အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ် အရေးယူဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

(Zawgyi/Unicode)

စစ်အာဏာသိမ်းကောင်စီရဲ့ မြန်မာနိုင်ငံတွင်း လတ်တလော လုပ်ရပ်တွေက လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်မှုဖြစ်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေအပေါ် ပြင်းထန် ထိရောက်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်သင့်ပြီလို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြတဲ့ အကြောင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးမှာပါ။

ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ သောကြာနေ့က ကျင်းပသွားတဲ့ အထူးအစည်းအဝေးမှာ အမေရိကန် ဗြိတိန် ဂျပန်နဲ့ နိုင်ငံအတော်များများကတော့ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို အသိမှတ်ပြုဖို့နဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို နှိမ်နင်းနေတဲ့လုပ်ရပ်၊ အင်တာနက်ကို ကန့်သတ်ထိန်းချုပ်မှု စတာတွေဟာ မြန်မာစစ်ကောင်စီက ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်နေတဲ့လုပ်ရပ်တွေအဖြစ် ထောက်ပြသွားကြတာပါ။

ဒီမိုကရေစီရေးအတွက် လွတ်လပ်ပြီးငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို မြန်မာစစ်တပ်က လိုက်လံဖမ်းဆီး အကြမ်းဖက် ဖြိုခွဲနေတဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုကြီး ဖြစ်တာကြောင့် စစ်ကောင်စီဥက္ကဌနဲ့ အပေါင်းအပါတွေအပေါ် ထိရောက်တဲ့ နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အချိန်ရောက်ပြီလို့ လန်ဒန်အခြေစိုက် လူ့အခွင့်ရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

" မြန်မာစစ်တပ်အပေါ် အရင်လိုမဟုတ်ပဲ ပိုပြီးထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု နည်းလမ်းတွေကို ကျနော်တို့ ရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း စစ်တပ်နဲ့ အသိုင်းဝိုင်းဟာ စီးပွားရေးလုပ်ငန်းကြီးတွေ တည်ထောင်လာတာတွေ့ရမှာပါ။ Mytel လို ၊ မြန်မာဘီယာလို စတဲ့လုပ်ငန်းကြီးတွေ ဖြစ်ပါတယ်။ အဲဒီကရတဲ့ ငွေတွေနဲ့ သူတို့လိုချင်တာ ဖြစ်ချင်တာတွေကို လုပ်နေတာတွေ့နိုင်ပါတယ်။ မင်းအောင်လှိုင်နဲ့ သူ့မိသားစုဟာလည်း အရမ်းကို ချမ်းသာနေကြပါပြီ၊ ဒါတွေကို ကျနော်တို့ ပစ်မှတ်ထား ပိတ်ဆို့ဖို့ လိုပါတယ်။ နောက်ပြီး မြန်မာစစ်တပ်က အလိုချင်နေဆုံး အရာ(၃)ခုရှိပါတယ်။ အာဏာ ၊ ငွေနဲ့ လက်နက် ဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်တွေ သူတို့လက်ထဲ မရောက်အောင် ကျနော်တို့ လုပ်ရပါမယ်။ ဒါကြောင့်မို့ သူတို့ဆီ ငွေဝင်နိုင်မယ့် လမ်းကြောင်းကို ပိတ်ဆို့ရမှာဖြစ်ပြီး၊ လက်နက် ရရှိနိုင်မယ့် လမ်းကြောင်းကိုလည်း ပိတ်ဆို့ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ သူ့ကို အာဏာကနေ ဖယ်ရှားဖို့ လိုပါတယ်။ "

ဒီလို လုပ်ဆောင်နိုင်ဖို့ အမေရိကန်ပြည်ထောင်စု သာမက အခြားနိုင်ငံတွေကပါ မြန်မာစစ်တပ်နဲ့ အပေါင်းအပါတွေကို ဟိုအရင်နဲ့မတူပဲ ပြင်းထန်ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ နည်းလမ်းရှာနေကြတယ်လို့ Burma Campaign UK ကပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ အင်တာနက်ဆိုင်ဘာလုံခြုံရေး ဥပဒေကြမ်းတရပ် ပြဌာန်းဖို့ စစ်ကောင်စီက ကြိုးပမ်းလာတာဟာ မြန်မာပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေကို ထိန်းချုပ် ချိုးဖေါက်ဖို့ ဖြစ်တယ်လို့ HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း ဝေဖန်လိုက်ပါတယ်။ ဆိုင်ဘာဥပဒေကြမ်း ရေးဆွဲအတည်ပြုမယ့်ကိစ္စကို ပြန်ရုပ်သိမ်းဖို့ သူတို့အဖွဲ့က တောင်းဆိုကြောင်း HRW ပြောခွင့်ရအမျိုးသမီး Linda Lakhdhir က ပြောပါတယ်။

" ဒီဥပဒေကြမ်းဟာ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေဖြစ်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ခွင့် ပြောဆိုခွင့်တွေကို ထိန်းချုပ်မယ့် အချက်အလက်တွေ ပါဝင်နေတာကြောင့်ပါ။ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ကုမဏီ တွေကလည်း စစ်တပ်နဲ့ပတ်သက်လို့ ရေးသားချက်တွေကို ပိတ်ပင်ရမယ်ဆိုတာမျိုး ညွှန်ကြားချက် စတဲ့ မဆီလျှော်တဲ့ အချက်တွေ ထည့်သွင်းထားတာက မတရားတဲ့လုပ်ရပ်ဖြစ်နေလို့ပါ "

လက်ရှိ အချိန်ထိတော့ အမေရိကန်ပြည်ထောင်စု တခုထဲကသာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ လုပ်ငန်းတချို့ကို ပိတ်ဆို့ဒဏ်ခတ်မှု လုပ်လိုက်တာပါ။ လာမယ့် ကာလတွေအတွင်း ဘယ်နိုင်ငံတွေက ထပ်ပြီး မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု လုပ်လာမလဲဆိုတာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ် အရေးယူဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း


.............


(Unicode)







