ကယား(ကရင်နီ)ပြည်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းပေါင်း ၂၀ ထက်မနည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ပြောလိုက်ပါတယ်။ အရင်က စစ်ကောင်စီတပ်တွေ စိုးမိုးခဲ့တဲ့ မော်ချီး၊ နန်းမယ်ခုံ နဲ့ ဒေသတချို့ဟာ ခုအခါ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီလို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးဖြစ်တဲ့ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင် ပြောပြမှာပါ။
ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ (၁၁၁၁) စစ်ဆင်ရေး စတင်ကတည်းက စစ်ကောင်စီတပ်နဲ့ နှစ်ဖက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ပေါင်း ၂၀ ထက်မနည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) ကိုလည်း ဝိုင်းရံ ခြိမ်းခြောက်တိုက်ခိုက် ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က တနင်္ဂနွေနေ့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ထိုင်း မြန်မာ နယ်စပ်အနီးက မယ်စဲ့မြို့ကိုလည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာပါ။ လက်ရှိမှာတော့ ကရင်နီပြည်ထဲက သံလွင်မြစ် အရှေ့ခြမ်းဒေသ အများစုကို ကရင်နီတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်နေပါတယ်။
ကရင်နီတပ်ပေါင်းစု ထိန်းချုပ်ထားတဲ့ ဒေသတွေအကြောင်း KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးဖြစ်တဲ့ တာအယ်စိုးက ဗွီအိုအေကို အခုလို ပြောပါတယ်။
“မယ်စဲ့မြို့ နောက်ပြီးတော့ နန်းမယ်ခုံမြို့၊ ပြီးရင် ရွာသစ်မြို့ပေါ့နော်၊ အဲ့ဒီမြို့တွေကတော့ မြို့အဆင့်ရှိတဲ့ စစ်ကောင်စီကင်းစင်သွားတဲ့ မြို့တွေဖြစ်တယ်။ နောက်ပြီးတော့ ဒီမော်ချီးဒေသမှာကတော့ ဒါ စစ်ကောင်စီကင်းရှင်းသွားတဲ့ ဖားဆောင်မြို့နယ်ထဲက အစိတ်အပိုင်းတခုဖြစ်တယ်ပေ့ါနော်။ ဆိုတော့ မော်ချီးဒေသကတော့ ဖားဆောင်မြို့နယ်ထဲက အစိတ်အပိုင်းတခုဖြစ်တယ်။ မော်ချီးဒေသမှာ စစ်ကောင်စီမရှိတော့ဘူး ဒါကင်းစင်သွားတဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့နော်။”
စစ်ရေးအရကြည့်မယ်ဆိုရင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက စစ်မြေပြင်မှာ အသာစီးရနေတာပါ။ ဇန်နဝါရီလထဲမှာလည်း ဖယ်ခုံမြို့အခြေစိုက် စကခ(၇) ရဲ့ စခန်းတွေဖြစ်တဲ့ လွယ်ပတ္တာ၊ ကုန်းဆုံ စတဲ့ ကာကင်းကုန်းစခန်းတွေ အားလုံး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ ဘောလခဲမြို့နယ်၊ ရွာသစ်နဲ့ ဘောလခဲ အကြားက (၁၂) မိုင်ကုန်း စစ်ကောင်စီတပ်စခန်းကိုလည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီး ရွာသစ်ကို ထိန်းချုပ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အလားတူ ရှားတောမြို့အတွင်းရှိ စစ်ကောင်စီကင်းစခန်းတွေ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
“ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဘာကြောင့်မို့ စစ်ရေးအရဒီလိုအောင်မြင်တွေရသလဲ ဆိုလို့ရှိရင် ကျနော်တို့ ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်း အရင်ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော နောက်ပြီးမှ အာဏာသိမ်းပြီးနောက်ပိုင်းမှ ထပ်ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရော ဒါစည်းစည်းလုံးလုံးနဲ့ စည်းလုံးညီညွှတ်စွာနဲ့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေးတွေပေါ့နော် စစ်ရေးအရပူးပေါင်းနိုင်ခဲ့တဲ့အတွက် ဒီလိုအောင်မြင်မှုတွေ ရတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။”
