မတ်လ ၂၈ ပစ်ခတ်ခံရမှုကြောင့် ဆန္ဒပြသူ ၁၀ ဦးထက်မနည်း သေဆုံး

ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြနေမှု မြင်ကွင်း။ (မတ် ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတဝန်းမှာ မနေ့ကလောက် ကြီးကြီးမားမား မရှိခဲ့ပေမယ့်လည်း ဒီနေ့မှာလည်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်းတာတွေကြောင့် သေဆုံးမှုတချို့ ရှိခဲ့ပါတယ်။ မုံရွာမြို့မှာ ၂ ဦး သေဆုံးခဲ့တာ အပါအဝင် နိုင်ငံတဝန်းက အခြေအနေ အပြည့်အစုံကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

နိုင်ငံတဝန်းက မနေ့က ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွဲလို့ လူ ၁၀၀ ကျော် သေဆုံးပြီးတဲ့နောက် ဒီနေ့မှာလည်း ပြည်သူတွေက နိုင်ငံတဝန်းက မြို့တွေမှာ ဆက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ကမ်းပေါ်က မုံရွာမြို့မှာတော့ ဒီနေ့မှာလည်း ဆန္ဒပြတဲ့သူတွေ သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို ဒီနေ့မှာ ပစ်ခတ်နှိမ်နင်းတာတွေ မရှိခဲ့ပေမယ့် ရတနာပုံရပ်ကွက်အတွင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်နှိမ်နင်းတာကြောင့် သူနာပြုဆရာမတဦးနဲ့ အမျိုးသားတဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ မုံရွာမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က သူတို့ပြန်ဆုတ်သွားရတဲ့ ရတနာပုံရပ်ကွက်ကို နောက်ထပ်လာပြီးတော့ ပစ်တာတွေ ခတ်တာတွေ ကြမ်းတာတွေ ရမ်းတာတွေ လုပ်တဲ့အတွက် ရပ်ကွက်နေ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ ရပ်ကွက်နေ ပြည်သူတချို့ ကျည်မှန်တယ်ဗျ၊ ထိတယ်ပေါ့။ ထိတော့ First Aid အဖွဲ့ပေါ့ သူနာပြုအဖွဲ့က တယောက်ရယ်၊ ကူညီနေတဲ့ ကျောင်းသားတယောက်ရယ် နှစ်ယောက် ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ရတနာပုံရပ်ကွက် လမ်းပတ်ဝန်းကျင်မှာပဲ ၂ ယောက်စလုံး ကျည်ထိမှန်သေဆုံးမှု ဖြစ်တာပေါ့နော်။ ဒီနေ့ တနေကုန်နီးပါး အဲဒီရပ်ကွက်ကိုပဲ ဖိပြီး မဲပါတယ်။ တခြားသပိတ်ဘက်တွေရော တခြားလမ်းတချို့မှာ အစောင့်နည်းနည်းကလွဲလို့ ဘာမှမရှိပါဘူး။”

SEE ALSO: မြန်မာလူထုကို နိုင်ငံတကာ အကာအကွယ်ပေးဖို့ ကုလအရာရှိကြီး ၂ ဦး တိုက်တွန်း

ဒါ့အပြင် ကလေးမြို့မှာလည်း ဆန္ဒပြပွဲကို ပစ်ခတ်နှိမ်နင်းတာကြောင့် Women for Justice အဖွဲ့ခေါင်းဆောင် မအားခူ ရင်ဘတ်ကျည်ထိမှန် သေဆုံးသွားခဲ့သလို ချင်းလူငယ် ၁ ဦးလည်း ကျည်ထိမှန် သေဆုံးသွားပါတယ်။ ဒါ့အပြင် မြင်းခြံမြို့မှာလည်း စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် အသက် ၂၄ နှစ်အရွယ် မဇင်မာအောင် အပါအဝင် ၂ ယောက် သေနတ်ကျည်ထိမှန် သေဆုံးသွားခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း ဒီနေ့မှာ မြတောင်သပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်းတွေ အပါအဝင် ဆန္ဒပြတာ ဆက်ရှိနေခဲ့ပြီး မနေ့က သေဆုံးသွားတဲ့သူတွေရဲ့ နာရေးအခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။

