တိုက်ပွဲကြားက ဒီးမော့ဆို စိုက်ပျိုးခင်းများ

ကရင်နီ၊ ကယားပြည်နယ် ဒီးမေ့ာဆိုမြို့နယ်တာအနောက်ပိုင်း ချောင်းမြောင်းတွေနဲ့နီးတဲ့တောင်ခြေတဝိုက် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေရဲ့စိုက်ခင်းများ။ (မတ်လ ၃၁၊ ၂၀၂၃/ ဓာတ်ပုံ ဇော်မင်းထိုက်-ကျေးလက်မြေ)

{{Zawgyi/Unicode}}

ကရင်နီပြည်လို့ ဒေသခံတွေခေါ်ကြတဲ့ ကယားပြည်နယ်က စစ်ပွဲဖြစ်ပွားတဲ့ဒေသတွေ အထူးသဖြင့် ဒီးမောဆိုမြို့နယ်အနောက်ပိုင်း တောင်ခြေတဝိုက် ချောင်းတွေ၊ မြောင်းတွေနားမှာ ရာသီမရွေး စိုက်ပျိုးလို့ရတဲ့သီးနှံခင်းတွေကို ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ အတူတကွစိုက်ပျိုးနေကြပါတယ်။ ဘယ်လောက်အတိုင်းအတာ စိုက်ပျိုးနိုင်ကြသလဲဆိုတာ ကိုခင်မောင်စိုးမင်း က အဲဒီဒေသမှာ ရောက်ရှိနေတဲ့ ကျေးလက်မြေအဖွဲ့အစည်း တာဝန်ရှိသူတဦးကို မေးမြန်းပြီး တင်ဆက်ထားပါတယ်။

ကယားပြည်နယ် ဒေသခံတွေအခေါ် ကရင်နီပြည်နေရာအများစုမှာ စစ်ကောင်စီတပ်တွေကတဘက်၊ နယ်မြေခံ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတဘက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက်ကြောင့် ပုံမှန် လယ်ယာမြေတွေမှာ ကောင်းကောင်းစိုက်ပျိုးနိုင်ခြင်းမရှိကြပါဘူး။ အဲဒီလို အခြေအနေမျိုးထဲကနေ ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းက စစ်ဘေးရှောင်တွေ အတော်များများဟာ သူတို့နေရာတွေထက် ပိုမိုလုံခြုံမှုရှိတဲ့ မြို့နယ်အတွင်းက အနောက်ပိုင်းဒေသတွေကို သွားရောက်ခိုလှုံကြပါတယ်။

နယ်မြေခံလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ စိုးမိုးနိုင်တဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ပိုင်းတောင်ကုန်းတွေအနီးကချောင်းတွေ၊ မြောင်းတွေအနီးမှာရှိတဲ့ စိုက်ပျိုးခင်းတွေမှာ အဲဒီလို ပြောင်းရွှေ့လာကြတဲ့ အရှေ့ပိုင်းက စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေအတူပူးပေါင်းပြီး စပါးနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးစားသောက်နေကြပါတယ်။ အဲဒီလို စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့အတွက် ဒေသခံ ခရစ်ယာန်ဘုရားကျောင်းတွေက အကူအညီပေးကြတယ်လို့ ကျေးလက်မြေအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဇော်မင်းထိုက်က ပြောပါတယ်။

“အခုဟာက ကရင်နီပြည်မှာဆိုလို့ရှိရင် မလုပ်ဘဲနေရင်လည်း မရတော့ဘူးဆိုတဲ့ ပုံစံဖြစ်သွားတဲ့အတွက် ဒီးမော့ဆိုအနောက်ဘက်ပိုင်းမှာဆိုလို့ရှိရင် စစ်ရှောင်နေရင်းနဲ့ သူတို့နဲ့နီးစပ်တဲ့ လယ်ယာမြေတွေကို စိုက်ပျိုးစားရတာ။ ဒီဘက် အခု စိုက်ပျိုးထားနိုင်တဲ့နေရာတွေအထိတော့ သူတို့စစ်ကောင်စီစစ်ကြောင်း မဝင်လာနိုင်သေးဘူး။ တိုက်ပွဲဖြစ်ပြီဆိုလို့ရှိရင် သူတို့ဖြတ်ပြီးတော့ အတိုက်ခံရတဲ့အတွက် စစ်ကောင်စီ စစ်ကြောင်း မဝင်လာနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကရင်နီပြည်က လက်နက်ကိုင်အဖွဲ့တွေက အများဆုံးဖြစ်တဲ့အတွက် တဖွဲ့ဖြစ်ရင်တဖွဲ့က ချက်ချင်းကူညီကြဖို့ အဆင်သင့်ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်တွေ ဝင်မလာနိုင်ဘူး။ ချောင်းနဲ့နီးတဲ့အတွက် အခုအချိန်နွေရာသီဆိုရင်လည်း စပါး၊ ကြက်သွန်၊ ငရုတ် သီးနှံမျိုးစုံကိုစိုက်ကြတယ်။ ၁၂ ရာသီ စိုက်လို့ရတယ်။ အခု စိုက်ပျိုးနေတဲ့သူ အတော်များများကလည်း စစ်ရှောင်နေရင်းနဲ့ စိုက်ရတယ်။ ဓါတ်မြေသြဇာမထည့်နိုင်၊ ဆေးဝါးမကူနိုင်တော့ အရင်အထွက်နှုန်းထက် လျော့တာပေါ့။”

