ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအတွက် ကြုံနေရတဲ့စိန်ခေါ်မှု အများအပြားထဲမှာ မသန်စွမ်းသူများ အခွင့်ရေးဆိုင်ရာမှာ အကဲစမ်းမှုတွေလည်း ပါဝင်နေတာ ဖြစ်ပြီး မြန်မာခေါင်းဆောင်ပိုင်းအနေနဲ့ မသန်စွမ်းသူများ အခွင့်ရေးအတွက် ကြိုးပမ်းရာမှာ သန္နိဋ္ဌာန် ခိုင်မာမှုရှိတယ်လို့ ကုလသမဂ္ဂ ဂျနီဗာရုံးချုပ်ရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
မသန်စွမ်းသူများ အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ မြန်မာအထူးကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို ကျေနပ် အားရပေမယ့် တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီး မသန်စွမ်းသူတွေ ရဲ့ အခွင့်ရေးနဲ့ ပတ်သက်ရင်တော့ စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂ ဂျနီဗာရုံးချုပ်မှာ ၃ ရက်ကြာပြုလုပ်တဲ့ မသန်စွမ်းသူများ အခွင့်ရေးအတွက် မြန်မာနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို တင်ပြဆွေးနွေးချိန်မှာ အခုလို ပြောကြားခဲ့တာပါ။
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ မသန်စွမ်းသူများ အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ စာချုပ်အဖွဲ့ဝင် နိုင်ငံတနိုင်ငံအနေနဲ့ စာချုပ်ပါ အချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုလိုက်နာ ဆောင်ရွက်နေတယ်ဆိုတာကို ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်ရေးဆိုင်ရာ ၂၂ ကြိမ်မြောက် အစည်းဝေးမှာ ဂျနီဗာဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ မြန်မာနိုင်ငံ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း ဦးဆောင်တဲ့ ၁၄ ဦးပါ မြန်မာ ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မသန်စွမ်းသူများ အခွင့်ရေး စာချုပ်ကို အကောင်ထည်ဖေါ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားတဲ့ နေရာမှာ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ - ၄ ကြိမ်မြောက် ဒေသန္တရဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ မသန်စွမ်းသူများအခွင့်ရေး ဥက္ကဌဖြစ်တဲ့ ဒုသမ္မတ ဦးဟင်နရီ ဗန်သီးယူ ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တင်ပြခဲ့ပါတယ်။
“မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ နေ့စဉ်ဘဝမှာ အခက်အခဲတွေနဲ့ ဒုက္ခတွေ ရင်ဆိုင်နေရပါတယ်။ သူတို့ အခုလို မသန်စွမ်းဖြစ်လို့ အခက်အခဲ ဒုက္ခတွေ ကြုံတွေ့ရတာထက် ပတ်ဝန်းကျင်ရဲ့ အပြုအမူ၊ ဆက်ဆံမှုတွေနဲ့ တခြားအကြောင်းအရာတွေကြောင့် ဖြစ်ကြတယ်လို့ ဒုတိယ သမ္မတက ပြောကြားခဲ့ တာကို ကိုးကား ဖော်ပြလိုပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံ့ရဲ့ခေါင်းဆောင်ပိုင်းဟာ မသန်စွမ်းသူများ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ နိုင်ငံ့ခေါင်းဆောင်ပိုင်းရဲ့ သန္နိဋ္ဌာန် ခိုင်မာမှုကို ပြသရာရောက်ပါတယ်။ မသန်စွမ်းသူများအတွက် လူမှုရေးနဲ့ စိတ်ဓာတ်ရေးရာအရ ရင်ဆိုင်နေရတဲ့ အဟန့်အတားတွေ ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ ၂၀၁၈ - ၂၀၁၉ ခုနှစ်က လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ လူမှုဖူလုံရေးဌာနက မြန်မာနိုင်ငံ အနာကြီးရောဂါရှင်များ ဆိုင်ရာမစ်ရှင်အဖွဲ့နဲ့ လက်တွဲပြီး မသန်စွမ်းသူဦးရေ စာရင်းကို ကောက်ယူခဲ့ရာမှာ အဲဒီအချိန်က လူဦးရေ ၅၈.၃၇ သန်း ရှိတဲ့ မြန်မာနိုင်ငံမှာ မသန်စွမ်းသူက ၂.၃၂ % ရှိနေတာ တွေ့ခဲ့ရတယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အခု ကုလသမဂ္ဂမှာ ကျင်းပတဲ့ တင်ပြဆွေးနွေးပွဲမှာ လူကယ်ပြန် ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က လက်ရှိ အရေးယူဆောက်ရွက်ချက် တွေထဲက ထူးခြားချက်အနေနဲ့ ရွေးကောက်ပွဲ မဲပေးရာမှာနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုမှာ မသန်စွမ်းသူများ ပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်နေကြောင်း တင်ပြခဲ့တာပါ။