မနေ့က သေဆုံးမှုတွေ အများအပြားရှိခဲ့တဲ့ ရန်ကုန်မှာတော့ ဒီနေ့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် တောင်ဒဂုံမြို့နယ်မှာ ၂ ယောက်၊ သာကေတမှာ ၁ ယောက်နဲ့ လှိုင်မြို့နယ်မှာ ၁ ယောက် သေဆုံးသွားခဲ့ပါတယ်။ လှိုင်မြို့နယ် သီရိမြိုင်ဘူတာရုံနားမှာတော့ လုံခြုံရေးတွေဘက်က လက်ပစ်ဗုံးနဲ့ ပစ်တာကြောင့် အမျိုးသား ၁ ဦး လက်တဖက်ပြတ်သွားခဲ့ပြီး နောက်တဦးလည်း ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒါ့အပြင် ကမာရွတ်ဘူတာနားမှာလည်း လုံခြုံရေးတွေဘက်က ပစ်ခတ်တာကြောင့် ၁ ဦးသေဆုံးသွားတယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်ကြားရသလောက် ကျနော် ပြန်ပြောပြပါမယ်။ ကျနော်လည်း မျက်မြင်တော့မဟုတ်ဘူးပေါ့နော။ အဲဒီ အပစ်ခံရတဲ့အစ်ကိုက သူ့ခြံထဲမှာ သူရပ်နေတုန်း ရထားသံလမ်းဘက်ကနေ လှမ်းပြီး ပစ်သွားတာပေါ့။ ရထားသံလမ်းနဲ့ သူ့ခြံနဲ့ဆို ဗဟိုလမ်း ကားလမ်းတလမ်းပဲ ခြားတာပေါ့။ အပစ်ခံရတော့ ပထမ သူ လည်ပင်းကို ထိတယ်လို့ ကြားပါတယ်။ ပြီးတော့ သူလဲသွားတယ်။ လဲသွားတော့ ဟိုဘက်က ထပ်ပစ်တယ်။ ထပ်ပစ်တော့ ကျောကုန်းကို ထိသွားတယ်။ ကျောကုန်းကို ထိသွားပြီးတော့ အဲဒီအချိန်မှာတော့ သူ မသေသေးဘူးပေ့ါ။ ဘေးနားက လူတွေက သူ့ကို ဝိုင်းပြုစုပြီး ဆေးရုံပို့လိုက်ပြီး ဆေးရုံမှာ ဆုံးသွားတယ်လို့ပဲ ကျနော်ကြားပါတယ်။ သူအပစ်ခံရပြီး ခနကြာတော့ ရဲတွေရောက်လာပြီး သူ့ကို ဘယ်သူ ဆေးကုပေးသလဲပေါ့။ ဘယ်ဆေးရုံခေါ်သွားသလဲ ဘာညာ ဆိုပြီးတော့ ရပ်ကွက်ထဲက လူတွေကို လိုက်ပြီးတော့ မေးမြန်းတယ်လို့ ကျေနာ်ကြားပါတယ်။”

ဒါ့အပြင် စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာရှိတဲ့ အာရှတော်ဝင် ဆေးရုံံအတွင်းကိုလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ဒီနေ့အစောပိုင်းက ဝင်ရောက်ပစ်ခတ်မှုတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ ဗွီအိုအေအနေနဲ့ အာရှတော်ဝင်ဆေးရုံကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါ့အပြင် တောင်ကြီးမြို့က ချယ်ရီကွင်းအနီးက လူထုသပိတ်ကို လုံခြုံရေးတွေဘက်က ဒီနေ့ ညနေပိုင်းက အကြမ်းဖက် ဖြိုခွဲတာတွေကြောင့် သေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်းရှိပြီး ဒဏ်ရာတွေ ပြင်းထန်တာကြောင့် အခြေအနေ စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ သီပေါ၊ မိုးကုတ်၊ ပဲခူး၊ မော်လိုက်၊ ရေဦး၊ ကျွန်းလှ အပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့ လုပ်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုချိန်ထိ နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်နင်းတာကြောင့် လူ ၄၂၀ ထက်မနည်း သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မတ်လ ၂၈ ပစ်ခတ်ခံရမှုကြောင့် ဆန္ဒပြသူ ၁၀ ဦးထက်မနည်း သေဆုံး

------------------------

(Unicode)

မတျလ ၂၈ ပဈခတျခံရမှုကွောင့ျ ဆန်ဒပွသူ ၁၀ ဦးထကျမနညျး သဆေုံး






SEE ALSO: မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှု နိုင်ငံတကာ ကာကွယ်ရေးဦးစီးချုပ်တွေရှုတ်ချ





