CRPH အဖွဲ့နဲ့ အရင် ၁၉၉၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဘာတွေကွာခြားလဲ

မှတ်တမ်းဓါတ်ပုံ -၂၀၀၉ သြဂုတ်လ ၁၃ ရက်နေ့တုန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘိုလှတင့် အင်ဒိုနီးရှား ဂျာကာတာတွင် သတင်းစာရှင်းလင်းပွဲလုပ်

(Zawgyi/Unicode)

ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်နဲ့ဖွဲ့စည်း ခဲ့တဲ့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေနဲ့ နိုင်ငံတကာနဲ့ဆက်ဆံဆောင်ရွက်နေတဲ့ အခင်းအကျင်းနဲ့ ၁၉၉၀ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရင်ဆိုင်ခဲ့ရတဲ့အခြေအနေ ဘယ်လို ကွာခြားချက်တွေရှိနေလဲ။

ပြည်ပအခြေစိုက် ၁၉၉၀ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရ မိုးကုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘိုလှတင့်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ပြည်ထောင်စုလွှွတ်တော် ခေါ်ယူမယ့်နေ့မှာ စစ်အာဏာသိမ်းလိုက်ပါတယ်။ အဲဒီအတွက် လွှတ်တော် ကိုယ်စားလှယ်တွေကနေ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကိုဖွဲ့စည်းပြီး ယာယီဝန်ကြီးတွေ၊ ယာယီဒုသမ္မတ ခန့်အပ်ပြီး ဆောင်ရွက်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်က စစ်ကော်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက CRPH ဆိုတာက အရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်တွေက CRPH လိုမျိုး ဖွဲ့စည်းခဲ့တယ်ပေါ့။ ဒါပေမဲ့လည်း တကယ်တမ်းကြတော့ စစ်အစိုးရကပဲ အာဏာကို ရခဲ့တယ်ဆိုပြီး နှိုင်းယှဉ်ပြီး ပြောသွားပါတယ်။ ဦးဘိုလှတင့်တို့ တကယ်တမ်း ၁၉၉၀ ရွေးကောက်ပွဲ တုန်းက လွှတ်တော်ကိုယ်စားလှယ်တွေ လှုပ်ရှားခဲ့တဲ့ အခြေအနေနဲ့ အခု CRPH ကလုပ်ကိုင်နေတဲ့ အခြေအနေကို နှိုင်းယှဉ်ပြောပြလို့ ရမလား။

ဦးဘိုလှတင့်။ ။ အခြေအနေတွေပြောရမယ်ဆိုရင် အလွန်အင်မတန်ကွာခြားတယ်လို့ ပြောရမှာပါ။ ၁၉၉၀ ပြည့်နှစ် ပတ်ဝန်းကျင်မှာတုန်းက စစ်အာဏာရှင်တွေက အသာစီးရတဲ့ အနေအထားဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို အမြဲတမ်း ဖမ်းဆီးထိန်းသိမ်းထားတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာကော၊ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာရော ဆက်တိုက် ဖမ်းဆီးထိန်းသိမ်းထားသလို အမြဲတမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ထိန်းချုပ်ထားခဲ့တဲ့အတွက် ကျနော်တို့ အားလုံးသိခဲ့ကြတဲ့ ဂန္ဒီ ညီလာခံတောင်မှ သူတို့ ခွင့်ပြုသလောက်ပဲ လုပ်ခဲ့ရတဲ့ အနေအထား၊ ချုပ်ပြီးပြောရင် သူတို့ စစ်အာဏာရှင်တွေက အသာစီးရခဲ့တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အနေအထားမှာတော့ တကယ့် ရဲရင့်ပြတ်သားတဲ့ သူရဲကောင်းစိတ်ဓါတ်အပြည့်အဝရှိကြတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ ပြည်သူ့ဝန်ထမ်းအားလုံး ပါဝင်တဲ့ CDM လှုပ်ရှားမှုကြီးနဲ့ တကွ ရဲရဲတောက်စိတ်ဓါတ်နဲ့ ဦးဆောင်မှုပေးနေတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အားလုံးက ပြတ်ပြတ်သားသားရှိတယ်။ နိုင်ငံကတာကို ထိထိရောက်ရောက် တင်ပြနိုင်စွမ်းရှိတယ်။ ကမ္ဘာကလည်း ဒါကို သိနေတဲ့အနေအထား၊ ကိုယ့်ဘက်က အသာစီးရနေတဲ့ အနေအထားမှာရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အရင်အခြေအနေနဲ့ အလွန်ကွာပါတယ်။ ကျနော်တို့ တုန်းကဆိုရင် ပြည်သူလူထုနဲ့ မျိုးဆက်သစ်တွေ၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ အမြဲတမ်း စိတ်ဓါတ်ရှိနေပေမဲ့၊ ဒီကနေ့ခေတ်မှာလို ပြည်တွင်းလှုပ်ရှားမှု အနေအထားမှာရော၊ နိုင်ငံတကာက သိရှိပြီးတော့ ထောက်ခံအားပေးတဲ့နေရာမှာရော အင်မတန် ကွာဟပါတယ်။ ထူးခြားချက်တခုကလည်း ဦးကျော်မိုးထွန်းလို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အနေနဲ့ အမြင့်ဆုံး သံအရာရှိတယောက်က ပြည်သူလူထုဘက်က ရဲရဲဝင့်ဝင့် ရပ်ခဲ့တာမျိုးဟာ အရင်တုန်းကရော၊ နောက်သမိုင်းမှာပါ ရှိဖို့ အင်မတန်မှ ခဲယဉ်းတဲ့ ထူးခြားတဲ့ ဖြစ်စဉ်တခုလို့ ပြောရမှာပါ။

