဲ့ဟာ မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ ခါတိုင်းထက် နာရီဝက်စောပြီး ကျောက်တူးဖို့အတွက် ရောက်နေခဲ့တာပါ။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ကိုဇော်လွင်က ကျောက်တူးဖို့ မစရသေးခင် ဖြစ်သွားခဲ့တဲ့အကြောင်း အခုလို ပြောပါတယ်။

“ပါသွားတာ ကျနော် ဘယ်လိုလုပ် ပါသွားလို့ ပါသွားမှန်းကို မသိဘူး။ အဲဒီထဲမှာ အင်္ကျီတွေကျွတ်ပြီး ဘောလုံးလိမ့်သလို ဟိုဘက် ရေလှိုင်းက ဝုန်းခနဲ ဝုန်းခနဲ ကျောက်ဆောင်တွေနဲ့ ပစ်ပစ်ဆောင့်တာ ကျနော်တို့ကို။ အဲဒီမှာ သဲတွေရော ရွှံ့တွေရော ပါးစပ်ထဲမှာ မွမ်းနေပြီ၊ နွံတွေရော အကုန်ပေပွနေပြီ။ ကိုယ့်ဘာသာကိုယ် သေမယ်လို့ကို ထင်တာ၊ ပြန်ရှင်မယ်လို့ကို မထင်ဘူး။”

Your browser doesn’t support HTML5

ဖားကန့်ကျောက်စိမ်းတွင်း ပျောက်ဆုံးသူတွေ ဆက်လက်ရှာဖွေဆဲ

သူနဲ့အတူ အသက်ရှင်ကျန်ရစ်သူ အသက် ၂၂ နှစ်အရွယ် စိုင်းကိုကလည်း လူသေအလောင်းကို ဖက်တွယ်ထားမိတဲ့အတွက် အသက်ရှင်ကျန်ရစ်ကြောင်း အခုလို ပြောပါတယ်။

“ကိုယ်မီရာမီရာ ကျနော်က ရေမကူးတတ်တော့ သစ်တုံးတွေ ဘာတွေ လိုက်ရှာတာပေါ့။ အဲဒီမှာ လူသေအလောင်း တွေ့တာနဲ့ ဖက်တွယ်ပြီး လက်နဲ့ကူးခဲ့တာ ဟိုဘက်ကမ်းရောက်အောင်။”

သူတို့အဖွဲ့မှာ သေဆုံးသွားတဲ့ အသက် ၃၂ နှစ်အရွယ် ကိုသန်းနိုင်ရဲ့ ဇနီးဖြစ်သူ မထားထားမြင့်က ကမ္ဘာပျက်မတတ် ခံစားရတဲ့အကြောင်း အခုလိုပြောပါတယ်။

“လူသေအလောင်းတွေ ၅၀ ကျော် ၆၀ လောက်ရှိတယ်တဲ့။ ရှိတဲ့နေရာမှာ ကျမ ခြေရင်းကနေ ကြည့်တယ်၊ ကိုယ့်ယောက်ျား ပါနေလား၊ မပါပါစေနဲ့ပေါ့။ အဲဒါနဲ့ ကြည့်တော့ မျက်နှာကြီးက မို့မို့ကြီးဆိုတော့ မသဲကွဲဘူးလေ။ မသဲကွဲတော့ ခေါင်းရင်းဘက်ကနေ ပတ်ပြီးတော့ ကိုယ့်ယောက်ျားရဲ့မျက်နှာများ ဖြစ်နေမလား ဆိုပြီး ရှာတော့၊ သူ့အရွယ်ကလည်း အများကြီးပဲ အဲလိုမျိုးတွေ ရှာတော့ သူ့တလောင်းတည်း ကားနဲ့ ပြန်လာခဲ့တဲ့အချိန်ကြတော့ ကားပေါ်ကနေ အလောင်းချတော့ ကိုသန်းနိုင်၊ ၃၂ နှစ်ဆိုမှ နာမည် ထင်ထင်ရှားရှားကြီးနဲ့ပေါ့။ ဒါဆို ငါ့ယောကျ်ား သေချာပြီပေါ့ဆိုပြီး ကိုယ့်ရဲ့ ရှေ့လျှောက်ရမယ့် ဘဝတခုလုံး ဘာမှ မရေမရာသလိုလည်း ဖြစ်တယ်။ ပြီးရင် ကျမ စိတ်ခံစားမှုက ဘယ်လမ်းကို ဘယ်လိုလျှောက်ပြီး ကမ္ဘာတခုလုံး ပျက်စီးသွားသလို ခံစားရတယ်။”