ဒါ့အပြင် ၂၀၁၆ - ၁၇ ဘဏ္ဍာရေး အသုံးစားရိတ်မှာ မသန်စွမ်းသူများအတွက် သုံးစွဲမှုဟာ ဝ.၁၉ % သာရှိပေမယ့် အခု ၂၀၁၈ - ၁၉ ဘတ်ဂျက်မှာတော့ ဝ.၄၅ % အထိ ရှိလာတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဖွံ့ဖြိုးမှုသိပ်မရှိသေးတဲ့ မြန်မာနိုင်ငံ အတွက် မသန်စွမ်းသူများ အခွင့်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေမှာ အကဲစမ်းမှုတွေ အများအပြား ရှိနေတယ်လို့ ပြောပါတယ်။ ဒီအကဲစမ်းမှုတွေ ထဲမှာ ပညာရေး၊ ကျန်းမာရေး၊ အားကစား တွေမှာ မသန်စွမ်းသူတွေ အတွက် ထောက်ပံ့ကြေး ပေးဖို့ အခက်အခဲတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ငွေကြေးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေါက်တာထွန်းဇော်က ပြောပါတယ်။
“အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ကြားက မြန်မာနိုင်ငံဟာ မသန်စွမ်းသူများ အခွင့်အရေး သဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာမှာ သိသာတဲ့တိုးတက်မှုတွေ ရရှိပေမယ့်အကဲစမ်းမှုတွေကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အခက်အခဲတွေကို ဖော်ဆောင်ရာမှာ နောက်ထပ် လုပ်ဆောင်စရာတွေ ရှိသေးတယ်ဆိုတာကို သဘောပေါက်ပါတယ်။ အကဲစမ်းမှုတွေကလည်း ဆက်ရှိနေပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ အနေနဲ့ မသန်စွမ်းသူများ သွားလာရေး လွယ်ကူစေဖို့ ဆောင်ရွက်ရာမှာနဲ့ sign language သင်တန်းကျောင်းတွေ၊ အလုပ်လုပ်ကိုင်တဲ့ အခွင့်အရေးမျိုးတွေ ဖန်တီးပေးနိုင်ဖို့ ငွေကြေး အထောက်အကူတွေ လိုအပ်ပါတယ်။”
မသန်စွမ်းသူများ အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်တဲ့ J. Ishikawa ကတော့ မသန်စွမ်းသူများ အခွင့်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို ကျေနပ်အားရကြောင်း ပြောပါတယ်။ ဒါပေမယ့် တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီး မသန်စွမ်း သူတွေ ရဲ့ အခွင့်ရေးနဲ့ ပတ်သက်ရင်တော့ စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိတယ်ဆိုပေမယ့်လည်း စိုးရိမ်စရာကောင်းတာတွေကို ထောက်ပြလိုတာက - တိုင်းရင်းသားအမျိုးသမီးတွေ အပေါ် ကျယ်ကျယ်ပြန့်ပြန့် ခွဲခြားဆက်ဆံမှုပဲ ဖြစ်ပါတယ်။ ဒီစိုးရိမ်ဖွယ်ရာ အချက်ကို CEDAW နဲ့ CSC လိုမျိုး အဖွဲ့အစည်းကြီးတွေကလည်း ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၉ မတ်လက စီဒေါ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကျနော်တို့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုက အထူးသဖြင့် မသန်စွမ်းတဲ့ တိုင်းရင်းသား အမျိုးသမီးတွေနဲ့ ပတ်သက်ပါတယ်။ တခြားစိုးရိမ်မကင်းဖြစ်မှုတွေအနက် ဒါက အဓိက ကျပါတယ်။ ဒီကိစ္စကို မကိုင်တွယ်ဘဲနဲ့ မသန်စွမ်းသူများဆိုင်ရာ မူဝါဒတွေ၊ ကိစ္စရပ်တွေကို ကိုင်တွယ် ဖြေရှင်းမယ်ဆိုရင် အချည်းနှီးပဲ ဖြစ်ပါလိမ့်မယ်။”
မြန်မာနိုင်ငံဟာ အခုအခါ မသန်စွမ်းသူများရပိုင်ခွင့်ဆိုင်ရာ ဥပဒေအတွက် မူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ ဒီဥပဒေထဲမှာ ပြည်နယ် တိုင်းအဆင့်နဲ့ နိုင်ငံတော်အဆင့် ကောင်မတီတွေ အသီးသီး ဖွဲ့စည်းဆောင်ရွက်ဖို့နဲ့ မသန်စွမ်းသူများအတွက် စင်တာတခုဖွင့်လှစ်ဖို့ပါ ပါဝင်ကြောင်း မြန်မာကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5