အင်ကြင်းနိုင်။။ အခုအခြေအနေက ၁၉၈၈ခုနှစ် စစ်အာဏာသိမ်းတုန်းက ကုလသမဂ္ဂမှာဖြစ်ခဲ့တဲ့ အခင်းအကျင်း အဲဒီတုန်းက ဦးဘိုလှတင့်တို့ ကိုယ်တိုင်လည်း ပြည်ပရောက် ညွန့်ပေါင်းအစိုးရအဖွဲ့အနေနဲ့ ရပ်တည်လှုပ်ရှားခဲ့ရတယ်။ အခု အာဏာသိမ်းတဲ့ အချိန်မှာ ပြည်တွင်းမှာ CRPH ကနေပြီး အမျိုးသားညွန့်ပေါင်းအစိုးရလိုမျိုးဖွဲ့ပြီးတော့ သူတို့လည်း လှုပ်ရှားဆောင်ရွက်မယ့် အနေအထားနဲ့ဦးဘိုလှတင့်တို့ လုပ်ဆောင်ခဲ့တဲ့ အခင်းအကျင်းနဲ့ ဘယ်လိုကွာခြားမှုတွေရှိလဲ။

ဦးဘိုလှတင့်။ ။ အရင်တုန်းက ကျနော်တို့ဆီမှာက စစ်အာဏာရှင်တွေရဲ့ အထီးကျန်ဝါဒ ကျင့်သုံးမှု ၊ တိုင်းပြည်ကို ပြည်ပကိုလည်း ထွက်ခွင့်မပေးဘူး ၊ ပြည်ပက နိုင်ငံသူ နိုင်ငံသားတွေ ကမ္ဘာသူ ကမ္ဘာသားတွေကိုလည်း တိုင်းပြည်ကို လွတ်လွတ်လပ်လပ် လာခွင့်မပေးတဲ့အခါမှာ ကျနော်တို့ တိုင်းပြည်ဟာ အထီးကျန်နိုင်ငံမျိုး ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာမှာ မြန်မာနိုင်ငံ မြန်မာပြည်ဟာ ဘယ်မှာလဲလို့ တော်တေ်ာလေး ကြိုးစားပြီးမှ သိတဲ့အနေအထားမျိုးရှိတယ်။ ဒီကနေ့မှာတော့ ဒီနည်းပညာရဲ့ ဖွံ့ဖြိုးတိုးတက်မှုအရရော မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိအနေအထားအရ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို လွန်ခဲ့တဲ့ ၅ နှစ်လောက်မှာ ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေ အားလုံးမှာရော လူငယ်တွေရဲ့ ကမ္ဘာ့နည်းပညာအားလုံးကို adopt လုပ်ပြီးတော့ပေါ့နော် မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် သတင်းမီဒီယာတွေကပါ တင်ပြနိုင်တာတွေရော ရှိနေတဲ့အတွက် ကမ္ဘာက ဒီကနေ့ မြန်မာနိုင်ငံမှာ ဘာဖြစ်သလဲဆိုတာလည်း သိတယ် ။ စစ်အာဏာရှင်တွေက ဘယ်လောက်အထိ ယုတ်ပြီးတော့ ကြမ်းတမ်းရက်စက်တယ်ဆိုတာကိုလည်း ကမ္ဘာက သိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ အခြေအနေ အရပ်ရပ်မှာတော့ အင်မတန်မှပဲ ကွာဟပါတယ်။ ဟိုတုန်းက ကျနော်တို့ နိုင်ငံတကာကို သွားတဲ့အခါမှာ မြန်မာနိုင်ငံကို သိအောင်လို့ တော်တေ်ာလေး ရှင်းမှ ရတဲ့အခြေအနေမှာ အခုအချိန်မှာဆိုရင်တော့ နိုင်ငံတကာက မီဒီယာတွေကနေတဆင့်ပဲဖြစ်ဖြစ် နေ့စဉ်တွေ့ကြုံနေရတဲ့ အခြေအနေတွေပေါ်မှာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အဖြစ်အပျက်တွေဟာ တကမ္ဘာလုံးကို ရိုက်ခတ်နေတာမျိုး ဖြစ်နေပါတယ်။

