စစ်ဘက်တရားစွဲဆိုမှုများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ဟု လှုပ်ရှားသူများ ဝေဖန်

အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ တိုင်းရင်းဒေသတွေမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်နေသူတွေကို စစ်တပ်ဘက်က မတရားဥပဒေပုဒ်မ မျိုးစုံနဲ့ တရားစွဲဆိုထောင်ချဖို့ ကြိုးပမ်းမှုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုဖြစ်တယ်လို့ တရားစွဲခံနေရတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

ကချင်အရေး လှုပ်ရှားသူတွေကို ရှေ့လမယ့်သီတင်းပတ်ထဲမှာပဲ စီရင်ချက်ချဖို့၊ တရားစွဲနိုင်ရေး ပုဒ်မတပ်ဖို့ ကြိုးပမ်းနေမှုတွေ စစ်တပ်က ဆောင်ရွက်ဖို့ ရှိနေချိန် အခုလို ပြောဆိုလိုက်တာပါ။ မဆုမွန်က ပြောပြပါမယ်။

ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ် KIA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ နှစ်ရှည်လများဖြစ်ပွားနေခဲ့ပြီး အခုချိန်ထိလည်း စစ်မီးမငြိမ်းနိုင်သေးတဲ့အနေအထားမှာ စစ်ဘေးဒုက္ခသည်တွေအရေး ကချင်စစ်မီးငြိမ်းနိုင်ရေး ကချင်စစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု စတာတွေကို နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေ သိနိုင်အောင် ငြိမ်းချမ်းစွာလှုပ်ရှားဆောင်ရွက်နေသူတချို့ အခုလတ်တလောမှာကို တရားစွဲဆိုခံရ အမှုရင်ဆိုင်နေရတဲ့အနေအထားဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခွင့်ရချိန် ကချင်ပြည်နယ်တွင်းက ခရစ်ယာန်ဘာသာဝင်တွေနဲ့ ကချင်လူထု ကြုံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေ တင်ပြခဲ့တဲ့ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို တပ်မတော်ကနေ ဥပဒေအရ တရားစွဲဆိုအရေးယူနိုင်ဖို့ ကြိုးစားနေတာပါ။

ကချင်ပြည်နယ် မြစ်ကြီးနား တရားရုံးမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီးသန်းထိုက်ကနေ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၀၀နဲ့ ဦးတိုက်လျောက်ထားတဲ့အပေါ် လာမယ့် စက်တင်ဘာလ ၉ရက်နေ့မှာတော့ ဘယ်လိုဥပဒေပုဒ်မမျိုးနဲ့ စွဲဆိုမယ်ဆိုတာကို တရားဝင်အကြောင်းကြားဖို့ရှိသလို တရားဥပဒေလမ်းကြောင်းအရ ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားတယ်လို့လည်း ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ ၉ ရက်နေ့မှာ ဘာဥပဒေနဲ့ စွဲမယ်ဆိုတာကို ကျနော်တို့ သိရမယ် အဲဒီ တရားရုံးကျမှ ပုဒ်မကို ကျနော်တို့ သိမယ်ဆိုတေ့ အဲဒီ စွဲတဲ့ ပုဒ်မအပေါ်မှာ ကျနော်တို့က ဖြေရှင်းသွားဖို့တော့ ရှိတာပေါ့။”

အခုလိုမျိုး တပ်မတော်ဘက်က တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်ချက်အပေါ်မှာ ဒေါက်တာ ခလမ်ဆမ်ဆွန်က အခုလိုသုံးသပ်ပါတယ်။

