နယ်စပ်မျဉ်းပေါ် ARSA အဖွဲ့ဝင်တွေ ရောနှောဝင်ရောက်ဟု မြန်မာစွပ်စွဲ

မြန်မာ ဘင်္ဂလားဒေ့ရ်ှ ပူးပေါင်းပြီး နယ်စပ်ခြံစည်းရိုးတလျောက် ကင်းလှည့် (Information Committee)

မြန်မာ ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်က ရိုဟင်ဂျာဒုက္ခသည်တွေအကြားမှာ ARSA အကြမ်းဖက်သမားတွေ ရောနှောဝင်ရောက်နေတာမို့ ဒါကို ကာကွယ်တားဆီးဖို့အတွက် အိမ်နီးချင်းဘင်္ဂလားဒေရ်ှနိုင်ငံကို မြန်မာဘက်က တိုက်တွန်းထားပါတယ်။ အဲဒီမှာနေတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေရ်ှဘက်က သတင်းဖလှယ်မှု မလုပ်တာဟာလည်း နှစ်နိုင်ငံ နယ်နမိတ်စာချုပ်ပါ သတ်မှတ်ချက်တွေကို ချိုးဖောက်တာလို့ မြန်မာတာဝန်ရှိသူတွေက ဘင်္ဂလားဒေရ်ှဘက်ကို စွတ်စွဲခဲ့ပါတယ်။ အကဲခတ်တွေကတော့ နယ်စပ်မျဉ်းပေါ်က ဒုက္ခသည်တွေ အဲဒီနေရာကနေ ထွက်ခွာဖို့ ဖိအားပေးတာထက်၊ သူတို့ နေရပ်ရင်းပြန်နိုင်ရေး အာမခံချက်ပေး ဆောင်ရွက်သွားဖို့ ပိုအရေးကြီးတယ်လို့ မြင်ကြပါတယ်။ မဆုမွန်က စုံစမ်းမေးမြန်းထားပါတယ်။

လတ်တလောမှာတော့ နယ်စပ်လုံခြုံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီးတော့ နယ်စပ်ခြံစည်းရိုးတလျောက် လှည့်ကင်းတွေနဲ့ ကင်းလှည့်နေကြပါပြီ။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်မျဉ်းကြားထဲမှာ လူဦးရေ တရားမဝင် တိုးပွားလာနေတာကို သတင်း ဖလှယ်ခြင်းမရှိကတော့ နှစ်နိုင်ငံ ချုပ်ဆိုထားတဲ့ နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်တွေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး မြန်မာနိုင်ငံဘက်က တရားဝင် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဘက်ခြမ်း တောင်ပြို-ဝဲ တံတားအနီး ပြုလုပ်တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ARSA အကြမ်းဖက်အဖွဲ့တွေ ရောနှော ဝင်ရောက်လာနေတာကို ကာကွယ်တားဆီးဖို့လိုတယ်ဆိုပြီးလည်း မြန်မာဘက်ကပြောဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်ရင်းမှူးဘက်ကတော့ နယ်နမိတ်မျဉ်းကြားမှာနေထိုင်သူတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ထောက်ပံ့ပေးခဲ့တာမရှိပေမဲ့လို့ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးအဖွဲ့တွေဘက်က ထောက်ပံပေးမှုတွေနဲ့ရပ်တည်နေကြတယ်လို့ တုန့်ပြန်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

အခုလို နယ်စပ်မျဉ်းနေ ထောင်ချီတဲ့ဒုက္ခသည်တွေကို အဲ့ဒီ့နေရာမှာ နေဖို့ ကန့်ကွက်တာ မောင်းထုတ်တာတွေ ဖိအားပေးလုပ်မယ့်အစား- နေရပ်ရင်းကိုစွန့်ခွာသွားသူတွေ မိမိတို့ရဲ့နေရာကို ပြန်လာပြီး အခြေချနေနိုင်ရေး စီစဉ်ပေးသင့်သလို- ခိုင်မာတဲ့ လုံခြုံရေးအာမခံချက် ပေးသင့်တယ်လို့ ကိုဖီအာနန် အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"လူသားအနေနဲ့ကတော့ အင်မတန်စိုးရိမ်ပါတယ်။ သူတို့ဒီလို တရားမဝင်နေရတဲ့ကိစ္စတခုရယ် နောက်ပြီးတော့ သူတို့အိုးအိမ်စွန့်ပြီးတော့ လာပြီးတော့ နေရတယ်ဆိုတာက သူတို့မှာက စိုးရိမ်စိတ်တွေရှိနေတယ်ဆိုတာက ထင်ရှားတယ် ။ အဲဒီတော့ ကျနော် အကြံပြုချင်တာကတော့ သူတို့အတွက် ကိုယ့်အိမ်၊ ကိုယ့်ရွာ ပြန်လာရင် စိုးရိမ်စိတ်မရှိပါဘူးဆိုတာကို လက်တွေ့ကျကျ တခုခုလုပ်ပြနိုင်မယ်ဆိုရင် သူတို့ စိတ်ချလက်ချပြန်လာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ လက်တွေ့မြင်နိုင်သော လုံခြုံမှု ဆိုတာက ခုနကပြောတဲ့ Food Security လည်းပါတယ် ၊ စားသောက်ရေးအစ သူတို့ဘ၀ ရှင်သန်ရပ်တည်ရေးအတွက်ရော ဘက်ပေါင်းစုံမှာ လုံခြုံရေးဆိုတာ လိုအပ်တယ်။ လိုအပ်တဲ့အခါကျတော့ အဲလိုအစီအစဉ်တွေလုပ်ထားပြီဆိုတာက ပြောဆိုရုံမဟုတ်ပဲနဲ့ လက်တွေ့တနေရာလေးများ မြင်သာထင်သာအောင်လုပ်ပြနိုင်ရင် သူတို့ယုံကြည်ပြီး ပြန်လာနိုင်မယ်လို့ ထင်ပါတယ်။"

မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒီလမေလလယ်ကစပြီးတော့ နယ်စပ်ခြံစည်းရိုးတလျောက် မြေပြင်မှာရော ရေကြောင်းတလျောက်ပါ လှည့်ကင်းတွေနဲ့ လုံခြုံရေးစောင့်ကျပ်ကြပါတယ်။

အခုလို နယ်စပ်လုံခြုံရေး နှစ်နိုင်ငံပူးပေါင်းကင်းလှည့်တဲ့အပေါ် နယ်စပ်တလျောက် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ရာဇဝတ်တွေ ပပျောက်အောင် ဆောင်ရွက်တဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။

" ဘာပဲလုပ်လုပ် ကျနော်တို့ သဘောတူညီချက်ရပြီး အပြန်အလှန် mutual respect ပေါ့နော် အပြန်အလှန်လေးစားမှုနဲ့ ပူးတွဲပြီးလုပ်တဲ့ ကိစ္စရပ်တွေက အောင်မြင်မှုပိုပြီးရနိုင်ပါတယ်။ လိုအပ်ချက်တွေကိုလည်း တယောက်နဲ့တယောက်တိုင်ပင်ပြီးတော့ လိုက်ညှိနှိုင်းပြီးတော့ ပူးတွဲလုပ်မယ်ဆိုရင်တော့ ဒါက ကြိုဆိုရမယ့် ကိစ္စတခုလို့ ကျနော်ထင်ပါတယ်။"

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေကတော့ အခုလို နှစ်နိုင်ငံပူးပေါင်းကင်းလှည့်ကြလို့ ဒေသခံတွေရဲ့ လုံခြုံရေးစိုးရိမ်မှုကို လျော့ပါးသွားစေပေမဲ့ ဒီ့ထက်ပိုပြီး စနစ်ကျတဲ့ ခိုင်မာတဲ့လုံခြုံရေးစနစ်တွေ ထားရှိဖို့ လိုတယ်လို့ အကြံပြုပါတယ်။

"ပူးပေါင်းပြီး ကင်းလှည့်တယ်ဆိုတာကတော့ ကောင်းပါတယ်။ ဒါပေမယ့်တရားဥပဒေစိုးမိုးမှုပေါ့နော် ထိထိရောက်ရောက်လုပ်ဖို့လိုတယ်။ ၂ ဦးပူးပေါင်းပြီးတော့ လုပ်တယ်ဆိုတာကို ကျမတို့ ကြိုဆိုရမှာပါ။ နှစ်ဦး နှစ်ဖက် ကင်းလှည့်တယ်ဆိုတာကတော့ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။ နောက်တခါ နဖခ တခုဖြစ်တဲ့ နအဖ ပေါ့နော် ၊ နဖခ ပြီးမှ နအဖ အခုဖွဲ့စည်းတဲ့အဖွဲ့အစည်းနဲ့ မလုံလောက်ဘူးလို့ သုံးသပ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ ၂ ကြိမ်တိုင်တိုင်ပေါ့နော် အခုလိုအကြမ်းဖက်တွေက ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တာက ဘာပဲဖြစ်ဖြစ် လုံခြုံမှုအားနည်းလို့ ကျမတို့သုံးသပ်လို့ရတယ်။ ပြီးတော့ ဒီ ၂ ဖက်နယ်ကြားမှာလည်း အမြဲတမ်း ပေါ့လျော့မှုမရှိပဲနဲ့ စောင့်ကြည့်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်ရှင့်။"

ဒါ့အပြင် နေရာထိုင်ခင်းအခက်အခဲဖြစ်နေကြဆဲဖြစ်တဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေအရေး လတ်တလော မိုးရာသီမှာ မိုးသက်လေပြင်းမုန်တိုင်းတွေရဲ့ ရာသီဥတုဒဏ်ခံနိုင်အောင် အဆောက်အဦးတွေ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေဘက်က အရေးပေါ် စီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့လည်း ရခိုင်လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

Your browser doesn’t support HTML5

နယ်စပ်မျဉ်းပေါ် ARSA အဖွဲ့ဝင်တွေ ရောနှောဝင်ရောက်ဟု မြန်မာစွပ်စွဲ