အင်ကြင်းနိုင်။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ရက် (၄၀) ကျော် အတွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်ဘက်က ပစ်ခတ်ဖြိုခွဲ နှိမ်နင်းတဲ့ အတွက်ကြောင့် ကလေးနဲ့အမျိူးသမီးတွေအပါအဝင် လူပေါင်း ၁၃၈ ဦးထက်မနည်းသေဆုံးခဲ့ပြီးပြီဆိုပြီးတော့ ကုလသမဂ္ဂဘက်က တနင်္လာနေ့က ထုတ်ပြန်ကြေညာပါတယ်။ အဲလိုအနေအထားမှာ မြန်မာနိုင်မှာ ကုလသမဂ္ဂ တပ်တွေ R2P ဝင်လာဖို့ဆိုပြီး ပြည်သူတွေက တောင်းဆိုထားပါတယ်။ ဒီလိုတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ် စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားတာကတော့ မြန်မာနိုင်ငံမှာ R2P ဝင်လောက်တဲ့အထိ အခြေအနေ မရှိဘူး ပေါ့နော်။ အဲဒီအတွက် သူတို့မြန်မာစစ်တပ်ဘက်ကလည်း R2P အတွက်လည်း ဘာမှ ပြင်ဆင်ထားတာမရှိဘူးဆိုပြီးတော့ R2P နဲ့ပတ်သက်တဲ့ မေးခွန်းကို တုံ့ပြန်ဖြေကြားသွားပါတယ်။ ဆိုတော့ R2P နဲ့ပတ်သက်လို့ဦးဘိုလှတင့် ရဲ့ အမြင် ဘယ်လို ရှိပါသလဲရှင့်။

ဦးဘိုလှတင့်။ ။ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး ပထဝီဝင်အနေအထားပေါ့နော်။ တရုတ်နိုင်ငံလို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လေးစားမှုမရှိတဲ့ အင်အားကြီးနိုင်ငံတနိုင်ငံရဲ့ အိမ်နီးနားချင်းဖြစ်နေတာ၊ တခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အိမ်တွင်းရေးကို ဝင်ရောက်မစွတ်ဖက်ရေးမူ non-interference policy လို့ဆိုပြီးတော့မှ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့လူမှုရေးကိစ္စတွေကိုသာ ပူးပေါင်းဆောင်ရွက်တဲ့ အာဆီယံနိုင်ငံတွေရဲ့ အသင်းဝင်ဖြစ်နေတာ၊ ဒီလိုအချက်တွေဟာ ကျနော်တို့နိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေးအားနည်းချက်တွေဖြစ်ပါတယ်။

