ရေဘေးသင့်ပြည်သူတွေကို ဒရုန်းအသုံးပြု ကူညီပေး​​​​​​​

ကယားပြည်နယ် (သို့) ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက တိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ရေဘေးဒဏ်သင့် ဘုရားဖြူရွာမှာ ဆန်အိတ်တွေကို ထမ်းသယ်နေတဲ့ လယ်သမားများ (စက်တင်ဘာ ၁၆၊ ၂၀၂၄)

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတချို့ အထူးသဖြင့် ကရင်နီဒေသမှာ အဝေးထိန်းဒရုန်းတွေသုံးပြီး ရေဘေးသင့်ပြည်သူတွေအတွက် ဆေးဝါးနဲ့အရေးပေါ် အစားအစာတွေ ထောက်ပံ့ပေးနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

အလှူရှင်တွေ အလှမ်းဝေးနေတဲ့ ရေဘေးသင့်ဒေသတွေမှာ အရေးပေါ်လိုအပ်တဲ့ ဆေးဝါးနဲ့စားနပ်ရိက္ခာတွေကို တော်လှန်ရေးအင်အားစုတွေက အဝေးထိန်း ဒရုန်းတွေသုံးပြီး ပို့ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ သယ်ယူနိုင်တဲ့အလေးချိန်က အကန့်အသတ်ရှိလို့ အရေးပေါ်လိုအပ်တဲ့ ပစ္စည်းတွေကို ဦးစားပေး ပို့ပေးနေရကြောင်း ကရင်နီပြည် ကြားကာလ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ရဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

"အဓိက ကျနော်တို့ ဒရုန်းတွေဘာတွေနဲ့ပို့ဆောင်တာက လက်ရှိ အခြေအနေတခုအရ ပို့ဆောင်တာပေါ့နော်၊ ဒါပေမဲ့ ပစ္စည်းအလေးကြီးတွေ တော့ သယ်လို့မရလို့ အဓိက စားနပ်ရိက္ခာတချို့ အပေါ့အပါးလေးတွေပဲ သယ်ယူပို့ဆောင်ပေးတယ်။ ဒါကတော့ ရေရှည်သွားလို့ မရဘူးပေါ့နော်၊ ဒါပေမဲ့ လောလောဆယ် ရေကတော့ အကျပိုင်းတော့ ရောက်နေတယ်ပေါ့နော်။ ရေကျလာရင် ကျနော်တို့ စက်လှေနဲ့ ပို့ဆောင်ဖို့တော့ ရှိတယ်ဗျ။"

ဖယ်ခုံ၊ ဒီမော့ဆို၊ ရှားတော၊ ဖရူဆို၊ မိုးဗြဲ ဒီငါးမြို့နယ်မှာ လူဦးရေက ၂၈,၇၀၀ ကျော်လောက် မုန်တိုင်းဒဏ်ခံခဲ့ရပြီး နေရာထိုင်ခင်းနဲ့ အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ကရင်နီပြည်နယ်အပါအဝင် ဒေသခံတွေ နယ်မြေစိုးမိုးထားတဲ့ နေရာတွေကို သွားရောက်လှူဒါန်းဖို့ လက်လှမ်းမမီတာ၊ အလှူရှင်တွေအနေနဲ့ စစ်ကောင်စီကို စိုးရိမ်နေရတာကြောင့် အကူအညီရရှိဖို့ အခက်အခဲတွေရှိနေပါတယ်။ အလှူခံပေးသူတချို့ရဲ့ ငွေလွှဲအကောင့်တချို့လည်း အပိတ်ခံရကြောင်း သူကပြောပါတယ်။

"လက်ရှိ ကျနော်တို့ပြည်နယ်က စစ်ဘေးရော၊ ရေဘေးရော အလူးအလဲခံနေရတဲ့ ပြည်နယ်တခုဖြစ်သလို စစ်ဘေးကလည်း စကစဘက်က ကုန်သွယ်ရေးလမ်းကြောင်း တော်တော်များများကို သူက ဖြတ်တောက် ထားတာပေါ့နော်။ ကုန်စည်စီးဆင်းမှု မရှိသလို စားနပ်ရိက္ခာက တော်တော်လေး ခက်ခဲတဲ့အနေအထား ရှိတာပေါ့နော်။ အလှူရှင်နည်းပါးမှုကတော့ ရှိတာပေါ့နော်။"

စစ်ကိုင်း၊ ကချင်၊ မကွေး၊ ချင်း စတဲ့နေရာတွေမှာလည်း တချို့လက်လှမ်းမမီတဲ့ နေရာတွေမှာ အရေးပေါ်လိုအပ်တဲ့ ဆေးဝါးနဲ့ စားသောက်ကုန် တချို့ကို တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်းနဲ့ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

အိမ်နီးချင်း ထိုင်းအစိုးရကတော့ ရေဘေးသင့်ဒေသက သူတို့ပြည်သူတွေကို ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။ အိမ်ထောင်စုတခုကို အများဆုံးပမာဏ ဘတ်နှစ်သိန်းကျော်အထိ ပေးသွားဖို့ စီစဉ်ထားတာပါ။

မုန်တိုင်းဒဏ်ခံရတဲ့ အခြေအနေခြင်းတူပေမဲ့ မြန်မာပြည်တွင်းမှာ အင်တာနက် ဖြတ်တောက်ထားတာ၊ ကြိုတင်သတင်းမရတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် သေဆုံးသူတိုးနေတုန်းဖြစ်ပြီး အယောက် ၅၀၀ လောက် သေဆုံးခဲ့တယ်လို့ သတင်းတချို့က ဖော်ပြပါတယ်။ စစ်ကောင်စီကတော့ မြို့နယ် ၉ ခုမှာ လူဦးရေ ၂၂၆ ဦးသေဆုံးပြီး ၇၇ ယောက် ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ကတော့ မြန်မာနိုင်ငံမှာ မုန်တိုင်းသင့်ပြည်သူ ၆၃၁,၀၀၀ လောက်ရှိမယ်လို့ နောက်ဆုံး ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ရေဘေးသင့်ပြည်သူတွေကို ဒရုန်းအသုံးပြု ကူညီပေး