ဒီကျောက်စိမ်းဟာ အသက်နဲ့ရင်းဖို့ မတန်ကြောင်း အသက်ရှင်ကျန်ရစ်သူ စိုင်းကိုက ပြောပါတယ်။

“အမှန်အတိုင်း ပြောရရင်တော့ မတန်ဘူးပေါ့ဗျာ၊ စွန့်စားရတာနဲ့တော့။ ကျနော်တို့ ၁၀ ရက်သွားတဲ့ အချိန်မှာ တသောင်း နှစ်သောင်း ရောင်းရတဲ့ ကျောက်ဆိုတာက ရှားတယ်။”

စိုင်းကိုရဲ့ ဇနီးဖြစ်သူ မပန်းအိဖြူကလည်း ကျောက်မတူးစေချင်တော့ကြောင်း အခုလို ပြောပါတယ်။

“အဲဒီလိုမျိုး ကျောက်ရှာတာတော့ မရှာခိုင်းတော့ဘူး။ တသက်နဲ့တကိုယ် မစားရရင်လည်း နေပါစေတော့။ မိသားစု ဒီလို စုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်တော့တယ်။”

SEE ALSO: ဖားကန့်စုံစမ်းရေးအဖွဲ့ ကွင်းဆင်းစစ်ဆေးနေ

သူတို့ငါးယောက်အဖွဲ့ထဲက သုံးယောက် အသက်ရှင်ကျန်ရစ်ပြီး တယောက်သေဆုံးကာ ကျန်တယောက်ဖြစ်တဲ့ ကိုသက်ရှင်းကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးပြီလို့ ယူဆထားကြပါတယ်။ ကိုဇော်လွင်ကတော့ မြေစာပုံတွေကြားမှာ ရေမဆေးကျောက်ရှာသူအဖြစ်ပဲ ဆက်လက် လုပ်ကိုင်တော့မယ်လို့ ပြောပြီး သူ့ရဲ့ညီ ကိုဆန်းလွင်ကတော့ ကျောက်ကောင်းတွေ့ရင် သူဌေးဖြစ်မယ်လို့ မျှော်လင့်ပြီး ကျောက်ဆက်တူးမယ်လို့ ပြောသလို မြန်မာနိုင်ငံ အနှံ့အပြားက ကျောက်ရှာမယ့်သူတွေကတော့ ဖားကန့်ရတနာမြေကို တဖွဲဖွဲ ရောက်လာကြဦးမှာပါ။

ဒီမြေပြို လူသေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရကလည်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်ပွားရတဲ့အကြောင်းနဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကို ဖော်ထုတ် စုံစမ်းဖို့၊ နောင် ဒါမျိုးမဖြစ်စေဖို့နဲ့ အခု ထိခိုက်သေဆုံးသွားရသူတွေနဲ့ မိသားစုတွေအတွက် ထောက်ပံ့ကူညီဖို့ လုပ်ဆောင်နေပါတယ်။

Your browser doesn’t support HTML5

ဖားကန့် မြေပြိုမှုမှာ အသက်မသေ လွတ်မြောက်လာသူတွေရဲ့ အတွေ့အကြုံ

Your browser doesn’t support HTML5

ဖားကန့်မြေပြိုမှု အသက်မသေဘဲ ကျန်ရစ်သူတွေရဲ့ အတွေ့အကြုံ

------------------------------------

(Unicode)

ဖားကန့ျ မွပွေိုမှုမှာ အသကျမသေ လှတျမွောကျလာသူတှရေဲ့ အတှေ့အကွုံ






SEE ALSO: ဖားကန့် မြေပြို သေဆုံးများမှုအတွက် စိတ်မကောင်းဖြစ် (ကုလအတွင်းရေးမှူးချုပ်)



ဖားကန့်မြေစာပုံပြိုကျမှုအတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တချို့။






SEE ALSO: ဖားကန့်ဖြစ်ရပ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ထိရောက်မှုအပေါ် မေးခွန်းထုတ်တာတွေ ရှိနေ