ဒီးမော့ဆိုမြို့နယ်အနောက်ပိုင်းက အဲဒီလိုနေရာတွေမှာ စိုက်ပျိုးနိုင်ကြပေမယ့် မြို့နယ် အရှေ့ဘက်ပိုင်း ပုံမှန်စိုက်ပျိုးခင်းတွေမှာတော့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ အဝေးကပစ်ခတ်တာ၊ မြေမြှုပ်မိုင်းတွေ ထောင်ထားတာနဲ့ လေကြောင်းကနေ တိုက်ခိုက်နေတာတွေကြောင့် အဓိက စပါးအပါအဝင် ပုံမှန်စိုက်ပျိုးခင်းတွေ အများစုကို ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ ဒါနဲ့ ပတ်သက်ပြီးလည်း ကျေးလက်မြေအဖွဲ့က ကိုဇော်မင်းထိုက်ကပဲ ပြောပါတယ်။

“ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ပိုင်းဆိုလို့ရှိရင် လယ်ယာစိုက်ပျိုးခင်းတွေက စိုက်လို့ ပျိုးလို့မရကြတော့ဘူး။ ဘာလိုလဲဆိုတော့ ဒီစစ်ကောင်စီတွေက သူတို့စစ်ကြောင်းထိုးလာလို့ရှိရင် သူတို့လူတွေသေသွားရင် သူတို့က ရွာတွေထဲမှာ မီးရှို့တာရှိတယ်။ မီးမရှို့ရင်လည်း မိုင်းတွေ ထောင်ခဲ့တာရှိတယ်ပေါ့။ မိုင်းတွေအများကြီးထောင်ခဲ့တဲ့အတွက် သွားလုပ်ရင်းနဲ့ မိုင်းမိပြီးတော့ တချို့ ရွာသူရွာသားတွေ သေသွားတာကို သူတို့ မျက်စေ့ရှေ့မှာ မြင်ကြရ။ ကြားသိကြရတာဖြစ်တဲ့အတွက် သူတို့က အဲဒီအရှေ့ဘက်ခြမ်းမှာ မနေတော့ဘဲ ဒီအနောက်ဘက်ခြမ်းမှာ နေပြီးတော့ လုပ်ကိုင်စားသောက်ကြရတာပေါ့။”

ဒီးမော့ဆိုမြို့နယ် အနောက်ပိုင်းမှာလည်း အဓိက စပါးအပါအဝင် ပုံမှန် လယ်ယာ စိုက်ပျိုးခင်းပိုင်ရှင်တွေ အတော်များများက မျိုးစေ့နဲ့ စိုက်ပျိုးစရိတ်တွေ မတတ်နိုင်ကြတဲ့အတွက်ကြောင့် မစိုက်ပျိုးဘဲ ပလပ်ထားလိုက်ကြတယ်လို့လည်း သိရပါတယ်။ အရင်နှစ်တွေကဆိုရင် အကူအညီပေးရေးအဖွဲ့တချို့ကနေ မျိုးစေ့တွေ ဖြန့်ဝေပေးတာရှိပေမယ့် ဒီနှစ်မှာတော့ တော်တော်ကို ရှားသွားပြီလို့လည်း သိရပါတယ်။

ကရင်နီပြည်နယ် လူ့အခွင့်အရေးအဖွဲ့ကလည်း သူတို့ပြည်နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ အရင် ပုံမှန်အနေအထားကထက် အခုအခါမှာ ခန့်မှန်း ၄၅ ရာခိုင်နှုန်းလောက်ပဲ စိုက်ပျိုးနိုင်တော့သလို အထွက်နှုန်းတွေကလည်း သိသိသာသာ ကျဆင်းသွားတဲ့အတွက် စားနပ်ရိက္ခာ အကြပ်အတည်းကြုံတွေ့နေကြရတယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။ ဒါအပြင် စစ်ကောင်စီတပ်တွေကလည်း လမ်းပန်းဆက်သွယ်ရေးတွေ အားလုံးနီးပါးလောက်ကို ပိတ်ဆို့ထားတဲ့အတွက်ကြောင့် စားနပ်ရိက္ခာ သယ်ယူရေး နဲ့ ဆေးဝါးရရှိရေးတွေပါ ခက်ခဲ့ကုန်တယ်လို့လည်း ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် ၂ဝ၂၁ ခုနှစ် ဇူလိုင်လအတွင်းက ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ကနေ ရိက္ခာနဲ့ တခြား အထောက်အပံ့တွေ ပေးပို့ဖြန့်ဝေပေးခဲ့ကြောင်း ကုလအတွင်းရေးမှူးချုပ် António Guterres ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric အဲဒီနှစ်က ပြောခဲ့ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလအတွင်း ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရလည်း အထူးသဖြင့် စစ်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ မသန်စွမ်းတွေအပါအဝင် လူဦးရေ ၁၇ သန်းဝန်းကျင်ဟာ အစာအာဟာရ လုံလောက်အောင် မစားကြရပါဘူး။ ဒီအရေအတွက်ဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတပုံဖြစ်ပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ကနေ ဒေါ်လာ သန်း ၅ဝ ကို ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ကနေတဆင့် မြန်မာနိုင်ငံက စစ်ပွဲတွေဖြစ်ပွားနေတဲ့ ပြည်နယ်တွေဆီကို လူသားချင်းစာနာမှု နဲ့ စားနပ်ရိက္ခာလိုအပ်နေတဲ့ လူပေါင်း ၇ သိန်းခွဲကျော်အတွက် အကူအညီပေးခဲ့ပါတယ်။

Your browser doesn’t support HTML5

တိုက်ပွဲကြားက ဒီးမော့ဆို စိုက်ပျိုးခင်းများ