“ကျနော်ကတော့ ကျနော်တို့ မြန်မာပြည် လွတ်လပ်ပြီးတရားမျှတတဲ့ နိုင်ငံဖြစ်စေချင်တာပေါ့။ လူတိုင်း ဘာသာတရားတိုင်း လည်းလွတ်လွတ်လပ်လပ် ကိုးကွယ်ပြီးမှ သွားစေချင်တာပေါ့။ ဆိုတော့ ကျနော့်အနေနဲ့က ဒီကိစ္စကို ကျနော့်ဘက်ကလည်း ပြောဖို့ အချက်အလက်တွေ ရှိလို့ ပြောခြင်းဖြစ်တယ်။ ကျနော်က နစ်နာစေချင်တဲ့ ဆန့်ကျင်တဲ့သဘောနဲ့ ပြောတာမဟုတ်ပဲနဲ့ အပြုသဘောပုံစံမျိုးနဲ့ ပြောတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တာဝန်ခံပါတယ် တာဝန်ယူရဲပါတယ်။”

လာမယ့် စက်တင်ဘာလ ၂ရက်နေ့မှာတော့ ကချင်စစ်ရှစ်နှစ်ပြည့်ချိန် ပြည်တွင်းစစ်ရပ်ဖို့နဲ့ စစ်ရှောင်ပြည်သူတွေအရေး ငြိမ်းချမ်းစွာ သရုပ်ဖော်တင်ဆက်ခဲ့တဲ့အတွက် ပုဒ်မ ၁၉နဲ့ မြစ်ကြီးနားရဲစခန်းက တရားစွဲဆိုခံထားရတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ မဆိုင်းနုပန်နဲ့ ကိုပေါလုတို့နှစ်ဦးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးကနေ အပြီးသတ်စီရင်ချက်ချဖို့ရှိနေပါတယ်။

ဒီအပေါ်မှာတော့ ပြည်တွင်းစစ်မီးငြိမ်းရေးနဲ့ ဒုက္ခသည်တွေအရေး ငြိမ်းချမ်းစွာဆောင်ရွက်နေသူတွေကို အခုလိုဥပဒေပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုနေတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရည်ရွယ်ချက်ရှိရှိ တမင်ပျက်ပြားအောင် လုပ်ဆောင်မှုအဖြစ် တရားစွဲခံထားရသူ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ မဆိုင်းနုပန်က ရှု့မြင်ပါတယ်။

“အခုအစိုးရဘက်ကနေ ငြိမ်းချမ်းရေးဆိုပြီးမှ ပြောနေတယ်ပေါ့နော်။ ကျမတို့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုတောင်မှ တရားစွဲဆိုဖို့စဉ်းစားနေတဲ့အပိုင်းတွေရှိတယ်ဆိုတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့အခါမှာ ဒီလိုမျိုး မငြိမ်းမချမ်းအောင် လုပ်နေတယ်လို့ မြင်တယ် ဒီအပေါ်မှာ ။ ကျမတို့အဓိကတော့ ကိုယ်တိုင်ကလည်း ကိုယ့်ခံယူချက်နဲ့ လုပ်ဆောင်နေတဲ့အပိုင်းရှိတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျမတို့ဘက်ကနေ ခံမယ်ပေါ့နော်။ သက်ဆိုင်ရာအာဏာပိုင်ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ လေးလေးနက်နက်စဉ်းစားပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ကျမတို့ သုံးသပ်မိပါတယ်။”

ဒါ့အပြင် စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်နွယ်မှုတွေနဲ့ မသင်္ကာလို့ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေနဲ့ တရားမဝင်အသင်းနဲ့ဆက်သွယ်မှုတွေနဲ့ ဖမ်းဆီးထောင်ချနေသလို ကျောင်းသားလူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီပုဒ်မ ၁၈။၁၉၊ ပုဒ်မ ၆၆ စတဲ့ပုဒ်မအသီးသီးနဲ့ တရားစွဲဆိုခံရမှုတွေ ရှိနေပြီး အရပ်သားအစိုးရလက်ထက် အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတဲ့အနေအထားဖြစ်နေဆဲမို့ မြန်မာနိုင်ငံ အပေါ် ကုလနဲ့ နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုနေကြချိန်လည်းဖြစ်ပါတယ်။

Your browser doesn’t support HTML5

စစ်ဘက်တရားစွဲဆိုမှုများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ဟု လှုပ်ရှားသူများ ဝေဖန်