ဖားဆောင်းမြို့နယ် မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပါတယ်။ ဒီမော်ချီးဒေသမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေ စစ်ဆေးရေးဂိတ်တွေ စခန်းကုန်များ အားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ တပ်စွဲရာနေရာကနေ စွန့်ပစ် ဆုတ်ခွာထွက်ပြေးသွားခဲ့တာကြောင့် တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိဘဲ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေမှာ ဒေသခံတွေက နေအိမ်သန့်ရှင်းရေး ပြန်လုပ်တာမျိုးတွေ လုပ်လို့ရနိုင်ပေမယ့် နေရပ်ပြန်ပြီး နေထိုင်ဖို့ကတော့ လေကြောင်းရန် အန္တရာယ်မကင်းသေးဘူးလို့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးဖြစ်တဲ့ တာအယ်စိုးက ပြောပါတယ်။
“စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ကြောင့်ပေါ့နော်၊ ပြည်သူတွေကတော့ နေရပ်ပြန်လည်နေထိုင်ဖို့က လောလောဆယ်တော့ အခက်အခဲရှိသေးတယ်။ ဒါပေမယ့် နေအိမ်ပြန်ပြီးတော့ သန့်ရှင်းရေးပြန်လုပ်တာတို့ ဘာတို့ကတော့ လုပ်လို့ရနိုင်တဲ့အခြေအနေမျိုး ဖြစ်တယ်ပေါ့နော်၊ ဆိုတော့ လုံးဝပြန်လည်ပြီး နေထိုင်နေရပ်ပြန်ဖို့ကတော့ အခြေအနေ မပေးသေးတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။”
ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက တိုက်ပွဲတွေမရှိတော့ပေမယ့် ဒေသခံတွေ ပြန်လာနေဖို့ စိုးရိမ်စရာရှိတယ်လို့ အခုလို ပြောပါတယ်။
“အဓိက လူပြန်နေရပ်ဖို့ တိုက်ပွဲတွေမရှိဘူးဆိုပြီးမှလည်း စစ်ကောင်စီက စိတ်ကူးပေါက်ရင်ပေါက်သလို လက်နက်ကြီးနဲ့လှမ်းထုတာတွေ ရှိတယ်ပေါ့နော်။ လေကြောင်းနဲ့လည်း လှမ်းကြဲတာရှိတယ်၊ အဲ့ဒါလည်း ပြန်နေဖို့အတွက် ခက်ခဲမှုတရပ်ဖြစ်တယ်။ အခြားတဖက်မှာ မြေမြှုပ်မိုင်းတွေပေါ့နော်။ စစ်ကောင်စီက နေခဲ့တဲ့ရွာတွေ စစ်ကောင်စီတွေ အတော်အသင့် အခြေချခဲ့တဲ့ လမ်းပိုင်းတွေ ဒေသတွေမှာဆိုရင် မြေမြှုပ်မိုင်းတွေ အရမ်းများတော့ ပြန်လည်ပြီးတော့မှ ပုံမှန်လူမှုစီးပွားရေးပေါ့နော်၊ ပြန်လည်စိုက်ပျိုးနေထိုင်နိုင်ဖို့အတွက်က စိုးရိမ်စရာရှိတယ်ပေါ့။”
လွိုင်ကော်မြို့မှာတော့ ကရင်နီတော်လှန်ရေးအင်အားစုတွေက မြို့ကို ဝိုင်းရံပိတ်ဆို့ စစ်ဆင်ရေးတွေ ဆင်နွှဲ နေပြီး။ မြို့ဧရိယာရဲ့ သုံးပုံ နှစ်ပုံကျော်လောက်ကို စိုးမိုးထားနိုင်တယ်လို့ ဆိုပါတယ်။ လွိုင်ကော်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေမှာ သူတို့အနေနဲ့ ဆက်လက် တပ်စွဲထားပေမယ့်လည်း ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထောက်ပို့လမ်းကြောင်း ပြတ်တောက်သွားပြီး လေကြောင်းကိုသာ အားထားနေရတဲ့ အခြေအနေဖြစ်တယ်လို့ KNDF က ထုတ်ပြန်ပြောဆိုပါတယ်။ ကရင်နီပြည်နယ်ထဲမှာရှိတဲ့ မြို့နယ်အသီးသီးမှာ စစ်ရှိန်မြင့်တက်နေတဲ့အပြင် ခုအခါ ရှမ်း ကယားနယ်စပ်နဲ့ သိတ်မဝေးလှတဲ့ ရှမ်းပြည်တောင်ပိုင်းက ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲတွေ ကျယ်ပြန့်လာနေတာပါ။
KNDF ရဲ့ စစ်ရေးထုန်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုန့်ပြန်ချက်ရရှိဖို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
Your browser doesn’t support HTML5