မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာကုသမယ့် ဆေးရုံတွေ ထပ်တိုးထား

COVID-19 ကူးစက်ပျံ့နှံ့မှု တိုးနေတဲ့ ရန်ကုန်မြို့မှာ သံသယလူနာတွေကို ရှာဖွေပြီး ကွာရမ်တင်းစင်တာတွေကို ပို့ဆောင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာတွေကို ကုသမှုပေးမယ့် ဆေးရုံတွေ ထပ်ပြီးတိုးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ချိန်မှာပဲ အရေးပေါ်လူနာတွေ ဆေးရုံပို့ဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ ဖျားနာကုဆေးခန်းတာဝန်ခံ ဆရာဝန်တဦးက ပြောပြီးတော့ ပုဂ္ဂလိကဆေးရုံတွေမှာပါ ကုသမှုပေးနိုင်အောင် အမြန်စီစဉ်ဖို့ အကြံပေးတဲ့အကြောင်း မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ကိုဗစ်လူနာတွေကို အထူးကုဆေးရုံကြီး ၇ ခုမှာ ကုသပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်စီစဉ်ထားတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ အခုပိုးတွေ့လူနာက ၁၅,၀၀၀ ကျော်သွားပြီပေါ့နော်။ မနေ့ကဆို ဓာတ်ခွဲအတည်ပြုလူနာ ၁,၁၄၂ ယောက် တိုးတယ်။ ဆေးရုံဆင်းတဲ့ဦးရေနဲ့ ထပ်တက်ရတဲ့လူနာက လေးဆကျော်ကျော်လောက် ဖြစ်နေတယ်။ တချို့နေ့တွေမှာ နှစ်ဆခွဲ၊ သုံးဆ။ အဲ့ဒီ့လိုအခြေအနေမှာ ဆေးရုံတင်ဖို့လိုတဲ့သူ ဆေးရုံတင်ဖို့ မလိုတဲ့သူဆိုပြီး ခွဲခြားထားတာ ရှိပါတယ်။ ဒါကတော့ Rapid test kit တွေ အများကြီး ရလာပြီးတဲ့နောက်မှာ ခွဲလိုက်တာဖြစ်ပါတယ်။ ရောဂါလက္ခဏာ ဆိုးဝါးပြင်းထန်မယ်၊ နောက်ခံရောဂါတွေလည်း ရှိနေမယ့်သူတွေကိုတော့ ကျမတို့ ကိုဗစ်ကုသရေး ဆေးရုံကြီး ၇ ရုံပေါ့နော် အဲ့ဒီ့ဆေးရုံ ၇ ရုံမှာ ကုသပေးမယ်ဆိုပြီး လုပ်ထားပါတယ်။ ဝေဘာဂီအထူးကုဆေးရုံကြီးရယ် တောင်ဥက္ကလာ အထူးကုဆေးရုံကြီးရယ် ကိုဗစ်ကုသရေးဌာန ဖောင်ကြီးရယ် သုံးခုပေါ့နော်။ ဒါ့အပြင် ကျမတို့ ရန်ကုန်ဆေးရုံကြီးရယ် မြောက်ဥက္ကလာဆေးရုံကြီးရယ် အင်းစိန်ဆေးရုံကြီးရယ် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး ဒီလေးခုမှာပါ ထပ်ချဲ့ပြီး စုစုပေါင်း ၇ ခုမှာ ကုသမှုပေးမယ်ပေါ့။”

