ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အခြေနေတွေ ပုံမှန်ပြန်ဖြစ်စေဖို့နဲ့ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်လာရေး အတွက် ပူးပေါင်းဆောင်ရွက်ဖို့ အိန္ဒိယနဲ့ မြန်မာ ၂ နိုင်ငံကြား နားလည်မှု စာချွန်လွှာကို ဗုဒ္ဓဟူးနေ့က လက်မှတ် ရေးထိုးခဲ့ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် S Jaishankar နဲ့ မြန်မာအစိုးရ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိဝန်ကြီး ဦးစိုးအောင်တို့ နေပြည်တော်မှာ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ နားလည်မှု စာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ်ထဲကို ပြန်လာမယ့် ဒုက္ခသည်တွေ နေရပ်ပြန်တဲ့ အခါ အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရေးနဲ့ နေအိမ်တွေ ဆောက်လုပ်ပေးရေးကို အိန္ဒိယက အကူညီပေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် ပထမဆုံး လာရောက်တဲ့ မစ္စတာ Jaishankar ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီလို တွေ့ဆုံစဉ်အတွင်း မြန်မာနဲ့ အိန္ဒိယ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးမြှင့်ရေး၊ ရခိုင်ပြည်နယ်တွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ အိန္ဒိယက အကူအညီပေးမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြ တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
မစ္စတာ Jaishankar ဟာ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ နဲ့ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့နဲ့ လည်းတွေ့ဆုံ ဆွေးနွေးခဲ့တာပါ။
အစောပိုင်း တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာတော့ ရခိုင်မြောက်ပိုင်း ဒေသအခြေနေနဲ့ ပတ်သက်ပြီး နယ်မြေလုံခြုံရေးနဲ့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖေါ်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ အိန္ဒိယက လုပ်ဆောင်နေတဲ့ စီမံကိန်းတွေထဲမှာ စစ်တွေဆိပ်ကမ်း လည်ပတ်နိုင်ရေးနဲ့ ထိမ်းသိမ်းရေး ဆိုင်ရာတွေ၊ အဝေးပြေးလမ်းမကြီးတွေ ဖေါက်လုပ်ရေးတွေ ပါဝင်ပြီး ဆိပ်ကမ်း၊ လမ်းနဲ့ တံတားဆောက်လုပ်ရေး ဆိုင်ရာ ကိစ္စရပ် တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။
Your browser doesn’t support HTML5