နိုင်ငံတကာက ဝင်ရောက်စွတ်ဖက်ဖို့ဆိုတာက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ Strategic Interests လို့ခေါ်တဲ့ မဟာဗျူဟာမြောက် စိတ်ဝင်စားမှု အနေအထား မြင့်မြင့်မားမားရှိတဲ့ နေရာမျိူးလည်းဖြစ်ရမယ်။ နောက်ပြီးတော့ ဒီလိုဝင်တဲ့အခါမှာလည်းပဲ အဲဒီတိုင်းပြည်ရဲ့ အချိန်တို့၊ ကုန်ကျစားရိတ်တို့မြင့်မြင့်မားမားမရှိပဲနဲ့ ကူညီပေးလို့ရတဲ့ အနေအထားမျိူးမှာ ရှိတယ်ဆိုလို့ရှိရင်တော့ နိုင်ငံတကာမိသားစုဟာ မြန်မြန်ဆန်ဆန် ဝင်လေ့ရှိပါတယ်။ သို့သော် ကျနော်တို့ တိုင်းပြည်မှာကတော့ ခုနက တင်ပြတဲ့ အချက်တွေအရ နိုင်ငံတကာဘက်က ထောက်ခံအားပေးချင်တဲ့ ဒီတနိုင်ငံချင်းရဲ့ စိတ်ဓာတ်တွေ ထက်သန်ပေမယ့်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဲဒီ တရုတ်တို့၊ Russia တို့ရဲ့ ဗွီတိုပါဝါသုံးနိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်နေတဲ့ အချက်တချက်က အမြဲတမ်း အဟန့်အတားဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ တစ်အချက်ကတော့ ကုလသမဂ္ဂရဲ့ တရားဝင်ပေါ့နော်၊ ကျနော်တို့ authorized intervention လို့ခေါ်ပါတယ်။ ဒီ R2P လို့ပဲပြောပြော၊ Humanitarian Intervention လို့ပဲ ဆိုဆို၊ ကုလသမဂ္ဂကနေပြီးတော့ နိုင်ငံတနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ခံစားချက်တွေ သိပ်ပြီးတော့ ကြီးမားကျယ်ပြန့်လာတယ်ဆိုလို့ရှိရင် ဝင်ပြီးတော့မှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့အမြဲကြိုးစားလေ့ ရှိပါတယ်။ အဲလိုကြိုးစားတဲ့အခါမှာ နည်းလမ်းနှစ်လမ်းနဲ့အမြဲတမ်းကြိုးစားပါတယ်။ တလမ်းကတော့ Authorized Intervention ဆိုတဲ့ ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ၁၅ နိုင်ငံရှိတဲ့အနက် ၉ နိုင်ငံက ထောက်ခံတယ်။ အဲဒီ ၉နိုင်ငံထဲမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကလည်း ပါတယ်ဆိုရင်တော့ တရားဝင်ပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စမျိူးဖြစ်ပါတယ်။ ဒါပေမယ့် Unauthorized Intervention လို့ခေါ်တဲ့ ကိုဆိုဗိုမှာ နေတိုးက ဝင်ပြီးဆောင်ရွက်သွားတာမျိူး၊ အီရတ်မြောက်ပိုင်းမှာ အမေရိကန်နဲ့နေတိုးတို့က ဝင်ပြီးတော့ ဆောင်ရွက်သွားတာမျိူးတွေက unauthorized intervention တရားဝင် ကုလသမဂ္ဂရဲ့ ခွင့်ပြုချက်မရှိပဲနဲ့ဝင်ရောက်ဆောင်ရွက်တာမျိူး၊ လုံလောက်တဲ့ အကြောင်းပြချက်ကို ကိုယ့်ဟာကိုပြပြီးတော့ ဝင်ရောက်ဆောင်ရွက်တာတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တိုင်းပြည်မှာ ကုလသမဂ္ဂ R2P မရှိနိုင်ပေမယ့်လို့အခြား သောနည်းလမ်းနဲ့၊ ကျနော်တို့ကို ထောက်ခံအားပေးတဲ့ ဒီမိုကရေစီ နဲ့လူ့အခွင့်အရေးကို ထိပါးတာ၊ စော်ကားတာကို မခံနိုင်တဲ့ နိုင်ငံတကာ မိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ဝင်ရောက်ဆောင်ရွက်မှုက မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးဆိုတာမျိူးတော့ ကျနော်ပြောချင်ပါတယ်။

ပြည်ပအခြေစိုက် ၁၉၉၀ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရ မိုးကုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘိုလှတင့်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။

Your browser doesn’t support HTML5

CRPH အဖွဲ့နဲ့ အရင် ၁၉၉၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဘာတွေကွာခြားလဲ


.............


(Unicode)