SEE ALSO: မြန်မာ COVID-19 ကူးစက်သူ ၁၅,၀၀၀ ကျော်၊ သေဆုံးသူ ၃၅၀ ကျော်ပြီ

ကိုဗစ်သံသယလူနာတွေဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ အမြန်ဆုံးနဲ့ လူများများ စစ်ဆေးနိုင်အောင်နဲ့ ပိုးပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေး ပြည်နယ် တိုင်းတွေအထိ Rapid test တွေနဲ့ စစ်ဆေးနိုင်အောင် မနေ့ကစ စီစဉ်နေပြီလို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ကျမတို့ နောက်ပိုင်းမှာ Rapid test တွေကို မြို့နယ်ဆေးရုံတွေအထိ ပေးဖို့ ရည်ရွယ်တယ်။ မနေ့ကစပြီးတော့ တိုင်းနဲ့ပြည်နယ်မှာ ဆေးရုံတွေကို Rapid test Kit တွေ ဖြန့်ဝေဖို့ စေလွှတ်နေပြီပေါ့နော်။ ကယားရယ် မကွေးရယ် နေပြည်တော်ရယ်အတွက် ပို့ပေးဖို့ ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ ခရိုင် မြို့နယ် ဆေးရုံတွေအလိုက် စစ်ဆေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မြန်ဆေးကုသမှု ပေးနိုင်မယ်၊ သူ့ရဲ့ Contact တွေ ရှာနိုင်မယ်။ ဒီလို နောက်ထပ် Contact တွေကို လိုက်ရှာခြင်းအားဖြင့် ကျမတို့ ရောဂါကို ထိန်းချုပ်နိုင်မှုမှာ အများကြီး အထောက်အကူပြုနိုင်ပါမယ်။ အဲ့လိုစစ်ခဲ့တာမှာ အခုလက်ရှိ အနေအထားအရ ကျမတို့နိုင်ငံမှာ ပိုးတွေ့တဲ့သူ ၁၅,၀၀၀ ကျော် ရှိလာနေပေမယ့်လို့ ကျမတို့ နောက်ထပ် တိုးချဲ့နေတာတွေလည်း ရှိနေပါတယ်။ အောင်မြင့်မိုရ်အိမ်ရာတွေမှာ ထပ်ချဲ့နေပါတယ်။ ရိုးမ နောက်ထပ် အဆောင် ၁ ကို ထပ်တိုးချဲ့တဲ့အပြင်ကို ရိုးမအဆောင် ၂ မှာ နောက်ထပ်လူနာတွေ အများကြီး လက်ခံလို့ရအောင်လည်း ယဉ်ကျေးမှုတက္ကသိုလ်ရယ် ပညာရေးကောလိပ်တွေမှာရယ် တိုးချဲ့ထားတာတွေ ရှိပါတယ်။”

အခု ဖျားနာကု အခမဲ့ဆေးခန်းတွေမှာလည်း အနံ့ပျောက် ကိုဗစ်လက္ခဏာပြ လူနာတွေ ရာချီပုံလာသလို အရေးပေါ်ဆေးရုံတင် ဆေးကုသမှုပေးဖို့ အခြေအနေတွေမှာ အတော်လေး အခက်အခဲ ဖြစ်လာနေတယ်လို့ ဖျားနာကုဆေးခန်းများ (ရန်ကုန်ကွန်ရက်) တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပြပါတယ်။

“ဆေးရုံတွေက လက်ရှိ လတ်တလော လူနာအနေအထားအရ အရမ်းကို လူနာတွေများနေတဲ့အတွက် Emergency လူနာတွေကလည်း ဒီရက်ပိုင်း ဆေးရုံတွေမှာ အရမ်းများနေတယ်။ ကျနော်တို့ တကယ်လိုအပ်လို့ လွှဲတဲ့ Emergency လူနာတွေကိုတောင် လက်မခံနိုင်တဲ့ အနေအထားတွေ ဖြစ်နေတယ်။ မနေ့ကဆို ကျနော်တို့ လူနာ ၂ ယောက် ၃ ယောက်ဆို တော်တော်ကို ဒုက္ခရောက်သွားတယ်။ မနေ့က ဆေးရုံအနေအထားအရ လွှဲလို့ကို မရတော့ဘူး။ လွှဲလို့မရတော့ တကယ်တမ်း အဲ့လူနာတွေက ဆေးရုံတင်ပြီးကို ဆေးကုသမှုပေးရမှာ၊ အခုက ဘာတွေဖြစ်နေလဲဆိုတော့ ဆေးရုံတွေမှာတင် နေရာ၊ ကုတင်တွေ အပြည့်ဖြစ်နေတယ် လူနာတွေက။ Emergency လူနာတွေချည်းပဲ။ အဲ့တော့ ကျနော်တို့က Emergency တောင် ဆေးရုံကို လွှဲလို့မရတဲ့ အနေအထားအထိကို အခု ဒီတလော ကြုံနေရတယ်ပေါ့နော်။ ဖြစ်နိုင်ရင်တော့ ဆေးရုံက Emergency တွေကို ယူပေးပါလို့ ပြောချင်တယ်။”

SEE ALSO: ကိုဗစ်စမ်းသပ်နည်းအသစ်ကြောင့် တိုးလာမယ့်လူနာတွေအပေါ် မြန်မာအစိုးရရဲ့ ကြိုတင် ပြင်ဆင်ထားမှု

အခုလို အစိုးရဆေးရုံကြီးတွေမှာ လူနာတွေပုံပြီး အရေးပေါ်အခြေအနေနဲ့ ကျန်းမာရေးကုသမှု စောင့်ရှောက်မှုပေးဖို့ အခက်အခဲ ကြုံနေရချိန်မှာ ပုဂ္ဂလိကဆေးရုံကြီးတွေနဲ့ ဆေးခန်းတွေကို ကျန်းမာရေးစည်းမျဉ်း သတ်မှတ်ချက်တွေနဲ့အညီ ကုသမှုပေးနိုင်ဖို့ အလုပ်တွေ အမြန်ဆုံး ခွဲဝေပေးသင့်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက အကြံပြုပါတယ်။

“Emergency မဟုတ်တဲ့သူတွေကို Isolation Center တွေထား၊ Quarantine Center တွေမှာထား၊ ဒီ COVID Center တွေကို များများဖွင့်၊ မြန်မြန်လုပ်ပါ။ အခုက ဆေးရုံတွေမှာ သွားပုံနေတယ်။ Positive ထွက်သွားတဲ့လူတွေကို ဖောင်ကြီးက လာမခေါ်တဲ့ ပြဿနာ တက်နေတယ်။ ဖောင်ကြီးမှာကလည်း သူ့နေရာနဲ့သူ လူက အပြည့်ဖြစ်နေတယ်။ အဲ့တော့ Private Section အနေနဲ့ ဆေးရုံဆေးခန်းတွေကို ပေးဖွင့်ပေးလိုက်တော့။ အဲ့ကျရင် Private က Private ကို သွားကြလိမ့်မယ်။ Government လည်းကုကြ၊ Private လည်းကု၊ ပေါင်းကုကြမယ်ဆိုရင် Workload လည်း လျော့သွားမယ်။ အခု Government ပဲ ကုနေရပြီး Private ကို ပေးမကုတော့ ပြဿနာက အဲ့မှာ အကုန်သွားပုံနေတာပေါ့ ဆေးရုံတွေမှာ။ အဲ့တော့ ယူနစ်တခု သတ်မှတ်လိုက်၊ စံချိန်စံညွှန်းတခု သတ်မှတ်လိုက်။ အဲ့ဒီ့စံချိန် စံညွှန်းရှိရင် ဖွင့်၊ ဒီလိုအချိန်မှာ အကုန်ဝိုင်းပြီးကုလိုက်ရင် ကျနော်တို့လည်း လူအင်အားလည်း များလာမယ်၊ ဆေးရုံတွေမှာ သွားပုံနေတာတွေလည်း လျော့သွားမယ်။ အဲ့လိုလေး ဖိဖိစီးစီး လုပ်လိုက်မယ်ဆိုရင် တော်တော်ကြီးကို ဒီကာလမှာ ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားလိမ့်မယ်။”

မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်လူနာတွေနဲ့ သံသယလူနာတွေကို ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာပါ ခွဲဝေလက်ခံ ကုသမှုပေးရေး မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်တယ်လို့တော့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ အခုလက်ရှိ အခြေအနေမှာတော့ နိုင်ငံတဝန်း ပြည်တွင်းကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ ပိုးရှိမရှိ အုပ်စုလိုက် လူအများအပြား တပြိုင်နက်တည်း စစ်ဆေးနေသလို နေ့စဉ်ဆိုသလို ပိုးတွေ့ရှိနှုန်း မြန်ဆန်မြင့်တက်လာနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာကုသမယ့် ဆေးရုံတွေ ထပ်တိုးထား

------------------------------

(Unicode)





SEE ALSO: မြန်မာ့ကိုဗစ်ကူးစက်မှု မြန်မြန်လျော့ကျရေး ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လို (ကျန်းမာရေးဝန်ကြီး)





SEE ALSO: ကိုဗစ်စမ်းသပ်မှုမှာ Antigen Test က ဘယ်လောက် အထောက်အကူပြုစေသလဲ


